ငှက်ဖျားရောဂါကြောင့်သေသူ တဝက်လျော့ကျ

ခြင်ထောင်နဲ့ အိပ်တာဟာ ငှက်ဖျားကို ကာကွယ်ရာရောက်
ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး WHO က ငှက်ဖျားရောဂါ တိုက်ဖျက်ရေးမှာ ကမ္ဘာတဝန်း ကြိုးပမ်း ဆောင်ရွက်မှုတွေ ကြောင့် ငှက်ဖျားနဲ့ သေဆုံးရတဲ့ လူအရေ အတွက် တဝက် ကျဆင်းသွား ခဲ့တာဟာ ကြီးမားတဲ့ အောက်မြင်မှု တခုလို့ ဖေါ်ပြခဲ့ပါတယ်။

အာဖရိကတိုက် ဆာဟာရ သဲကန္တရ တောင်ပိုင်းမှာ ၂၀ဝ၁ ခုကနေ ၂၀၁၃ အတွင်း ၅ နှစ်အောက် ကလေးငယ် ၃ ဒသမ ၉ သန်းအပါအဝင် လူဉီးရေ ၄ ဒသမ ၃ သန်းဟာ သေဘေးက လွတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တနှစ်ထက်တနှစ် ငှက်ဖျားရောဂါဘေးကနေ လွတ်အောင် ကာကွယ်နိုင်တဲ့ လူတွေ ပိုပိုပြီးများလာနေတယ်လို့ WHOက ပြောပါတယ်။

ငှက်ဖျားဟာ ခြင်ကိုက်လို့ ဖြစ်ရတဲ့ ရောဂါဖြစ်ပါတယ်။ ၂၀ဝ၄ ခုမှာ ခြင်ထောင် အသုံးပြုနိုင်တဲ့ လူ ၃ ရာခိုင်နှုန်းရှိခဲ့ပေမယ့် အခု ၅၀ ရာခိုင်နှုန်း ခြင်ထောင်သုံးလာနိုင်ကြပြီ ဖြစ်ပါတယ်။

ထို့အတူပဲ ငှက်ဖျားပိုးရှိမရှိ ရောဂါရှာဖွေမှုတွေ ပိုလုပ်လာနိုင်ခဲ့သလို ဆေးဝါးတွေလည်း အခုအခါ ပိုရလာနိုင်ကြပြီ ဖြစ်ပါတယ်။

ဒါကြောင့် ငှက်ဖျားရောဂါကို အမြစ်ပြတ်နှိမ်နင်းနိုင်မယ့် နိုင်ငံတွေလည်း တဖြေးဖြေး ပိုများလာနေပြီလို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်က အဇာဘိုင်ဂျန်နဲ့ သီရိလင်္က࿿ာ ၂ နိုင်ငံမှာ ငှက်ဖျားရောဂါ အသစ်ဖြစ်ပွားမှုမရှိဘူးလို့ ပထမဆုံးအကြိမ် အစီရင်ခံနိုင်ခဲ့ကြပြီး အီဂျစ် အီရတ် မော်ရိုကို ပါရာဂွေးအပါအဝင် ၁၁ နိုင်ငံမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုကို အောင်အောင်မြင်မြင် ထိန်းချုပ် နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ငှက်ဖျားကြောင့် ၉၀ ရာခိုင်နှုန်းသေဆုံးမှုရှိခဲ့တဲ့ အာဖရိက တိုက်မှာလည်း ရောဂါဖြစ်ပွားမှု သိသိသာသာ ကျဆင်းလာနေပါတယ်။

၂၀ဝ၀ ပြည့်နှစ်က ငှက်ဖျားရောဂါဖြစ်သူ ၁၇၃ သန်းရှိခဲ့ရာက ၂၀၁၃ မှာ ၁၂၈ သန်းပဲရှိပါတော့တယ်။ ဒါတောင် လူဉီးရေတိုးပွားမှုက ၄၃ ရာခိုင်နှုန်းရှိနေတာပါ။

ရောဂါကာကွယ်ကုသရေးနည်းလမ်းတွေ ကောင်းမွန်လာခဲ့တာ၊ အစိုးရတွေရဲ့ ရောဂါတားဆီးရေးမှာ ပိုမို ဆောင်ရွက်လိုစိတ်တွေ ရှိလာတာ၊ ဒေသတွင်း တက်တက်ကြွကြွ အစပျိုးဆောင်ရွက်လာကြတာနဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ထောက်ပံ့ငွေတွေ အကြီးအကျယ် ပိုပြီးရရှိခဲ့တွေကြောင့် အခု ဒီလို အောင်မြင်မှုရလာတာလို့ WHO ညွှန်ကြားရေးမှုးချုပ် Dr Margaret Chan က ပြောခဲ့ပါတယ်။

ဒါပေမယ့် ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားမှု အများဆုံး နိုင်ငံတွေမှာ ဒီလို အသက်တွေကို ကယ်ဆယ်နိုင်မယ့် ငှက်ဖျားကာကွယ်တားဆီရေးလုပ်ငန်းတွေ ရောက်ရှိနိုင်ဖို့ အလှမ်းဝေးနေသေးတယ်လို့ သူက ပြောခဲ့ပါတယ်။

ငှက်ဖျားပိုးတွေက ဆေးကို ခံနိုင်ရည်ရှိလာတာဟာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှာ အဓိက အန္တရာယ်ကြီးတရပ် ဖြစ်နေဆဲဖြစ်ပြီး သေဆုံးမှုတွေကလည်း ပိုတိုးလာနိုင်သေးတယ်လို့ ဒေါက်တာ မာဂရက်ချန်းက သတိပေးခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141210_malaria
ငှက်ဖျားရောဂါကြောင့်သေသူ တဝက်လျော့ကျ ငှက်ဖျားရောဂါကြောင့်သေသူ တဝက်လျော့ကျ Reviewed by သစ်ထူးလွင် on 08:50 Rating: 5
Powered by Blogger.