စာအုပ်စာပေများဖြင့် ပြန်လည်ဖွံ့ဖြိုးလာသည့် မြန်မာ


မြန်မာပြည် အလယ်ပိုင်း မန္တလေး ဒေသ တွင်ရှိသည့် ပုဂံဒေသ၏ သြဂုတ်လ နေ့တစ်နေ့သည် ထုံးစံ အတိုင်း ပူအိုက်စိုထိုင်းနေပါသည်။
တစ်ချိန်က ပုဂံအင်ပါယာ၏ မင်းနေပြည်တော်ဖြစ်ခဲ့သည့် ယနေ့ပုဂံမြို့သည် ရှေးဘုရင်များ တည်ထားခဲ့သည့် စေတီပုထိုးများစွာ ရှိသည့်အတွက် တိုင်းပြည်တံခါး ဖွင့်ပြီးသည့် နောက်ပိုင်း နိုင်ငံတကာ ခရီးသွားများအား ဆွဲဆောင်နိုင်သည့် ဒေသတစ်ခု ဖြစ်လာခဲ့သည်။

ပုဂံတွင် အကြီးဆုံးအဆောက်အအုံဖြစ်သည့် ဓမ္မရံကြီးဂူဘုရား၏ အပြင်ဘက်တွင် ဖြစ်သည်။ မိန်းခလေးတစ်ယောက် ကျွန်မဆီ အပြုံးနှင့် အပြေးလှမ်းလာသည်။ ဆံပင်ကို နောက်တွင် စုစည်းထားကာ ပါးပြင်တွင် သနပ်ခါးပါးကွက်ကျား လိမ်းခြယ်ထားသည့် ထိုခလေးမက ကျွန်မအား “Burmese Days စာအုပ် ၀ယ်ဦးမလားရှင့်၊ စာအုပ်ကောင်း တစ်အုပ်ပါ” လို့ အင်္ဂလိပ်လိုပြောရင်း ကျွန်မလက်ထဲကို မိတ္တူ စာအုပ်တစ်အုပ် ထိုးထည့်ပေးသည်။

“ဒီစာအုပ်ကို ကြိုက်လား” လို့ မေးကြည့်လိုက်ရာ “ဟုတ်ကဲ့။ ဒါပေမဲ့ နည်းနည်းပဲ ဖတ်ထားတယ်။ ကျွန်မရဲ့အင်္ဂလိပ်စာက သိပ်မကောင်းတော့ ကျွန်မအတွက် အရမ်းခက်တယ်။ ဒါပေမဲ့ အဒေါ်ယူမယ်ဆို တန်ပါတယ်” ဟု သူမက ပြောသည်။

ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်လည်ပတ်သည့် ပုဂံမြို့တွင် နေ့ခင်းကြောင်တောင်အချိန် မိန်းခလေးတစ်ဦးက ကျွန်မအား ဂျော့ခ်ျအော်ဝဲလ်၏ “Burmese Days” စာအုပ်ကို အားရ၀မ်းသာ ရောင်းချ နေခြင်းမှာ စင်စစ်တွင် မြန်မာပြည်အတွက် ထူးခြားသည်ဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် ထိုစာအုပ်မှာ ဈေးကွက်အတွင်း ရနိုင်သော်လည်း မြန်မာလူမျိုးတို့အပေါ် အပြုသဘောမဆောင်သော တင်ပြမှုကြောင့် စာပေစိစစ်ရေးက ပိတ်ပင်ထားခဲ့သည့်အတွက် ဖြစ်သည်။

၂၀၁၂ တွင်မူ ထိုစာအုပ်အား မူရင်းအတိုင်း ဘာသာပြန်ဆိုထားသည့်စာအုပ်မှာ အမျိုးသားစာပေဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ယခုဆိုလျှင် ထိုစာအုပ်ကို လွတ်လပ်စွာဝယ်ယူနိုင်ပြီဖြစ်ရာ မြန်မာပြည်အတွက် ကြီးမားသော တိုးတက်ပြောင်းလဲမှုတစ်ရပ်ဟုပင် ဆိုရပါမည်။

စစ်အာဏာရှင်တို့၏ ဖိနှိပ်ခံ လူ့အဖွဲ့အစည်း
---- ---- ----
ဆယ်စုနှစ်များစွာ ကြာရှည်ခဲ့သည့် စစ်အုပ်ချုပ်မှုကြောင့် မြန်မာသည် ကမ္ဘာ့အဆင့် အလားအလာ ရှိသော တိုင်းပြည်အဖြစ်မှ လျော့ကျခဲ့ရုံမျှမက နိုင်ငံတကာနှင့် အဆက်ပြတ်ခဲ့ရသည်။ အာဏာပိုင်တို့သည် စာအုပ်စာပေနှင့် သတင်းအချက်အလက်များကို ထိန်းချုပ်ခြင်းဖြင့် ပြည်သူလူထု၏ လွတ်လပ်စွာ စဉ်းစား တွေးခေါ်မှုနှင့် သဘောထားကွဲလွဲခွင့်များကို ဖိနှိပ်ကန့်သတ်ပစ်ရန် ကြိုးပမ်းခဲ့ကြသည်။

