မြောက်ဦးတွင် ရဲနှစ်ဦးအပါအဝင် လူ ၃ ဦးကို ဓားနှင့်ထိုးသူ ထွက်ပြေးလွှတ်မြောက်နေ

နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့တွင် ရဲနှစ်ဦး အပါအဝင် လူ ၃ ဦးကို ဓားနှင့်ထိုးခဲ့သည့် မူးယစ် ရမ်းကားသူ တစ်ဦးအား ဖမ်းမမိသေးဘဲ ယခုတိုင် ထွက်ပြေး လွတ်မြောက် နေကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောသည်။

“သူ့ကို အမြန်ဆုံး ဖမ်းဆီး ရမိဖို့အတွက် ကျွန်တော်တို့ ကင်းပုန်းတွေဝပ်ပြီး ပိုက်စိပ်တိုက်ရှာဖွေနေပါ တယ်”ဟု ရဲမှူးမြင့်သောင်းက  နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

လွတ်မြောက်နေသူမှာ မြောက်ဦးမြို့၊ ရွှေတောင်ရပ်ကွက်မှ ဦးအောင်ကျော်စိန်(၄ဝ နှစ်ဝန်းကျင်)ဖြစ်ပြီး သူသည် နိုဝင်ဘာလ ၁၈ ရက်နေ့  ညနေ ၃ နာရီခန့်က မြောက်ဦးမြို့ ကံလှရပ်ကွက်ရှိ မင်းဘာကြီးလမ်းပေါ်တွင် လမ်းသွားလမ်းလာ တစ်ဦး၊ ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် နယ်ထိန်းရဲတစ်ဦးတို့ကို အသင့်ပါလာသောဓားဖြင့် ထိုးခဲ့သည်ဟု ရဲမှူးမြင့်သောင်းက ဆိုသည်။

မြောက်ဦးမြို့ ရွှေတောင် ရပ်ကွက်နေ ဒေသခံတစ်ဦးကလည်း အခင်းဖြစ်ပွားပုံကို ယခုလို ပြောသည်။

“ အဲဒီနေ့ညနေပိုင်းက သူ အရက်တွေသောက်ထားပြီးတော့ လမ်းပေါ်မှာ ကိုးရိုးကားရားသွားနေတယ်။ ဆိုင်ကယ်စီးလာတဲ့ လင်မယားနှစ်ယောက်က သူ့ကြောင့် ဆိုင်ကယ်သွားမရတော့ လမ်းဖယ်ပေးဖို့ပြောတယ်။ ဒါကို မကျေနပ်လို့ သူ့မှာ ပါလာတဲ့ ဓားနဲ့ ဆိုင်ကယ်ပေါ်က အမျိုးသားကို တစ်ချက်ထိုးတယ်။ ဒီနောက် ရဲတွေ ရောက်လာပြီး ရဲနှစ်ယောက်ကိုလည်း ထပ်ထိုးပြီးတော့ သူထွက်ပြေးသွားတယ်” ဟု ဆိုသည်။

ဓားထိုးခံရသည့် ဆိုင်ကယ်စီးလာသောအမျိုးသားတွင် ရင်ဘတ်တွင်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ရဲတပ် ကြပ်ကြီးတွင် လည်ပင်းနှင့်နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီနှင့် နယ်ထိန်းရဲတွင် ဘယ်ဘက်နို့အုံ တို့တွင် ထိုးသွင်း ဒဏ်ရာတစ်ချက်စီ အသီးသီးရရှိခဲ့ကြောင်း မြောက်ဦး ဆေးရုံ တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

ယခုအခါ မြောက်ဦးမြို့ရှိ အထွေထွေရောဂါကုဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုသခံနေကြရသည်ဟု သိရသည်။

“မနေ့ညကလည်း သူ့ကို ရဲတွေကင်းပုန်းဝပ်ပြီး စောင့်နေကြရတယ်။ မြို့ပေါ်မှာလည်း တော်တော် လေးလှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြတယ်”ဟု ယမန်နေ့ညက မြို့၏အခြေအနေကို ဒေသခံတစ်ဦးက ပြောပြသည်။

(နိရဉ္စရာ- ၂၀  နိုဝင်ဘာ ၂ဝ၁၄) / မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese/?p=12797


မြောက်ဦးတွင် ရဲနှစ်ဦးအပါအဝင် လူ ၃ ဦးကို ဓားနှင့်ထိုးသူ ထွက်ပြေးလွှတ်မြောက်နေ မြောက်ဦးတွင် ရဲနှစ်ဦးအပါအဝင် လူ ၃ ဦးကို ဓားနှင့်ထိုးသူ ထွက်ပြေးလွှတ်မြောက်နေ Reviewed by သစ်ထူးလွင် on 12:19 Rating: 5
Powered by Blogger.