ကန်ဆန္ဒပြမှုအတွင်း လူ ၁၅၀ ကျော် ဖမ်းဆီးခံရ

နာမည်ကြီး ဘတ်စကက်ဘော ကစားသမား LeBron James (Credit: AFP) 
အမေရိကန် ​ရဲတွေရဲ့ ​လက်ချက်ကြောင့် ​လူမည်းတချို့ ​သေဆုံးခဲ့ရတဲ့အပေါ် ​မကျေနပ်တဲ့အတွက် ​ဆန္ဒပြ ​ကြရာက ​လူပေါင်း ​၁၅၀ ​ကျော် ​ထိန်းသိမ်းခံခဲ့ရပါတယ်။

အမေရိကန် ​တလွှားမှာ ​ဆန္ဒပြမှု ​အသစ်တွေ ​ထပ်မံဖြစ်ပေါ်တာဖြစ်ပြီး ​ကာလီဖိုးနီးယားပြည်နယ်မှာတော့ ​အဓိက ​လမ်းမတစ်ခုကို ​ပိတ်ချ ​ဆန္ဒပြရာက ​အများအပြား ​ဖမ်းဆီးခံရတာ ​ဖြစ်ပါတယ်။

နယူးယောက်မြို့ ​ဆန္ဒပြမှုမှာဆိုရင်လည်း ​နာမည်ကြီး ​ဘတ်စကက်ဘော ​ကစားသမားတွေကပါ ​ရဲတွေရဲ့ ​လုပ်ရပ်ကို ​ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ​I ​can’t ​breathe ​ကျနော်အသက်ရှုလို့ ​မရဘူး ​ဆိုတဲ့ ​စာတမ်းပါ ​အကျီတွေကို ​ဝတ်ပြီး ​ဆန္ဒပြကြတာ ​ဖြစ်ပါတယ်။

အဲဒါကတော့ ​Eric ​Garner ​ဆိုတဲ့ ​လူကို ​ရဲတွေက ​ဖမ်းဆီးတုန်း ​အသက်မရှူနိုင်လောက်အောင် ​ချုပ်နှောင်ခံရစဉ်အတွင်း ​နောက်ဆုံး ​ပြောဆိုခဲ့တဲ့ ​စကားဖြစ်ပြီး ​သေဆုံးသွားတဲ့ ​စကားတစ်ခွန်း ​ဖြစ်ပါတယ်။

Eric ​Garner ​ဆိုတဲ့ ​လူမည်းကို ​သတ်ပစ်ခဲ့တယ်ဆိုတဲ့ ​လူဖြူရဲတစ်ဦးက ​တရားရုံးက ​အပြစ်မပေးတဲ့အပေါ် ​ဆက်တိုက်ဆိုသလို ​ဆန္ဒပြနေကြတာ ​ဖြစ်ပါတယ်။

အဲဒါ့အပြင် ​Michael ​Brown ​ဆိုတဲ့လူကို ​ပစ်သတ်ခဲ့တဲ့ ​နောက်ရဲတစ်ဦးကိုလည်း ​အပြစ်မပေးတဲ့အတွက် ​အကြမ်းဖက် ​ဆန္ဒပြမှုတွေလည်း ​ဖြစ်ခဲ့ဖူးပါတယ်။

ဒီတချီ ​ဆန္ဒပြမှုမှာတော့ ​အဓိက ​လမ်းမကို ​ပိတ်ဆို့တာမျိုး၊ ​ဒါမှမဟုတ် ​ရထားလမ်းပေါ် ​အိပ်ချပြီး ​ရထားတွေ ​သွားလာမှု ​မလုပ်နိုင်အောင် ​တားဆီးတာမျိုးတွေ ​ပါဝင်လာပါတယ်။

လက်နက်ကိုင်ဆောင်ထားခြင်း ​မရှိတဲ့ ​လူတွေကို ​ရဲတွေက ​အကြမ်းဖက် ​ဖမ်းဆီး ​နှိမ်နင်းတဲ့အပေါ် ​မကျေနပ်လို့ ​ဆန္ဒပြကြတာ ​ဖြစ်တယ်လို့ ​ဆန္ဒပြသူတွေက ​ပြောပါတယ်။

တချို့ကလည်း ​လူမည်းတွေကို ​ပစ်သတ်ခဲ့တဲ့ ​ရဲကို ​ပြစ်မှု ​တစ်စုံတရာပေးခဲ့မယ်ဆိုရင် ​ဒီလိုမျိုး ​ဖြစ်လာစရာ ​အကြောင်းမရှိဘူးလို့ ​ပြောဆိုနေကြပါတယ်။

ကုလသမဂ္ဂကလည်း ​အမေရိကန် ​ရဲရဲ့ ​လုပ်ရပ်အပေါ် ​မေးခွန်းထုတ်ထားသလို ​အမေရိကန် ​သမ္မတ ​အိုဘားမားကလည်း ​ရဲတွေနဲ့ ​ပဋိပက္ခဖြစ်သူတွေအကြား ​ဘယ်လို ​ဖြစ်ပွားခဲ့သလဲ ​ဆိုတာသိရအောင် ​ရဲအယောက်ပေါင်း ​သောင်းနဲ့ချီရဲ့ ​ကိုယ်ခန္ဓာပေါ်မှာ ​ကင်မရာတွေ ​တပ်ဆင်းနိုင်ဖို့ ​ကြိုးစားနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-12-10/1397625
ကန်ဆန္ဒပြမှုအတွင်း လူ ၁၅၀ ကျော် ဖမ်းဆီးခံရ ကန်ဆန္ဒပြမှုအတွင်း လူ ၁၅၀ ကျော် ဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 09:03 Rating: 5
Powered by Blogger.