သို့သည့်တိုင် တိုင်းပြည်လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ မတိုင်မီအထိ ကိုလိုနီအုပ်ချုပ်မှု၏ သင်္ကေတအဖြစ် တည်ရှိနေသည့် ဗြိတိသျှကောင်စီစာကြည့်တိုက်သည် သတင်းအချက်အလက်များ ရရှိနိုင် သည့် ဘေးကင်းလုံခြုံသော ကောင်းကင်ဘုံတစ်ခု ဖြစ်နေခဲ့ပါသည်။ အဆိုပါစာကြည့်တိုက်သို့ သွားရောက် နိုင်သူများအနေဖြင့် အစိုးရက ပိတ်ပင်ထားသော စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်ခဲ့ကြသည်။ ၎င်းတို့ အနက် Janet Aldis ရေးသားခဲ့သော Love and Sunshine in the East အမည်ရှိ ၁၉၃၀ ခုနှစ်ထုတ် ရှားပါးဝတ္ထုစာအုပ်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သူမနေအိမ်အကျယ်ချုပ် ကျခံနေ ရသည့် ကာလများအကြောင်း ရေးသားထားသည့် ၁၉၉၇ ခုနှစ်ထုတ် The Voice of Hope စာအုပ်တို့ လည်း အပါအ၀င် ဖြစ်ပါသည်။

စာအုပ်အတော်များများကို အင်္ဂလိပ်အမျိုးသမီးဖြစ်သည့် မိုနီကာမြမောင်မှ ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မြန်မာလူမျိုး ၀တ်လုံတော်ရရှေ့နေဖြစ်သူနှင့် အိမ်ထောင်ပြု ကာ ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သို့ ပြောင်းရွှေ့လာခဲ့သည့် အမျိုးသမီးဖြစ်သည်။ ထိုအချိန်ကာလသည် မြန်မာလူမျိုးနှင့် နိုင်ငံခြားသားတို့ အိမ်ထောင်ပြုရန် မလွယ်ကူသောကာလ ဖြစ်သည်။

ထိုစဉ်က မိုနီကာမြမောင်သည် စာအုပ်အနည်းငယ်ကို လက်ရှိစာကြည့်တိုက်နေရာဖြစ်သည့် ဗြိတိသျှသံရုံး အဆောက်အဦးအတွင်းသို့ ရောက်ရှိအောင် ခက်ခဲစွာ ကြိုးပမ်းနိုင်ခဲ့သည်။ ထိုမှတဆင့် အဆိုပါ စာကြည့်တိုက်တွင် စာအုပ်များ ပိုမိုများပြားစွာ စုဆောင်းထားရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာကြာပြီးသည့်နောက် မြန်မာပြည်သို့ အင်တာနက်ရောက်ရှိခဲ့ချိန်မှာလည်း စစ်အစိုးရ မှ ကောင်းစွာ ထိန်းချုပ်ထားခဲ့ပြန်ပါသည်။ သို့ဖြစ်၍ ဗြိတိသျှကောင်စီ စာကြည့်တိုက်သည် နိုင်ငံတကာ သတင်းများနှင့် ဆင်ဆာဖြတ်တောက်မခံရသည့် သတင်းအချက်အလက်များကို ပြည်သူများ ဖတ်ရှုလေ့လာ နိုင်သည့် အနည်းငယ်သော နေရာများထဲမှ တစ်ခုဖြစ်သည်ဟု ဗြိတိသျှကောင်စီ၏ ပညာရေးနှင့် အနုပညာ ဆိုင်ရာ ဒါရိုက်တာ Susana Galvan မှ ပြောပြသည်။

စာကြည့်တိုက်အဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးဆွေး နွေးပွဲများနှင့် ဒိုင်ယာလော့ခ်များကို အဆိုပါစာကြည့်တိုက်တွင် ဘေးကင်းစွာပင် ကျင်းပနိုင်ခဲ့ကြသည်။ “ကျွန်ုပ်တို့ကို စာကြည့်တိုက် ဆက်ဖွင့်ခွင့် ပြုခဲ့တာ အံ့အားသင့်ဖို့ကောင်းတဲ့အချက်ပါ” ဟု Galvan မှ ဆက်လက်ပြောဆိုပါသည်။

