နီပေါရေခဲ့တောင်ပြိုကျမှု သေဆုံးသူ ၁၂ ဦး ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့တပတ်က နီပေါနိုင်ငံ ဟိမ၀န္တာ တောင်ပေါ် တနေရာမှာ ဆီးနှင်း မုန်တိုင်းမိပြီး ရေခဲတောင် ပြိုကျမှုနဲ့ သေဆုံးသူ နောက်ထပ် ၁၂ ဦး မနေ့က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

ဒါကြောင့် သေဆုံးသူ အားလုံး အနည်းဆုံး ၄၀ ရှိပြီး ကနေဒါ၊ အိန္ဒိယ၊ အစ္စရေး၊ နီပေါ၊ ပိုလန်နဲ့ စလိုဗက်နိုင်ငံ သားတွေ ဖြစ်ကြ ပါတယ်။

တောင်ပြိုကျမှု ငယ်လေးတွေ ဆက်ဖြစ်နေခဲ့တာကြောင့် တောင်ပြိုကျပြီး ၆ ရက်ကြာတဲ့အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

အားလုံးကို ကယ်တင်ခဲ့ပြီးလည်းဖြစ်လို့ ကယ်ဆယ်ရေးလုပ်ငန်းအားလုံးပြီးဆုံးပြီလို့ ဆိုပါတယ်။

တောင်တက်ဖို့ စာရင်းပေးသူအယောက် ၁၂၀ ပဲရှိတာမှာ ကယ်တင်ခဲ့ရသူအယောက် ၆၀၀ လောက်ရှိခဲ့တာကြောင့် တောင်တက်သမားတွေကို အခုထက်ပိုပြီး ကြပ်မတ်တော့မယ်လို့ နီပေါအာဏာပိုင်တွေက ပြောဆိုပါတယ်။

အများစုဟာ တောင်တက်လေ့ကျင့်မှုနဲ့ တောင်တက်အတွေ့အကြုံ မရှိတဲ့သူတွေလည်း ပါဝင်တယ်လို့လည်း ပြောပါတယ်။

သေဆုံးသူတွေဟာ အေးခဲ လမ်းပျောက်နေချိန်မှာ တောင်အောက်ကို ဆက်ဆင်းသွားသူတွေလို့ တွေ့ကြုံခဲ့ရသူတွေက ပြောပါတယ်။

ဒါကြောင့် တောင်တက်လမ်းတလျှောက် ၃ ကီလိုမီတာတိုင်းမှာ နားခိုရန် အဆောက်အဦ အလုံး ၂၀၀ ကျော် ဆောက်လုပ်ဖို့လည်း နီပေါခရီးသွားလုပ်ငန်းက စီစဉ်နေပါတယ်။

နီပေါနိုင်ငံမှာ အခုလို တောင်တက်ရင်း ဘေးအန္တရာယ် ကြုံတွေ့တာဟာ တနှစ်အတွင်း ၂ ကြိမ်မြောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း ဧ၀ရတ်တောင်တက်လမ်းမှာ ဆီးနှင်းတောင်ပြိုကျခဲ့ပြီး နီပေါတောင်တက်လမ်းပြ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင် တ၀က်ကျော်ကျော်ဟာ နီပေါနိုင်ငံမှာ ရှိတာဖြစ်ပြီး နိုင်ငံစီးပွားရေးရဲ့ ၄ ရာခိုင်နှုန်းဟာ တောင်တက်နဲ့ ခရီးသွားလုပ်ငန်းက ရရှိတာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68459


နီပေါရေခဲ့တောင်ပြိုကျမှု သေဆုံးသူ ၁၂ ဦး ထပ်မံတွေ့ရှိ နီပေါရေခဲ့တောင်ပြိုကျမှု သေဆုံးသူ ၁၂ ဦး ထပ်မံတွေ့ရှိ Reviewed by သစ်ထူးလွင် on 08:44 Rating: 5
Powered by Blogger.