သမ္မတရဲ့ လွှတ်တော်သို့ ပြန်ကြားချက် ၆ ပွင့်ဆိုင်ကို လက်ခံလိုက်တာလား – လင်းထိုက် (Y.I.T)


ထမင်းလက်ဆုံစားပွဲထက် သိပ်မပိုပါဘူးလို့ ဝေဖန်ခဲ့ကြတဲ့ ဆွေးနွေးပွဲကို ပင်လုံညီလာခံကို စံပြုပြီး ကျင်းပခဲ့တယ် ဆိုတာကတော့ နိုင်ငံရေး လေလုံး ထွားမှု သက်သက်သာဖြစ်ပြီး ဗိုလ်ချုပ်ဦးစီးကျင်းပတဲ့ ပင်လုံညီလာခံကြီးရဲ့ ဂုဏ်သရေကိုပါ လျော့ပါးစေခဲ့ …

သမ္မတ အကြံပြုချက်အရ တိုင်းရင်းသားတစ်ပွင့် ကိုယ်စားပြုမှုကို ပိုမိုကျယ်ပြန့်စေလိုပုံ ရသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုမှုကို မေးခွန်း ထုတ်လိုက်တဲ့သဘော …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၅-၁၁-၂၀၁၄ ရက်က ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ကြိမ်မြောက် ပုံမှန် အစည်းအဝေးရဲ့ ၃၃ ရက်မြောက်နေ့မှာ ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်း တင်သွင်း တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး ၂၀၁၅၊ ဇန်န၀ါရီ ၁၉ ရက်နေ့စွဲနဲ့ ““၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စု လွှတ်တော်၏ အရေးကြီးအဆိုအပေါ် နိုင်ငံတော် သမ္မတ ၏ ပြန်ကြားချက်နှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်ခြင်း””ဆိုတဲ့ သတင်းတစ် ပုဒ် နိုင်ငံပိုင် သတင်းစာတွေမှာ ပါရှိလာပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကက သမ္မတ သုံးသပ်ဆောင်ရွက်နိုင်ဖို့ ၂၆-၁၁-၂၀၁၄ ရက်စွဲနဲ့ သမ္မတထံ စာပေးပို့လာမှုအပေါ် တုံ့ပြန်ချက်ပဲဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ပြန်ကြားချက်မှာ ဦးစွာ ““ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ၍ နိုင်ငံသားအားလုံး အခွင့်အရေး ညီမျှစွာ ရရှိစေရေး တို့အတွက် တွေ့ဆုံဆွေးနွေးရေးမူကို အလေးထားကြောင်း၊ ထိုတွေ့ဆုံ ဆွေးနွေးခြင်းမှ တူညီသော သဘောထားများကို ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကွဲပြားသော သဘောဆန္ဒများကို ညှိနှိုင်း ဆွေးနွေးအဖြေရှာခြင်းတို့ဖြင့် နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ်အား အောင်မြင်စွာ ကျင့်သုံးလျက်ရှိပါ ကြောင်း၊ ယင်းဆောင်ရွက်ခဲ့မှုများကြောင့် ပေါ်ထွက်လာသည့် ရလဒ်ကောင်းများ အနက်မှ ယနေ့လွှတ်တော် များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များ ပါဝင်လာခြင်းကို ထင်ရှားစွာတွေ့မြင် နိုင်ပါသည်”” ဆိုပြီး ရှင်းလင်းထားပါတယ်။

ဒီရှင်းလင်းချက် စာပိုဒ်ကို သုံးသပ်ရရင် အကူးအပြောင်း ကာလဦးမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အကြိမ်ကြိမ် တံခါးပိတ်တွေ့ ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဖက်လုံးက သတင်းတော့ မထုတ်ပြန် ပါဘူး။ ဆွေးနွေးပွဲအပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာမျိုး၊ NLD ပါတီ ကိုယ်စားလှယ် ၄၃ ဦး လွှတ်တော်ထဲ ရောက်လာမျိုးစတဲ့ အကျိုး သက်ရောက်မှု တချို့တော့ ရှိခဲ့ပါတယ်။ သမ္မတရဲ့ အထက်ပါ ပြောကြားချက်ထဲမှာ တွေ့ ဆုံဆွေးနွေးရေးကို အလေးထားကြောင်း၊ နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ် ကို အောင်မြင်စွာ ကျင့်သုံးလျက်ရှိကြောင်း ပြောဆိုမှုကို ထောက်ရင် အာဏာပိုင်တွေဟာ အသွင်ကူးပြောင်းမှု အဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒိုင်ယာလော့ဂ်လုပ်ပြီး ဖြေလျှော့မှု တချို့ ချောမွေ့ စေခဲ့တယ်လို့ ယူဆ ခဲ့ပုံရပါတယ်။ နိုင်ငံရေး ယဉ်ကျေးမှုဆိုတဲ့ စကားရပ်ကို သုံးနှုန်းလိုက်မှုအပေါ် သုံးသပ်ရရင် အာဏာပိုင်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒိုင်ယာလော့ဂ် လုပ်ပြီးပြီလို့ ယူဆထားပုံရပါတယ်။

