စက်သုံးဆီခွဲတမ်းမရသဖြင့် နေပြည်တော်ရဲဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိများ အခက်အခဲဖြစ်နေ


ဒီဇင်ဘာ ၁၈ (နေပြည်တော်)

နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ တွေထဲက လူ ၅၀ ကျော်ဟာ စက်သုံးဆီ ခွဲတမ်း မရတဲ့ အတွက် သွားရေး လာရေးမှာ အခက်အခဲတွေ ကြုံတွေ့နေရ တယ်လို့ သစ်ထူးလွင်က သတင်း ရရှိပါတယ်။

ရဲဌာနချုပ်ရုံးမှာ ဒုရဲမှူး (၃ ပွင့်) နှင့်အထက်အဆင့်ရှိတဲ့ အရာရှိတွေကို ယခင်က တာဝန်ထမ်းဆောင်ဖို့ သွားရေးလာရေးအတွက် ၁ လကို စက်သုံးဆီ ဂါလံ ၂၀ ကနေ ၅၀ ဂါလံအထိ နိုင်ငံတော်စရိတ်နဲ့ ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း ရဲဌာနချုပ်ရုံးကို ပြောင်းရွှေ့ ရောက်ရှိလာတဲ့ နယ်အသီးသီးက ရဲအရာရှိတွေကို စက်သုံးဆီလုံးဝ ထုတ်ပေးခြင်းမရှိဘဲ ဧပြီလမတိုင်မီ ရဲဌာနချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူတွေကိုပဲ စက်သုံးဆီဆက်လက် ထုတ်ပေးနေတဲ့အတွက် ဆီမရတဲ့ ရဲအရာရှိတွေမှာ တာဝန်ထမ်းဆောင်ဖို့ သွားလာရေးအတွက် လစာထဲက စိုက်ထုတ်သုံးစွဲနေရတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိကြီးတဦးက သစ်ထူးလွင်ကို ပြောပါတယ်။

"ဆီထုတ်ပေးရာမှာ အရင်တုန်းက ဒုရဲမှူးနဲ့အထက်ပိုင်းဆို အကုန်ပေးတယ်။ နေပြည်တော်မှာက တနေရာနဲ့တနေရာ အလှမ်းဝေးတော့ ဆိုင်ကယ်တို့ ကားတို့နဲ့ပဲ သွားရတာဆိုတော့ ဆီက မဖြစ်မနေ လိုတယ်လေ။ အခုကျတော့ ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းရောက်တဲ့အရာရှိတွေကို ဆီထုတ်မပေးဘူး။ အဲဒီမတိုင်ခင်ရောက်နေသူတွေကိုတော့ အကုန်လုံး အခုချိန်အထိ ဆက်ထုတ်ပေးနေတယ်။ အဲတော့ တခြားနယ်ကနေ နေပြည်တော် ပြောင်းလာပြီး တာဝန်ထမ်းနေတဲ့ ရဲအရာရှိတွေမှာ အတော်လေး အခက်အခဲဖြစ်တယ်။ တာဝန်ထမ်းဆောင်ဖို့ သွားရေးလာရေးအတွက် ကိုယ့်လစာထဲက စိုက်ထုတ်သုံးစွဲနေရတယ်။ အခုဆို ဆီခွဲတမ်းမရဘဲ နစ်နာနေတာ ၉ လရှိပြီ"လို့ သူက ပြောပါတယ်။

လစဉ်ဆီထုတ်ပေးတဲ့ နှုန်းထားပမာဏတွေကတော့ ဒုရဲမှူးကြီးအဆင့်ဆိုရင် ဂါလံ ၅၀ ၊ ရဲမှူးအဆင့်ကို ၃၅ ဂါလံနဲ့ ဒုရဲမှူးအဆင့်ကို ဂါလံ ၂၀ ကို နိုင်ငံတော်စရိတ်နဲ့ ပေးအပ်ကြောင်း သိရပါတယ်။

ရဲချုပ်ရုံးမှာ ဆီထုတ်ပေးဖို့ အဓိကတာဝန်ရှိသူက ဒုရဲမှူးကြီး မောင်မောင်တင်ဖြစ်ကြောင်း နေပြည်တော် ရဲအသိုင်းအ၀ိုင်းဆီက စုံစမ်းသိရှိရပါတယ်။

By THIT HTOO LWIN

စက်သုံးဆီခွဲတမ်းမရသဖြင့် နေပြည်တော်ရဲဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိများ အခက်အခဲဖြစ်နေ စက်သုံးဆီခွဲတမ်းမရသဖြင့် နေပြည်တော်ရဲဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိများ အခက်အခဲဖြစ်နေ Reviewed by သစ်ထူးလွင် on 16:02 Rating: 5
Powered by Blogger.