ဂြိုလ်ပြေနံပြေ ဘုရားရောက် မြွေကြီးသုံးကောင် လာရောက် ကြည့်ရှုသူ အလွန်များပြား

ပြင်ဦးလွင် အောက်တိုဘာ ၂၅

ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုး လမ်း မိုင်တိုင်အမှတ် (၂၈ မှ ၃ဝ) အတွင်းရှိ သုံးတောင်ကျေးရွာတွင် လွန်ခဲ့သောရက်ပိုင်းက ရောက်ရှိလာသော မြွေကြီးသုံးကောင်ကို စိတ်ဝင် တစားဖြင့် လာရောက် ကြည့်ရှုကြသော ပရိသတ်များ အလွန်များ ပြားကြောင်း သိရသည်။

မြွေကြီးသုံးကောင်ကို လာရောက် ကြည့်ရှုကြသော ဧည့်ပရိသတ်များသည် တည်ဆောက်ဆဲဂြိုဟ်ပြေနံပြေ ဘုရားသို့လည်း အလှူငွေများ ထည့်ဝင်လှူဒါန်းကြရာ အောက်တို ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ခြောက်ရက်တာအတွင်း အလှူငွေ ကျပ် သိန်းတစ်ရာကျော် ရရှိပြီဖြစ် ကြောင်း သိရသည်။

သုံးတောင်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် ဘုရားဂေါပကအဖွဲ့မှ ဦးစီး၍ နေ့စဉ် ဘုရားဖူးမြော်ရင်း မြွေကြီး သုံးကောင်ကို လာရောက်ကြည့်ရှုကြသော အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးဧည့်သည်များကို နံနက်ပိုင်းတွင် ထမင်းကျွေးခြင်း၊ ညနေပိုင်းနှင့် ညပိုင်းတွင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိပြီး လာရောက် ကြည့်ရှုသူ ဧည့်ပရိသတ်များပြား သောကြောင့် ဘုရားကုန်းတော်ပေါ်တွင် စားသောက်ဆိုင်တန်းများ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး ရောင်းချ သောဆိုင်တန်းများ၊ အဝတ်အထည် ရောင်းချသော ဈေးဆိုင်တန်းများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။

ကျေးရွာ ဘုရားဂေါပကများ အနေဖြင့် လာရောက်ကြသော ဧည့်ပရိသတ်များ အဆင်ပြေချောမွေ့စေ ရန်အတွက် ဘုရားအဝင်လမ်းခင်းခြင်း၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များကို စနစ်တကျနေရာ သတ်မှတ် ပေးထားခြင်းနှင့် တည်ဆောက်ဆဲ ဘုရားနှင့် မြွေကြီးသုံးကောင်၏ဖြစ်စဉ် ဗီဒီယိုမှတ်တမ်းများကို အများမြင်သာအောင် ပြသထားသည်။

သက်နိုင်(ပြင်ဦးလွင်)
(မြန်မာ့အလင်း)
https://www.facebook.com/MYANMAALINNNEWS


ဂြိုလ်ပြေနံပြေ ဘုရားရောက် မြွေကြီးသုံးကောင် လာရောက် ကြည့်ရှုသူ အလွန်များပြား ဂြိုလ်ပြေနံပြေ ဘုရားရောက် မြွေကြီးသုံးကောင် လာရောက် ကြည့်ရှုသူ အလွန်များပြား Reviewed by သစ်ထူးလွင် on 06:33 Rating: 5
Powered by Blogger.