လူစုခွဲပစ်သည့် ပညာရေးစနစ်
---- ---- ----
၁၉၈၈ သို့ ရောက်သည့်အခါတွင် စစ်အစိုးရ၏ ညံ့ဖျင်းသော စီးပွားရေးမူဝါဒများကြောင့် ကျောင်းသားနှင့် ရဟန်းသံဃာများ ဦးဆောင်သည့် လူထုဆန္ဒပြပွဲများ ရန်ကုန်မြို့တွင် စတင်ဖြစ်ပွားကာ နိုင်ငံအနှံ့ မြို့ကြီးများဆီသို့ ကူးစက်ခဲ့သည်။

စစ်တပ်သည် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို အကြမ်းဖက် နှိမ်နင်းပစ်ခဲ့သည်။ ထို့နောက် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရသည့် ကာဖျူးအမိန့်များ ထုတ်ပြန်ခဲ့သလို တက္ကသိုလ်များကိုလည်း ပိတ်ပစ်ခဲ့သည်။ အကြောင်းမှာ ကျောင်းသားများ စုဝေးပြီး နိုင်ငံရေးဆွေးနွေးမှုများ မပြုလုပ်နိုင်ရန် တားဆီးလို၍ ဖြစ်သည်။ ထို့နောက်တွင်မူ ဆရာ မလုံလောက် သင်ထောက်ကူပစ္စည်း မပြည့်စုံသည့် အဝေးသင်ပညာရေး စင်တာများ နိုင်ငံအနှံ့ ပြန့်ကျဲစွာ ပေါ်ထွက်လာခဲ့သည်။
“ဘွဲ့ကြိုပရိုဂရမ်အတော်များများကို အဝေးသင် စနစ်နဲ့ပဲ သင်တာပါ။ အရည်အသွေးက တော်တော်နိမ့်ပါတယ်။ သင်တဲ့စနစ်ကလည်း အလွတ်ကျက်ပြီး ကြက်တူရွေးလို နှုတ်တိုက်ရွတ်ဆိုရတဲ့စနစ်ပါ” ဟု Galvan က ပြောပြသည်။

ထို့အတူ အများပြည်သူသုံး စာကြည့်တိုက်စနစ်သည်လည်း ရန်ပုံငွေ မရှိသလောက် နည်းပါးကာ များစွာ အရည်အသွေးမှာလည်း နိမ့်ကျခဲ့ရသည်။ ပုဂံဒေသမှ စာကြည့်တစ်ခုသို့ ကျွန်မ ရောက်ခဲ့ဖူးပါသည်။ ထိုစာကြည့်တိုက်ရှိ စာအုပ်စင်များမှာ ဟောင်းနွမ်းကာ မှိုတက်နေသော စာအုပ်များ၏ အလေးချိန်ကြောင့် ကျွိကျွိမြည်နေပါသည်။ စာအုပ်အများစုမှာလည်း ဟောင်းနွမ်းလွန်းပြီး မမှတ်မိနိုင်သော စာအုပ်များသာ ဖြစ်သည်။
အာရှဖောင်ဒေးရှင်း၏ လေ့လာမှုအရ မြန်မာပြည်၏ စာကြည့်တိုက်များရှိ ၉၀ ရာခိုင်နှုန်းသော စာအုပ်များမှာ ဘာသာရေးဆိုင်ရာ စာအုပ်များသာ ဖြစ်သည်ဟု သိရပါသည်။

“စာကြည့်တိုက် အတော်များများက ပိတ်ထားတာပါ။ အများစုက ခေတ်လည်း မမီတော့ဘူး။ စာကြည့်တိုက်တွေအနေနဲ့ စာအုပ်အလှူရှင်တွေကိုပဲ အဓိကအားကိုးနေကြရတယ်” Galvan က ပြောပြသည်။

သို့တစေ ပုဂံရှိ အဆိုပါစာကြည့်တိုက်လေး၏ အတွင်းရော အပြင်ဘက်တွင်ပါ စာဖတ်သူ၊ စကားစမြည်ပြောသူနှင့် အလွန်နှေးသော အခမဲ့ဝိုင်ဖိုင်ကို လာရောက်အသုံးပြုနေသူများ စည်ကားနေပါ သည်။ အဆိုပါ စာကြည့်တိုက်လေးသည် မြို့အတွက် အများနှင့်သက်ဆိုင်သော နေရာတစ်ခုပင် ဖြစ်နေတော့သည်။

မျှော်လင့်ချက်၏ သင်္ကေတများ
---- ---- ----
၂၀၁၁ ခုနှစ်မှစတင်ပြီး စစ်ဘက်ခေါင်းဆောင်မှုကို အဆုံးသတ်ခဲ့ပြီဖြစ်ရာ စာကြည့်တိုက်နှင့် စာပေလောက၏ တိုးတက်မှုအခြေအနေသည် မြန်မာပြည်၏ အပြောင်းအလဲနှင့် ဖွံ့ဖြိုးမှုအတွက် မှတ်ကျောက်တစ်ရပ် ဖြစ်လာပါလိမ့်မည်။

၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အကျိုးအမြတ်မယူသော ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းကို တည်ထောင်ခဲ့ပြီး စာကြည့်တိုက်များ တဖြည်းဖြည်းဆုတ်ယုတ်လာနေသည့်အတွက် ရွေ့လျား စာကြည့်တိုက်များကို ဖွင့်လှစ်ပေးခဲ့သည်။ စာအုပ်တစ်သောင်းခွဲကျော် ပါဝင်သည့် ဗင်ကားများသည် ပိုမိုဝေးလံသော ဒေသများဆီသို့ အရောက်သွားက အရွယ်စုံလူပုဂ္ဂိုလ်များအား စာကြည့်တိုက်များတွင် ပညာများ မွှေနှောက်ရှာဖွေကြရန် တိုက်တွန်းအားပေးလျှက် ရှိနေပါသည်။

၁၉၈၈ ခုနှစ်တွင် ဆန္ဒပြကျောင်းသားများအား အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် တစ်ချိန်က ပစ်ပယ်ခံခဲ့ရသည့် အင်စတီကျူးရှင်းတစ်ခု ပြန်လည်အသက် ၀င်လာခဲ့သည်။

ယခင်က တက္ကသိုလ်စာကြည့်တိုက်ကို လျစ်လျူရှုခဲ့ကြသည့်အတွက် ယခုအခါ အီလက်ထရောနစ် စာကြည့်တိုက် (e-library) ကို ဇန်န၀ါရီလက စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ အီလက်ထရောနစ် စာကြည့်တိုက်တွင် ကမ်းဘရစ်ခ်ျနှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်များမှ ဂျာနယ်များအပါအ၀င် ကမ္ဘာတစ်လွှားရှိ အဖွဲ့အစည်းအသီးသီးမှ ထောင်ပေါင်းများစွာသော နောက်ဆုံးပေါ် ဂျာနယ်များ၊ သင်ရိုးစာအုပ်များနှင့် ၀တ္ထု စာအုပ်များကို လေ့လာဖတ်ရှုနိုင်ရန် ချိတ်ဆက်ပေးထားသည်ဟု သိရပါသည်။

“ရန်ကုန်တက္ကသိုလ်ကို ၂၀၁၃ ဇွန်လက ပထမဆုံးအကြိမ် ရောက်ခဲ့တုန်းကဆိုရင် တက္ကသိုလ် ၀င်းကြီးဟာ အသက်ဝိညာဉ်မဲ့နေပါတယ်။ ကျောင်းဝင်းထဲမှာ ကျောင်းသားဆိုလို့ တစ်ယောက်တောင် မတွေ့ခဲ့ပါဘူး။ စာကြည့်တိုက်သုံးပစ္စည်းတွေဆိုရင်လည်း ဟောင်းနွမ်းနေတာပါ။ ဒါပေမဲ့ တစ်နှစ်အတွင်း အတော်များများ ပြောင်းလဲသွားခဲ့ပါပြီ” ဟု Galvan က ပြန်လည်ပြောပြသည်။

နိုင်ငံတကာနှင့် အမီလိုက်ရန်အလို့ငှာ အရပ်သားတစ်ပိုင်းအစိုးရအနေဖြင့် ကျယ်ပြန့်သော ပညာရေးနှင့် လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှုအတွက် လိုအပ်ချက်များကို ပွေ့ဖက်ကြိုဆိုလာခဲ့သည်။ တိုင်းပြည်တစ်နံတစ်လျားရှိ ပြိုလဲလုနီးနီးဖြစ်နေသည့် တက္ကသိုလ်နှင့် စာကြည့်တိုက်များအား ထောက်ပံ့ပေး သွားခြင်းဖြင့် လူသားအရင်းအနှီးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် အရေးပါသော လိုအပ်ချက်တစ်ခုပင် ဖြစ်ပေတော့သည်။

လင်းလင်း(ကညက)
(CNN မှ Alisha Haridasani ၏ Myanmar comes in from cold with bookish revival ဆောင်းပါးကို ဆီလျော်အောင် မြန်မာမှုပြုထားခြင်း ဖြစ်ပါသည်။)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


စာအုပ်စာပေများဖြင့် ပြန်လည်ဖွံ့ဖြိုးလာသည့် မြန်မာ စာအုပ်စာပေများဖြင့် ပြန်လည်ဖွံ့ဖြိုးလာသည့် မြန်မာ Reviewed by သစ်ထူးလွင် on 16:20 Rating: 5
Powered by Blogger.