ထိုးကွင်းမင်ကြောင်အမျိုးမျိုး


မင်ကြောင်သုံးမျိုး

မြန်မာတို့တွင် လူ၏ ကိုယ်ခန္ဓာအနှံ့ ဆေးမင်ကြောင်ထိုးကြရာ၌ အဓိကအားဖြင့် သုံးမျိုး ခွဲခြားနိုင်ပါသည်။ ယင်းတို့မှာ မျက်နှာတွင် ထိုးနှံခြင်း၊ ခါးအထက်တွင် ထိုးနှံခြင်းနှင့် ခါးအောက်တွင် ထိုးနှံခြင်းဟူ၍ ဖြစ်ကြပေသည်။

မျက်နှာတွင်ထိုးနှံခြင်း

မြန်မာတို့တွင် မျက်နှာတစ်နေရာမှာသာ ဆေးမင်ကြောင်ထိုးနှံသူများ ရှိပေသည်။ ယင်းတို့ကို ချင်းအမျိုးသမီး များဟူ၍ လူသိများသည်။

ယင်းတို့ မျက်နှာတွင် ဆေးမင်ကြောင်ထိုးခြင်းကို ‘ပါးရဲထိုးသည်’ ဟုခေါ်၍ ပါးရဲထိုးသော ဒေသများကမူ “ ပါးမည်းထိုးသည်၊ ပါးထိုးသည်’ ဟု ခေါ်ကြ၏။ ကယား၊ ကရင်၊ ချင်း၊ ဓနု၊ မွန်၊ တောင်ရိုး၊ ယောသား၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော မြန်မာယောင်္ကျားများက ထိုးကွင်းရှိမှ ယောင်္ကျားပီသသည်ဟု ယုံကြည်ကြသည့် နည်းတူ အမျိုးသမီးများကလည်း ပါးရဲရှိမှ မိန်းမ(ချင်းအမျိုးသမီး) ပီသသည်ဟူ၍ သဘောထားကြ၏။

ချင်းပြည်နယ် အချို့နေရာများတွင် မျက်နှာတပြင်လုံးအပြည့် မဟုတ်သော ‘ ပါးကြောင်’ နှင့်‘ပါးကျား’များလည်းရှိသည်ဟုသိရ၏။ချင်းပြည်နယ် တောင်ပိုင်းဖြစ်သော မင်းတပ် မတူပီဒေသ၌ ပါးရဲထိုးပုံမှာ ‘ ငလှိုရွက်’ကို ချေ၍မီးခိုးမှိုင်းနှင့် ဖျော်ပြီး လူ၏ အရေခွံပေါ်တွင်ကြိမ်ဆူးဖြစ်စေ၊အဖျားမကျိုးနိုင်သောဆူးတစ်မျိုးမျိုးဖြင့်ဖြစ်စေ အသားပေါက်အောင် ထိုးခြင်းဖြင့် ထိုးနှံရသည်။

သို့ရာတွင်မကွေးတိုင်း စေတုတ္တရာမြို့နယ်၏အများဆုံးလူဦးရေဖြစ်သော
စေတုတ္တရာ(မြေပြန့်) ချင်း အမျိုးသမီးများ ပါးရဲထိုးပုံမှာမူ စုတ်ဖြင့် ထိုးခြင်း ဖြစ်၏။

စေတုတ္တရာမြို့နယ်အတွင်း၌ မရင်းချင်းနှင့် လုံးပေါချင်း၊ ချင်းပုံချင်း၊ တောင်သူချင်း၊ မင်းကျချင်းတို့ မှီတင်းနေထိုင်ကြရာ ယနေ့အချိန်တွင် အသက် ၄၅နှစ် အထက် အမျိုးသမီးကြီး တစ်ထောင်ကျော်မျှတွင်သာ ပါးရဲ(ပါးမည်း) ရှိပေတော့သည်။

