ကံဆီးရွာမှ ကချင်စစ်ဘေးရှောင်ဒုက္ခသည်များ မြို့ပေါ်သို့ ထပ်ပြေးလို

ကံဆီးရွာမှ စစ်ရှောင်တဦး (အင်္ကျီပြာ) နှင့် ထိုရွာတွင်း ၀င်ရောက်ရန် ကြိုးပမ်းခဲ့သူများအနက်မှ နှစ်ဦးအား တွေ့ရစဉ်။
အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား ဇန်န၀ါရီ ၁၅ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ဖားကန့်ဒေသ ကံဆီးရွာအတွင်းသို့ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များမှာ နေရပ်သို့ မပြန်လိုဘဲ စစ်နှင့် ပိုဝေးလံသော မြို့ပေါ်သို့သာ ထပ်မံထွက်ပြေးတိမ်းရှောင်လိုကြောင်း သတင်းရရှိသည်။

"အောင်ဘာလေကပါ၊ ဗုဒ္ဓဟူးနေ့ညအထိ အဲဒီဘက်မှာ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ။ ဖြစ်နိုင်ရင်တော့ မြို့ပေါ်ကိုပဲ ဖြစ်ဖြစ် စစ်ပွဲနဲ့ ပိုဝေးတဲ့ နေရာကို ရောက်ချင်တယ်" ဟု ဂင်ဆီနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ခိုလှုံနေသူ ၇၀၀ ကျော် အနက်မှ တဦးဖြစ်သူ ဒေါ်လုဘူ (၄၅နှစ်) က ပြောသည်။

တိုက်ပွဲစဖြစ်သည့် နေ့မှာပင် ယုံးချို၊ ကံဆီးခေါ၊ အောင်ဘာလေနှင့် ဘောဆဒီးရွာတို့မှ ပြည်သူစုစုပေါင်း ၁၅၁၅ ဦးတို့သည် ကံဆီးကျေးရွာသို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

ဂင်ဆီနှစ်ခြင်းဘုရားကျောင်းမှ ဓမ္မဆရာမ ဒေါ်ဆိုင်းနန်က "မူလနေရပ် ပြန်သူ တယောက်မှ မရှိပါဘူး။ စားနပ်ရိက္ခာက တပ်မတော်က ပေးတာမဟုတ်ဘူး၊ တခြားအဖွဲ့အစည်းတွေ လှူလို့ သူတို့ တဆင့်ယူလာပေးတာ၊ ဒါပေမဲ့ မဖူလုံဘူး၊ ကျန်းမာရေးလည်း တဖြည်းဖြည်း မကောင်းကြတော့ဘူး၊ ဗုဒ္ဓဟူးနေ့ညက တယောက်စ နှစ်ယောက်စ ၀မ်းလျှောလို့ ကိုယ်ဝန်ဆောင် ၄ ဦးနဲ့ ဖျားနေတဲ့ ကလေးတယောက်ကို လုံးခင်းကျေးရွာအုပ်စုဘက် ပို့ထားလိုက်ရတယ်" ဟု ပြောကြားသည်။

ယခုတိုက်ပွဲ ဖြစ်ပွားရာ နယ်မြေမှာ ဖားကန့်ဒေသ၊ KIA တပ်မဟာ တပ်ရင်း (၆) စခန်း ချထားသော ယုံးချို၊ ကံဆီးခေါ၊ အောင်ဘာလီနှင့် ဘောဆဒီးရွာများတွင် ဖြစ်ကြောင်း သိရသည်။

"မြ၀တီရုပ်သံမှာတော့ စစ်ရှောင်တွေ ကိုယ့်နေရပ်ကိုယ် ပြန်သွားပါပြီလို့ တောက်လျှောက်ပြောနေတယ်၊ ဒါပေမဲ့ သတင်းအမှန်မဟုတ်ဘူး၊ စစ်တပ်ဘက်က မင်းတို့ပြန်ချင်ရင် လုံခြုံရေးလမ်းကြောင်းနဲ့ ပြန်ပို့ပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ KIA ဘက်က နှစ်ဖက်တင်းမာမှုရှိသေးလို့ ပြန်မလာကြဖို့ ဒီမနက်မှာပဲ ပြောထားတယ်" ဟု ဥရုဆိုင်းမော်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တွဲဖက်အတွင်းရေးမှူး ဆရာဦးဖုန်ဆိုင်းက ပြောသည်။

အစိုးရစစ်တပ်ဘက်မှ ဒုက္ခသည်များကို မူလနေရာသို့ ပြန်ကြရန် တိုက်တွန်းသော်လည်း ရုတ်တရက်တိုက်ပွဲ ထပ်မံဖြစ်ပွားလာနိုင်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

ဇန်န၀ါရီ ၁၆ ရက်မှစ၍ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) အပါအ၀င် ဘာသာရေးအသင်းအဖွဲ့များ၊ အခြားအဖွဲ့အစည်းများက ကံဆီးရွာသို့ သွားရောက်လျက် အကူအညီပေး နှစ်သိမ့်နိုင်ရေး ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးအခြေအနေကြောင့်ဟု ဆိုကာ အစိုးရစစ်တပ်ဘက်မှ ၀င်ရောက်ခွင့်မပြုခဲ့ပေ။

"စစ်ဘေးရှောင်တွေကို ကူညီခွင့်ရရင်တော့ အကောင်းဆုံးပေါ့၊ ဒီလိုအတိဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့ အနှေးနဲ့ အမြန်လမ်းကြောင်းဖွင့်ပေးစေချင်တယ်၊ သေနတ်သံ၊ ဗုံးသံတွေနဲ့ ဝေးအောင် ခေါ်သွားချင်တယ်" ဟု ဆရာဦးဖုန်ဆိုင်းက ပြောကြားသည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကံဆီးရွာမှ ကချင်စစ်ဘေးရှောင်ဒုက္ခသည်များ မြို့ပေါ်သို့ ထပ်ပြေးလို ကံဆီးရွာမှ ကချင်စစ်ဘေးရှောင်ဒုက္ခသည်များ မြို့ပေါ်သို့ ထပ်ပြေးလို Reviewed by သစ်ထူးလွင် on 15:22 Rating: 5
Powered by Blogger.