သမ္မတရဲ့ပြောကြားချက်ထဲမှာ ဆက်လက်ပြီး ““အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသား စည်းလုံး ညီညွတ်မှု တည်ဆောက်နိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း ကျင့်သုံးခဲ့သည့် ပင်လုံညီလာခံအား စံပြု၍ အစပျိုးမှုအနေဖြင့် ……… (၁၄)ဦးအား တွေ့ ဆုံဆွေးနွေးမှုကို စတင်ဆောင် ရွက်ခဲ့ပြီး မူဘောင်များ ချမှတ်၍ ဆက်လက်တိုးမြှင့် ဆွေးနွေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်””ဆိုပြီး ပါရှိလာပါတယ်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား မလာခင် ကျင်းပခဲ့ပြီး တစ်ဦးကို ၁၀ မိနစ်သာ စကားပြောခွင့်ရတဲ့ ၁၄ ဦး တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံရေး ရပ်ဝန်းကကော တွေ့ဆုံဆွေးနွေးခဲ့သူ တချို့ကပါ ထမင်းလက်ဆုံ စားပွဲထက် သိပ်မပိုပါဘူးလို့ ဝေဖန်ခဲ့ကြတဲ့ ဆွေးနွေးပွဲကို ဗိုလ်ချုပ် ကျင့်သုံးခဲ့တဲ့ ပင်လုံညီလာခံကို စံပြုပြီး ကျင်းပခဲ့တယ် ဆိုတာကတော့ နိုင်ငံရေး လေလုံး ထွားမှု သက်သက်သာဖြစ်ပြီး ဗိုလ်ချုပ် ဦးစီးကျင်းပတဲ့ ပင်လုံ ညီလာခံကြီးရဲ့ ဂုဏ်သရေကိုပါ လျော့ပါးစေခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတက အစပျိုးမှု အနေနဲ့ဆိုပြီး စကားနဲ့ပြန်ဖြေ ထားတာကိုတော့ ဂရုပြုရပါလိမ့်မယ်။

နောက် နိုင်ငံတော်သမ္မတရဲ့ ပြန်ကြားချက် အပိုဒ်ခွဲ ၃ မှာ-

၃။ ရည်ညွှန်းစာပါ နိုင်ငံတော်သမ္မတ ဦးဆောင်၍ ၆ ဦး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလာသည့် ရည်ရွယ် ချက်များအဖြစ် အောက်ပါအတိုင်း တွေ့ရှိရပါသည်။

(က) ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပေါ်လာရေး၊

(ခ) ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီး လမ်းခင်း ပေးနိုင်ရန်

ဆိုပြီး လွှတ်တော်ရဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေး တိုက်တွန်းတဲ့ ရည်ရွယ်ချက် ၂ ရပ်ကို ပြန်လည်ဖော်ပြ ထားပါတယ်။

လွှတ်တော်က တိုက်တွန်းတဲ့ ရည်ရွယ်ချက်တွေကို သမ္မတက အပိုဒ်ခွဲ ၄ မှာ ပြန်လည် ရှင်းလင်း ဖော်ပြ ထားပါတယ်။ သမ္မတရဲ့ အပိုဒ်ခွဲ(၄)ထဲက ရှင်းလင်းချက်ထဲမှာ ““မိမိတို့နိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)သည်လည်း ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့် ရာနှုန်းပြည့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေဟု မဆိုနိုင်ပါ””ဆိုပြီး စာတစ်ပိုဒ် ပါဝင်ပါတယ်။ သမ္မတ ဆိုလိုချက်အရ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။ ပြုပြင်စရာတွေ ရှိနေတယ်လို့ ၀န်ခံလိုက်တဲ့ သဘောလို့ ကောက်ယူနိုင်ပါတယ်။ ဒါပေမဲ့ ပြုပြင်စရာတွေဟာ လွှတ်တော်မှာ တာဝန်အရှိဆုံးဖြစ်ကြောင်း နိုင်ငံသားတိုင်း သိရှိနားလည် ထားပါတယ်ဆိုပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို လွှတ်တော်ရဲ့ ပခုံးပေါ် ပြန်တင် ပေးလိုက် တာကို အောက်ပါ သမ္မတရဲ့စကားရပ်က ညွှန်းဆိုနေပါတယ်။

