လစဉ်ကြေးမပေး၍ ဖမ်းထားသည့် ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ပြန်လွတ်ဟုဆို

မြန်မာရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းခွင့်ရရန် အတွက် လစဉ်ကြေး ပေးသွင်းရန် ပျက်ကွက်သော ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား (၆) ဦးကို မြန်မာနယ်ခြား စောင့်တပ်မှ ဖမ်းဆီးပြီး တစ်ရက်အကြာတွင် ပြန်လည် လွတ်ပေးလိုက်သည်ဟု ကော့စ်ဘဇားခရိုင်ထုတ် ဘင်္ဂလီ သတင်းစာ အများအပြားတွင် ရေးသား ဖေါ်ပြသည်။

လွတ်မြောက်လာသူ ငါးဖမ်းသမားများမှာ တက်ကနက်မြို့နယ် ဇာလီယာပါရာမှ နရူလ်အာလာမ် (၄၀)နှစ်၊ မူဇီလ် (၃၅)နှစ်၊ ကာလိုင်ယာ (၃၀) နှစ်၊ မိုဟာမတ် ရှောဖိလ် (၂၅)နှစ်အပါအ၀င် စုစုပေါင်း ၆ ဦးဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ် ဘင်္ဂလာဒေခ်ျ့ နယ်စပ်အနီး တာဝန်ကျနေသော မြန်မာနယ်ခြားစောင့်တပ်သည် မြန်မာရေပိုင်နက် အတွင်း ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမားများကို အခကြေးငွေ ကောက်ခံပြီး တရားမ၀င် ငါးဖမ်းခွင့်ပြုနေကြောင်း http://www.coxsbazarnews.com  တွင် ဖေါ်ပြသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က နတ်မြစ်အတွင်း ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမားများကို  မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ တစ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ကြောင်း၊   ဖမ်းဆီးခံရသည့် ငါးဖမ်းသမားများမှာ မြန်မာနယ်ခြားစောင့်တပ်မှ ထုတ်ပေးသော လက်မှတ်ဖြင့် အရင်ကတည်းက မြန်မာဘက်သို့ ငါးဖမ်းစက်လှေများဖြင့် တရားမ၀င် ၀င်ရောက် ငါးဖမ်းနေသူများ ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ယင်းပြင် တက်ကနက် ကာယူခါလီဂိတ်မှ နေ့စဉ်နေ့တိုင်း ရာနှင့်ချီသည့် ငါးဖမ်းလှေများမှာ မြန်မာနယ်ခြားစောင့်တပ်ကို လစဉ်ကြေးပေးပြီး မြန်မာနယ်ခြားစောင့်တပ် ခွင့်ပြုချက်ဖြင့် မြန်မာဘက်တွင် ငါးဖမ်းနေကြကြောင်း၊ ငါးဖမ်းပြီး တက်ကနက် ကာယူလ်ခါလီ ဂိတ်သို့ ပြန်လာနေကျဖြစ်ကြောင်း၊ ယခု ဖမ်းဆီးခံရသည့် ငါးဖမ်းသမားများမှာ မြန်မာ နယ်ခြားစောင့်တပ်ကို လစဉ်ကြေးမပေးသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရကြောင်း ကော့စ်ဘာဇား သတင်းတွင် ရေးသားသည်။

ဖမ်းဆီးသွားသည့် ငါးဖမ်းသမားများ လွတ်မြောက်ရန်အတွက် မြန်မာနယ်ခြားစောင့် တပ်နှင့် နီးစပ်သူတစ်ဦးက အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မြန်မာကျပ်ငွေ သိန်း ၄၀ တောင်းဆိုကြောင်းလည်း http://www.teknafnews.com ဖော်ပြထားသည်။

နိရဉ္စရာအနေဖြင့် မြန်မာရေပိုင်နက်အတွင်း နယ်ခြားစောင့်တပ်ဖွဲ့မှ လစဉ်ကြေးကောက်ယူကာ ငါးဖမ်းခွင့်ပြုနေသည်ဆိုသော ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြချက်အပေါ် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

တက်ကနက်အခြေစိုက် အမှတ် (၄၂) ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးက သူတို့ကို ယခုဖြစ်ရပ်နှင့် ပတ်သတ်ပြီး မည်သူမှ လာရောက်သတင်းပို့ တိုင်ကြားခြင်းမရှိသေးကြောင်းနှင့် လာရောက်တိုင်ကြားမှုရှိက ဖမ်းဆီးခံရသူများ လွတ်မြောက်ရန် လုပ်ဆောင်ပေးမည်ဟု ပြောဆို ကြောင်း samudrakanthanews တွင်ရေးသားထားသည်။

(နိရဉ္စရာ- ၂၂ အောက်တိုဘာ ၂၀၁၄) / မောင်အေး
http://www.narinjara.com/burmese/?p=12491


လစဉ်ကြေးမပေး၍ ဖမ်းထားသည့် ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ပြန်လွတ်ဟုဆို လစဉ်ကြေးမပေး၍ ဖမ်းထားသည့် ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ပြန်လွတ်ဟုဆို Reviewed by သစ်ထူးလွင် on 11:59 Rating: 5
Powered by Blogger.