ပါးရဲထိုးသောရာသီမှာ အေးမြသော ဆောင်းလေးလဖြစ်၏။ သွေးထွက်နည်း၍ သွေးတိတ်မြန်သော ရာသီဥတုဖြစ်၏။ ပါးရဲအထိုးခံမည့်သူသည် များသောအားဖြင့် မိန်းမပျိုကလေးများသာ ဖြစ်ကြသောကြောင့်ဟီရိသြတ္တပ္ပအလို့ငှာ စောင်ခြုံထားရသည်။ ဘေးတွင်ကိုင်ပေးထိန်းပေးမည့်သူများ၊အားပေးမည့်သူများအဖြစ် ဆွေမျိုးသားချင်းများ ရှိကြသည်။

ပါးရဲထိုးမည့်သူတွင် စုတ်သုံးချောင်း၊ မင်ခွက်နှင့် လက်ထောက်တပည့် တစ်ယောက်ပါ၏။စုတ်သုံးချောင်းမှာ၁၅ခွစုတ်၊ရှစ်ခွစုတ်နှင့်သုံးခွစုတ်တို့ ဖြစ်ပေ၏။၁၅ခွစုတ်နှင့်ရှစ်ခွစုတ်မှာမျက်နှာထိုးရန်ဖြစ်၍သုံးခွစုတ်မှာ မေးစေ့ထိုးရန် ဖြစ်ပါ
သည်။

မင်ခွက်မှာ ပိတောက်နှစ်ကို ပွတ်ခံထားသော လက်မသာသာ အရွယ်ရှိသည့် ခွက်ဖြစ်သည်။ အချို့လည်း ၀ါးဆစ်ခွက်ကို သုံးစွဲတတ်ကြသေး၏။
လက်ထောက်တပည့်မှာ အရေခွံတင်းနေစေရန် ဆောင်ရွက်ကူညီရသော ‘ ပါးဖြဲသူ’ ဖြစ်ပေ၏။

ပါးရဲစတင်ထိုးသောနေရာမှာ နဖူးဖြစ်ပေသည်။ နဖူးတွင် စတင်ထိုးသည်ကို ‘ လက်စွပ်ကွင်းသည်’ ခေါ်ကြ၏။။ပိန်းနေသောအမည်းထဲမှာပင် သေချာစွာကြည့်ပါက လက်စွပ်သဏ္ဍာန်ကလေးကို မြင်ရနိုင်၏။ အချို့လည်း လက်စွပ်ကွင်းသည့် ဒဏ်မျှပင် မခံနိုင်သောကြောင့် ထပြေးကြ၏။

နဖူးပြီးလျှင် ညာဘက်ပါးကို ထိုးသည်။ ထို့နောက် မေး၊ နှာခေါင်း၊ လက်ဝဲဘက်ပါး၊ မျက်ခွံတို့အစဉ်အလိုက် ဖြစ်ပေသည်။ ပါးပြင်ကို ထိုးရာတွင် ရာဇမတ်ကွက်ထိုးပေးသည်။သို့ရာတွင်အမြင်အားဖြင့်ဗိန်းဖြစ်ကာ
သေချာစွာကြည့်မှသာ ရာဇမတ်ကွက်ကို မြင်ရ၏။

ပါးရဲအထိုးခံရာတွင်နားတက်(နားသီး)ကလေးသည်အနာကျင်ဆုံး နေရာဖြစ်ပေ
သည်။ မည်မျှ က္ကနြေ္ဒကြီးသော မိန်းကလေးပင်ဖြစ်စေ နားတက် အထိုးခံရချိန်တွင် အနည်းဆုံးအဖြစ် တွန့်၍သွားတတ်သေးသည်။

ပါးရဲထိုးသောဆရာအတွက်အခက်ခဲဆုံးနေရာမှာသွားဖုံး(အပေါ်နှုတ်ခမ်းနှင့်
အောက်နှုတ်ခမ်း)၊ မျက်ခွံနှင့် မျက်ခမ်းတို့ဖြစ်ကာ တစ်မျက်နှာကို ပါးရဲထိုး၍ ပြီးစီးရန် ငါးနာရီခန့်ကြာမြင့်သည်။ ထို့ကြောင့် ပါးရဲထိုးသူ တစ်ယောက်သည် နံနက်ရော ညနေပါထိုးမှ တစ်နေ့လျှင် နှစ်မျက်နှာတွင် ပြီးစီးနိုင်၏။