““ခေတ်စနစ်၊ အချိန်အခါအခြေအနေနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ရပ်တည်နိုင် ရန် ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်အရှိဆုံးဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လိုက်နာရသည့် နိုင်ငံသားတိုင်းက သိရှိ နားလည်ထားပါသည်””

နားမလည်စရာ တစ်ချက်က ““လွှတ်တော်ဟာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး တာဝန်အရှိဆုံး ဖြစ်ကြောင်း နိုင်ငံသား တိုင်းက သိရှိ နားလည်ထားပါသည်””လို့ ဆိုထားလေတော့ ဘယ်လိုမျိုး စစ်တမ်းမျိုးများ ကောက်ယူ ထားခဲ့ ပြီးလို့ နိုင်ငံသားတိုင်းက သိရှိနားလည် ထားတာလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။

သမ္မတရဲ့ ပြန်ကြားချက်ထဲမှာ အရေးအကြီးဆုံးလို့ဆိုရမယ့် အပိုဒ်တစ်ပိုဒ် ပါဝင်ပါတယ်။ ““ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ဖြင့် လိုအပ်ချိန်တွင် ဖွဲ့စည်းပုံအခြေခံ အခြေခံဥပဒေ ကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်ပုံ နည်းလမ်းများဖြင့် ပြည့်စုံ ရှင်းလင်းစွာ ပြဋ္ဌာန်းထားပါသည်။ မိမိတို့ လိုက်နာရန် တာဝန်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စသည် လွှတ်တော်တွင်း၌ အဆင့်ဆင့် ဆောင်ရွက်ရန်နှင့် အချို့ကိစ္စများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ (Referendun) ကျင်းပ၍ နိုင်ငံသားများ၏ သဘောဆန္ဒ ရယူအတည်ပြုရန် ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပါက နိုင်ငံတော် သမ္မတအနေဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ လုပ်ဆောင်သွားရန် အသင့်ရှိပါသည်။ ထိုလုပ်ထုံး လုပ်နည်းများကို ကျော်လွန်၍ လုပ်ဆောင်ပါက တရားဥပဒေစိုးမိုးမှု (Rule of Law )ကို ကျော်လွန် လုပ်ဆောင် သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်”” ဆိုပြီး ဖော်ပြထားပါတယ်။

ဒီဖော်ပြချက်အပြင် သမ္မတရဲ့ မိန့်ခွန်းတချို့မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်း (၁၂) ပြဋ္ဌာန်းချက် လုပ်ထုံး လုပ်နည်းများအတိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်ဆိုပြီး ပြောဆို ခဲ့ဖူးပါတယ်။ တကယ်တော့ နိုင်ငံရေးရပ်ဝန်းနဲ့ ပြည်သူ တစ်ရပ်လုံးက ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆို နေကြတာက အခန်း ၁၂ ပါ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ရဲ့ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ချင်ကြတာ ဖြစ်ပါ တယ်။ ပုဒ်မ ၄၃၆ အရဆို ဖွဲ့စည်းပုံပုဒ်မများ ပြင်ဆင်ချင်ရင် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမှာ ဖြစ်ပြီးတချို့ ပုဒ်မများဟာ ၇၅ ရာခိုင်နှုန်းကျော်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပါ ခံယူရဦးမှာ ဖြစ်ပါတယ်။ တပ်မတော် ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ လွှတ်တော်မှာ တပ်မတော် ထောက်ခံမှုမရဘဲ ဖွဲ့စည်းပုံ မပြင်နိုင်ဘူး ဆိုတဲ့သဘောပါ။ ဒါကြောင့်ပဲ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း အကျပ်အတည်းကို ကျော်လွှားဖို့ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက်ကို ပြည်သူအများက ပြင်ဆင်ချင်ကြတာပဲ ဖြစ်ပါတယ်။ ဒါကို သမ္မတက ဖွဲ့စည်းပုံ ပြင်ချင်ရင် အခန်း ၁၂ ပြဋ္ဌာန်းချက်များအတိုင်း လွှတ်တော်တွင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုတဲ့အခါ သမ္မတရဲ့ အခန်း ၁၂ ပြဋ္ဌာန်းချက်တွေကို မပြင်ဆင်လိုဘူးဆိုတဲ့ ဆန္ဒက အထက်ပါစကားရပ်မှာ ထင်ရှားစွာ ပေါ်လွင်နေပါတယ်။

