ရုရှားဘီလျံနာကြီးက လေလံအောင်ခဲ့သော နိုဘယ်လ်ဆုတံဆိပ်ကို မူရင်းပိုင်ရှင်ထံ ပြန်ပေးမည်



မော်စကို၊ ဒီဇင်ဘာ ၁၂

ရုရှားနိုင်ငံ၏ အချမ်းသာဆုံး ဘီလျံနာကြီး အလီရှာ အတ်စ်မန်နော့ဗ်က လေလံအောင်၍ ရရှိခဲ့သော DNA သိပ္ပံပညာရှင် မစ္စတာဝပ်ဆင်၏ နိုဘယ်လ်ဆုတံဆိပ်ကို ၎င်းထံသို့သာ ပြန်လည် ပေးအပ်သွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

သံမဏီနှင့် ဆက်သွယ်ရေးလုပ်ငန်းတို့ဖြင့် ကြွယ်ဝချမ်းသာလာသည့် အတ်စ်မန်နော့ဗ်က မစ္စတာ ၀ပ်ဆင်သည်သာ ဤဆုတံဆိပ်ပြားကို ပိုင်ဆိုင်ထိုင်သူ ဖြစ်ပြီး ယခုလို ရောင်းချခဲ့ခြင်းအပေါ် ၀ပ်ဆင် ခံစားနေရမည်ကို စိုးရိမ်မိသည်ဟု ဆိုသည်။

ဝပ်ဆင်သည် ၁၉၆၂ ခုနှစ်က DNA ၏ ဖွဲ့စည်းပုံကို လေ့လာခဲ့၍ ရရှိသော နိုဘယ်လ် ဆုတံဆိပ်ကို လေလံတင် ရောင်းချရာ ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းရရှိခဲ့သည်။

ယခုလို သက်ရှိထင်ရှားနိုဘယ်လ်ဆုရှင်က သူ၏ ဆုတံဆိပ်ကို လေလံတင်ခြင်းမှာ ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ဝပ်ဆင်သည် ယင်းမှ ရသော ငွေများ၏ တစိတ်တဒေသကို သိပ္ပံသုတေလုပ်ငန်းများအတွက် ရံပုံငွေအဖြစ် လှူဒါန်းရန် စီစဉ်ခဲ့သည်။

မကြာသေးမီက Financial Times နှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ၀ပ်ဆင်က မိမိကိုယ်ကိုယ် အငွေပျံသွားသူ တစ်ဦးကဲ့သို့ ခံစားမိကြောင်း ထုတ်ပြောခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က Christie လေလံခန်းမတွင် ယင်းဆုတံဆိပ်ကို လေလံတင်ရာ မစ္စတာ အတ်စ်မန်နော့ဗ်သည် မည်သူမည်ဝါဟု ထုတ်မပြောဘဲ ဖုန်းဖြင့်သာ လေလံဆွဲခဲ့ခြင်း ဖြစ်သည်။

“ထူးချွန်တဲ့ သိပ္ပံပညာရှင်တယောက်ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ရထားတဲ့ ဆုကို တခြားလူ မပိုင်ဆိုင်သင့်ဘူးလို့ ကျွန်တော် ထင်မြင်မိတယ်” ဟု ၎င်းက ဆိုသည်။

“၀ပ်ဆင်ဟာ လူသားသမိုင်းတစ်လျှောက်မှာ သိပ်ကို ကြီးမြတ်တဲ့ ဇီဝဗေဒပညာရှင်တစ်ယောက်ပါ၊ DNA ရဲ့ ဖွဲ့စည်းမှုကို လေ့လာလို့ရတဲ့ ဒီဆုဟာ သူပဲ ပိုင်ဆိုင်သင့်တာပေါ့” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ မစ္စတာ အတ်စ်မန်နော့ဗ်သည် ကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလီယံအထိ ကြွယ်ဝ ချမ်းသာပြီး အာဆင်နယ်အသင်းတွင် အဓိက ရှယ်ယာပိုင်ဆိုင်သူတစ်ဦး ဖြစ်ကာ ၂၀၁၃ ခုနှစ်အတွက် ဗြိတိန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်လည်း Sunday Times က ရွေးချယ်ခဲ့သည်။

ကျော်လင်းထွန်း
__Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရုရှားဘီလျံနာကြီးက လေလံအောင်ခဲ့သော နိုဘယ်လ်ဆုတံဆိပ်ကို မူရင်းပိုင်ရှင်ထံ ပြန်ပေးမည် ရုရှားဘီလျံနာကြီးက လေလံအောင်ခဲ့သော နိုဘယ်လ်ဆုတံဆိပ်ကို မူရင်းပိုင်ရှင်ထံ ပြန်ပေးမည် Reviewed by သစ်ထူးလွင် on 16:46 Rating: 5
Powered by Blogger.