ကျောင်းသားသပိတ်စစ်ကြောင်း မကွေးတိုင်းကို ဆက်လက်ချီတက်


အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြ ချီတက်နေကြတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းဟာ ဒီကနေ့ ရေနံချောင်းမြို့ကနေ မကွေးတိုင်းဘက်ကို ဆက်လက် စတင်ချီ တက်ဆန္ဒပြနေ ကြပါတယ်။

မကွေးမြို့အထိ ခရီးဝေးတဲ့ အတွက် လမ်းတနေရာမှာ ညအိပ်ရပ်နားမယ်လို့ သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။ “အခု ကျနော်တို့ ရေနံချောင်းကနေ မကွေးကို ထွက်နေတယ်။ ဒီနေ့ ခရီးစဉ်မိုင် အရှည်နှုန်းအရတော့ ကျနော်တို့က ကံဖျားမှာ နားရလိမ့်မယ်နဲ့တူတယ်။”

ပြီးခဲ့တဲ့ရက်က မကွေးတိုင်း ဂွေးပင်ရွာအနီး ထန်းခြောက်ပင်ရွာ ဘုန်းကြီးကျောင်းမှာ ရပ်နားနေချိန် ဒေသအာဏာပိုင်တွေ ဖိအားပေးတာကြောင့် ကားတွေနဲ့ ရေနံချောင်းမြို့ကို ထွက်ခွာခဲ့ပြီး ရေနံချောင်းမြို့က စပယ်ရုံဘုန်းကြီးကျောင်းမှာ စစ်ကြောင်းနားနေ ခဲ့ရပါတယ်။

အလားတူဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းဟာလည်း မနက်ဖြန်မှာ ပြန်ထွက်ဖို့ အစီစဉ်ရှိတယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအတွင်းရေးမှူး ကိုတေဇာက ပြောပါတယ်။

“ကျနော်တို့ ကျောင်းသားသပိတ်ဧရာဝတီစစ်ကြောင်းက ဖေဖော်ဝါရီ ၃ ရက်နေ့ကို ပြန်ထွက်ဖို့များနေတယ်။ လက်ရှိ ဆွေးနွေးခဲ့တဲ့ဆွေးနွေးပွဲ လာဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ၀န်ကြီးဦးအောင်မင်း ရော၊ ကျောင်းသားတွေရော ဆွေးနွေးပွဲမှာ သိပ်အဆင်ပြေပုံ မရဘူး။ သူတို့ဘက်က ရေရာတိကျတဲ့အဖြေလည်း မထွက်သေးဘူးလေ။”

ဧရာဝတီသပိတ်စစ်ကြောင်းဟာ ဇန်န၀ါရီလ ၃၀ ရက်နေ့က ပုသိမ်မြို့ကနေ စတင်ချီတက်ပြီး မြို့ပေါ်လှည့်လည် သပိတ်မှောက်ကြတာဖြစ်ပြီး ရန်ကုန်မှာသပိတ်မှောက် ကျာင်းသားခေါင်းဆောင်တွေ အစိုးရနဲ့ဆွေးနွေးနေစဉ် သပိတ်ခေတ္တရပ်ထား တား တာဖြစ်ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ကျောင်းသားသပိတ်ကတော့ မနက်ဖြန် တွေ့ဆုံဆွေးနွေးပွဲအပေါ်မှာ မူတည်ပြီး ဆက်လက် ချီတက်၊ မတက် ဆွေးနွေးဆုံးဖြတ်မယ်လို့ ထားဝယ် သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးက ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/79737
ကျောင်းသားသပိတ်စစ်ကြောင်း မကွေးတိုင်းကို ဆက်လက်ချီတက် ကျောင်းသားသပိတ်စစ်ကြောင်း မကွေးတိုင်းကို ဆက်လက်ချီတက် Reviewed by သစ်ထူးလွင် on 15:02 Rating: 5
Powered by Blogger.