နောက် ““ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းထားတဲ့ နည်းလမ်းများနဲ့အညီ ဆောင်ရွက်ပါက လွှတ်တော်၏ ဆုံးဖြတ်ချက် အတိုင်း လိုက်နာ လုပ်ဆောင်သွားရန် အသင့်ရှိပါတယ်”” ဆိုတဲ့အပေါ် သုံးသပ်ရရင် ““ဖွဲ့စည်းပုံပါ ပြဋ္ဌာန်း ထားတဲ့ နည်းလမ်းများနဲ့အညီ””ဆိုတာ ပြဋ္ဌာန်းထားတာတွေကို လက်ရှိ နည်းလမ်းများအတိုင်း (မပြင်မဆင်ဘဲ) ဆောင်ရွက်မယ်ဆိုရင် ““လွှတ်တော်၏ ဆုံးဖြတ်ချက်””(၆ ပွင့်ဆိုင် တွေ့ဆုံရေး)ကို လိုက်နာဖို့ အသင့်ရှိ ပါတယ်လို့ သဘောအယူ ကောက်ယူရမှာပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထားကို ကြိုတင် စကားဦးသန်းထားတယ်လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။

““ထိုလုပ်ထုံး လုပ်နည်းများကို ကျော်လွန်၍ လုပ်ဆောင်ပါက တရားဥပဒေ စိုးမိုးရေးကို ကျော်လွန် လုပ်ဆောင် သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်”” ဆိုတဲ့ စကားရပ်ကို သုံးသပ်ရရင် “လုပ်ထုံးလုပ်နည်း” (အခန်း ၁၂ လက်ရှိ ပြဋ္ဌာန်းချက်များ)ကို ကျော်လွန် လုပ်ဆောင်ရင် ဥပမာ- လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံ ပြင်ဆင်ရေး(ပုဒ်မ ၄၃၆) လှုပ်ရှားမှုတွေဟာ တရားဥပဒေကို ကျော်လွန် လုပ်ဆောင်သလို ဖြစ်နိုင် တယ်လို့ လွှတ်တော်ပြင်ပ ၄၃၆ လှုပ်ရှားမှုတွေကို ဟန့်လိုက်တဲ့ သဘောလို့ ယူဆရမယ့်ပုံပါပဲ။

နောက် သမ္မတရဲ့ ပြန်ကြားချက်ထဲမှာ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် လွှတ်တော် တွေ ဆုံးဖြတ် အတည်ပြု သဘောထား ပေးခဲ့ကြတဲ့ ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးဆိုတဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားကို အလေးထား ထည့်သွင်း စဉ်းစားရမယ်လို့ ဆိုထားတဲ့အခါ သမ္မတဟာ ၆ ပွင့်ဆိုင်ထက် ကျယ်ပြန့်တဲ့ တွေ့ဆုံ ဆွေးနွေးရေးကိုသာ လိုလားကြောင်း ဆန္ဒက အထင်းသား ပေါ်လွင်နေပါတယ်။

သမ္မတပြန်ကြားချက် အပိုဒ် ၇ မှာ ““တိုင်းရင်းသား ပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်းများနှင့် နိုင်ငံရေး အင်အားစုများက လက်ခံသော ကိုယ်စားပြုမူ ဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလားတောင့်တ ချက်များ ပါရှိစေမည့် မူဘောင်များ ကြိုတင်ချမှတ်ထားတဲ့ တွေ့ဆုံဆွေးနွေး မှု ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေး တို့အတွက် စီမံ ဆောင်ရွက်ပါက ပိုမို၍ ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုပါသည်””

““သို့ပါ၍ အဆိုတွေ့ဆုံ ဆွေးနွေးပွဲအား မည်သို့ ဆောင်ရွက် ပေးစေလို သည်ကို ပြန်ကြားပေးရန် ဖြစ်ပါသည်”” ဆိုပြီး လွှတ်တော်ကို ပြန်ကြား ထားပါတယ်။