အလှအပ မခံစားတတ်သူတို့အဖို့မူ ပါးရဲသည် မည်းမည်းကြီး ဖြစ်နေသည်။ သို့ဖြစ်ငြားသော်လည်း သူ့တွင် အလှအပ ရှိသည်။ ပါးတွင် ရာဇမတ်ကွက်၊ နဖူးတွင် လက်စွပ်ရှိသည့်နည်းတူ မေးစေ့တွင်လည်း တစ်ဦးနှင့် တစ်ဦး မတူညီသော အချိတ်ကလေးတွေ၊ ပန်းတွန့်ကလေးတွေ ရှိသည်။ မေးစေ့ကား ပါးရဲဆရာ လက်စွမ်း ပြသော နေရာပေတည်း။

အနာကုသပုံ

ပါးရဲအထိုးခံရသူမှာ ပါးရဲထိုးပြီးချိန်တွင် မျက်နှာတပြင်လုံး သွေးဖြင့် ရွှဲနေသည်။ သွေးကို အ၀တ်ဖြင့် သုတ်သင်ပြီးနောက် မျက်နှာတစ်ပြင်လုံးကို မင်ဖြင့် ပျှံ့နှံ့အောင် လူးပေးရ၏။

ထို့နောက်တွင်ကားမဲဇလီရွက် ပြုတ်ရည်အေးအေးဖြင့်မျက်နှာကို နေ့တိုင်း
ဆေးပေးရသည်။ ရောင်ကိုင်း နေသော မျက်နှာပြင်ကိုလည်း မဲဇလီပြုတ်ရည် ဆွတ်ထားသော အ၀တ်ဖြင့် ဖိ၍ ဖိ၍ ပေးရ၏။ မို့ပိတ်နေသော မျက်လုံးကိုပါ ရေအေးအေးကလေးဖြင့် ပက်ကာ ပွင့်အောင် ဖွင့်ပေးရ၏။

ထိုမျှ မျက်နှာကြီးတစ်ခုလုံး ရောင်ကိုင်းနေသောကြောင့် အများအားဖြင့် အစားပျက်ကြသော်လည်း အသားကျစ်သူများမူ အရောင်သက်သာသည့်နည်းတူ အစားအသောက်လည်း မပျက်ချေ။ အထက်ပါအတိုင်း နေ့စဉ်ကုသရင်း ခုနှစ်ရက်ခန့် ခြင်ထောင်အောင်းကာ အညှော်ရှောင်ရသည်။

မဲဇလီရွက်ပြုတ်ရည် ဆွတ်ထားသော အ၀တ်ဖြင့် ဖိပေးခြင်း၊ မဲဇလီရွက်ပြုတ်ရည်ဖြင့် မျက်နှာသစ်ခြင်း၊ ရေအေးအေးဖြင့် မျကှ်ာကို မကြာခဏပက်ပေးခြင်းဖြင့် ကုသခဲ့ရရာ တစ်ပတ်(သို့မဟုတ်) တစ်ပတ်ကျော် အကြာတွင် အနာဖေးများကွာလာကာ အရောင်အကိုင်းလည်း တစ်စတစ်စ လျော့နည်း ပျောက်ကင်း သွားလေ၏။

ပါးရဲမထိုးသော အမျိးသမီးသည် ပွဲလယ်မတင့်၊ မျက်နှာဖြူကြီးနှင့်ဟု သဘောထားကြသည်။ လှပသည်ဟု မမြင်၊ ရိုင်းသည်ဟု ထင်ခဲ့ကြ၏။

(မှတ်ချက်။ဆင်ဖြူကျွန်းအောင်သိန်းရေးသားသော မြန်မာ့ထိုးကွင်းမင်ကြောင်
ဓလေ့ စာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ထိုးကွင်းမင်ကြောင်အမျိုးမျိုး ထိုးကွင်းမင်ကြောင်အမျိုးမျိုး Reviewed by သစ်ထူးလွင် on 16:26 Rating: 5
Powered by Blogger.