ဆယ်ကျော်သက်အရွယ် အမေရိကန် အမျိုးသမီးငယ်တစ်ချို့ ဂျီဟတ်ကို ဆက်သွယ် ဝင်ရောက် ရန်ကြိုးစားခဲ့ကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရ

AFP၊ အောက်တိုဘာ ၂၂

အမေရိကန် ပြည်ထောင်စုမှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်(၃)ဦးသည် ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရန်ကြိုးစားနေသည့် စစ်သွေးကြွ အဖွဲ့များထံ ဆက်သွယ်ရန် ကြိုးစားခဲ့သည့် သံသယဖြစ်ဖွယ်ရာများ တွေ့ရှိ ရကြောင်း၊ အဆိုပါမိန်းကလေးငယ်များသည် မိဘများ၏ ပိုက်ဆံကို ခိုးယူပြီး ဂျာမနီကို သွားရောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုလိုက်သည်။

အဆိုပါ ဆယ်ကျော်သက်အရွယ် မိန်းကလေးများ၏ အသက်အရွယ်မှာ ၁၅၊ ၁၆၊ ၁၇ နှစ် အရွယ်များ ဖြစ်ကြပြီး လွန်ခဲ့သည့်သောကြာနေ့ က ကျောင်းပြေးခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့ ကို ဂျာမနီနိုင်ငံ Frankfurt လေးဆိပ်တွင် FBI က တားဆီး ခဲ့ပြီး ကော်လိုရာဒို သို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး မိသားစုနှင့် ပြန်လည်တွေ့ဆုံပေးခဲ့ခြင်းဖြစ်ကြောင်း FBI ပြောခွင့်ရ ပုဂ္ဂိုလ် Suzie Rayne က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆယ်ကျော်သက် မိန်းကလေးငယ်များသည် တူရကီမှတစ်ဆင့် ဆီးရီးယား သို့ ဦးတည်ခြင်း ဖြစ်နိုင်ကြောင်း၊ ယခုအခါ ၄င်းတို့၏ကွန်ပျူတာ အပါအဝင် အထောက်အထားများကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

“ယခုကိစ္စသည် လူ့အဖွဲ့အစည်းအတွက်ရော၊ နိုင်ငံအတွက်ရော စိုးရိမ် စရာဖြစ်ပြီးတော့၊ နိုင်ငံအတွင်း မှာ ဘယ်လို အဆက်အသွယ်မျိုးတွေ ရှိနေတယ်၊ မိန်းကလေးငယ်တွေရဲ့ လူမှုအသိုင်းအဝိုင်း အတွင်းမှာ ဘယ်လို မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေတယ်ဆိုတာ ထောက်လှမ်းရေးတွေအနေနဲ့ မှန်းဆဖို့ ကြိုးစားနေကြရတယ်လို့” အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆို လိုက်သည်။

အဆိုပါ မိန်းကလေးများ၏ဖခင်များက ၄င်းတို့၏သမီးငယ်များသည် ဒေါ်လာ (၂၀၀၀)၊ နိုင်ငံကူး လက်မှတ်မိတ္တူများနှင့်အတူ ပျောက်ဆုံး သွားကြောင်း သိရသည့် အချိန်တွင် သံသယများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မိသားစုများအနေဖြင့်လည်း မိန်းကလေးများနှင့် မည်သည့်ပြဿနာမျှ ထူးထူးခြားခြား မရှိကြောင်းလည်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


ဆယ်ကျော်သက်အရွယ် အမေရိကန် အမျိုးသမီးငယ်တစ်ချို့ ဂျီဟတ်ကို ဆက်သွယ် ဝင်ရောက် ရန်ကြိုးစားခဲ့ကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရ ဆယ်ကျော်သက်အရွယ် အမေရိကန် အမျိုးသမီးငယ်တစ်ချို့ ဂျီဟတ်ကို ဆက်သွယ် ဝင်ရောက် ရန်ကြိုးစားခဲ့ကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရ Reviewed by သစ်ထူးလွင် on 12:05 Rating: 5
Powered by Blogger.