အထက်ပါ အပိုဒ်ကတော့ လွှတ်တော်က တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှာ ပါဝင်မယ့် ပုဂ္ဂိုလ် ၆ ဦးရဲ့ ကိုယ်စားပြုမှုကို မေးခွန်း ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ၆ ပွင့်မှာ တပ်မတော်ကို ကာချုပ်က ကိုယ်စားပြုပြီး လွှတ်တော်ကိုတော့ ဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့က ကိုယ်စားပြုထားပါ တယ်။ အစိုးရအဖွဲ့ကိုတော့ သမ္မတဦးသိန်းစိန်က ကိုယ်စားပြုထားပါတယ်။ သမ္မတ အကြံပြုချက်အရ အထက်ပါ ၄ ပွင့်ရဲ့ ကိုယ်စားပြုမှုဟာ သင့်လျော်တယ်လို့ ယူဆပုံရပြီး ကျန်နှစ်ပွင့်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့ ဒေါက်တာအေးမောင် တို့ကို ကိုယ်စားပြုမှုဟာ တိုင်းရင်းသား ပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်း များနဲ့ နိုင်ငံရေး အင်အားစုတွေက လက်ခံနိုင်တဲ့ ကိုယ်စားပြုမှု ဖြစ်စေဖို့လိုပါတယ်လို့ ဆိုလိုချင်ပုံ ရပါတယ်။ အထူးသဖြင့် တိုင်းရင်းသား တစ်ပွင့် ကိုယ်စားပြုမှုကို ပိုမိုကျယ်ပြန့်စေလိုပုံ ရသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုမှုကို မေးခွန်း ထုတ်လိုက်တဲ့ သဘောပါပဲ။

သမ္မတရဲ့ သဘောထားကို ကောက်ချက်ချရရင် လူပုဂ္ဂိုလ် အရေအတွက်ကို ပြန်သုံးသပ်ဖို့ အကြံပြုထားတာ ထင်ရှားပြီး ဆွေးနွေးမယ့် မူဘောင်တစ်ခုကို ကြိုတင်ချမှတ် ထားစေလိုပုံ ရပါတယ်။

သမ္မတရဲ့ လွှတ်တော်ကို အကြောင်းပြန်ထားတဲ့ အထဲက အကြံပြုချက်တွေအရဆို လွှတ်တော်အတွက် အနည်းငယ် အကျပ်ရိုက်နိုင်ပြီး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူ လိုလားတဲ့ ပြင်ဆင်ချက်မျိုး ဖြစ်မလာနိုင်သလို ၆ ပွင့်ဆိုင် အရေအတွက်ကို ထပ်မံချဲ့ထွင်ဖို့ အကြံပြုချက် မျိုး ဖြစ်နေပြီး လက်ရှိ ၆ ပွင့်ရဲ့ ကိုယ်စားပြုမှုကို အကြံပြုထားချက်အရ တိုင်းရင်းသားနဲ့ ပါတီများရဲ့ ကိုယ်စားပြုမှုကို ကျယ်ပြန့်စေချင်တဲ့ သဘောဆောင်နေပါတယ်။ မူဘောင် ကြိုတင်ချမှတ်ထား တဲ့ တွေ့ဆုံ ဆွေးနွေး ပွဲ ဖြစ်စေချင်တာ ကောင်း မွန် လျော်ကန်ပေမယ့် တကယ်တော့ သမ္မတရဲ့ ပြန်ကြားချက်ကို ခြုံငုံ သုံးသပ်ကြည့် မယ်ဆိုရင် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကို ပြတ်ပြတ် သားသား လက်ခံသေးတာ မဟုတ်ဘဲ ““စုပေါင်းညှိနှို င်း ဖြေရှင်းတဲ့ သဘောတရား””ကို အခြေခံထားလို့ ကြိုဆိုတဲ့ သဘောသာ ဆောင်ကြောင်း သုံးသပ် လိုက်ရပါတယ်။

လင်းထိုက်(Y.I.T)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
သမ္မတရဲ့ လွှတ်တော်သို့ ပြန်ကြားချက် ၆ ပွင့်ဆိုင်ကို လက်ခံလိုက်တာလား – လင်းထိုက် (Y.I.T) သမ္မတရဲ့ လွှတ်တော်သို့ ပြန်ကြားချက် ၆ ပွင့်ဆိုင်ကို လက်ခံလိုက်တာလား – လင်းထိုက် (Y.I.T) Reviewed by သစ်ထူးလွင် on 11:03 Rating: 5
Powered by Blogger.