ကျွဲရောင်းသည့်ကိစ္စ မကျေနပ်ရာမှ တူဝရီချင်း လူသတ်မှု ဖြစ်ပွား

တောင်ငူ၊ အောက်တိုဘာ ၁၆

တောင်ငူမြို့နယ်၊ ကညင်မြောင်ကျေးရွာတဲစုတွင် အောက်တိုဘာလ (၁၁)ရက် နေ့နံနက်(၉)နာရီခွဲ အချိန်တွင် မိခင်ဖြစ်သူ ကျွဲရောင်းသည်ကို မကျေနပ်သည့် သားဖြစ်သူမှ လာရောက်ရန်ရှာစဉ် ဦးလေးဖြစ်သူက ဝင်ရောက်ဖျန်ဖြေရာမှ စကားများကာ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကညင်မြောင်ကျေးရွာတဲစုနေ ဒေါ်ရင်ရွှေသည် တောထဲမှနေ၍ ထင်းခွေပြီးပြန်လာခဲ့ရာ တဲရှေ့အရောက်တွင် ကျွဲရောင်းလိုက်သည်ကို မကျေမနပ်ဖြစ်နေသည့် သားဖြစ်သူ စိုးမင်းဦး (၂၉)နှစ် (ဘ)ဦးကိုကြီး ရောက်ရှိလာပြီး ရန်ရှာနေစဉ် ဦးလေးတော်သူ ဦးမောင်ပု(၄၅)နှစ် (ဘ)ဦးမောင်စိန်က ကြားမှ ဝင်ရောက်တားမြစ်ရင်း တစ်ယောက်တစ်ခွန်း စကားများခဲ့သည်။ စကားများပြီးနောက် နှစ်ဦးသားလုံးထွေးသတ်ပုတ်ရင်း စိုးမင်းဦးက လက်ထဲတွင် အသင့်ပါလာသည့် ဓါးဖြင့်ခုတ်ရန်ရွယ်လိုက်စဉ် ဒေါ်ယဉ်ရွှေမှ ဓါးကိုဝင်လုခဲ့ရာ ယာဘက်လက်ဖဝါး၌ ပြတ်ရှဒါဏ်ရာ (၁)ချက်ရရှိခဲ့သည်။

ထို့နောက် ဦးမောင်ပုမှ စိုးမင်းဦး လက်ထဲတွင် ရှိနေသည့် ဓါးကိုလုယူခဲ့ပြီး ပြန်ခုတ်ခဲ့၍ စိုးမင်းဦးတွင် ယာလက်ပြင် ပြတ်ရှဒါဏ်ရာ(၁)ချက်၊ ဝဲဘက်တစ်တောင်ဆစ် ပြတ်ရှဒါဏ်ရာ(၁)ချက်၊ ဝဲနားရွက်နောက် ပြတ်ရှဒါဏ်ရာ (၁)ချက်၊ ဝဲမျက်လုံးအပေါ် ပြတ်ရှဒါဏ်ရာ(၁)ချက်၊ ဝဲမျက်ခုံးအောက် ပြတ်ရှဒါဏ်ရာ(၁)ချက်ရရှိကာ သေဆုံးခဲ့၍ မိခင်ဖြစ်သူ ဒေါ်ရင်ရွှေက တရားလိုပြုလုပ် တိုင်တန်ခဲ့ရာ ကျွန်းကုန်းနယ်မြေရဲစခန်းမှ (ပ)၈၃/၂၀၁၄ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ကျွဲရောင်းသည့်ကိစ္စ မကျေနပ်ရာမှ တူဝရီချင်း လူသတ်မှု ဖြစ်ပွား ကျွဲရောင်းသည့်ကိစ္စ မကျေနပ်ရာမှ တူဝရီချင်း လူသတ်မှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 16:04 Rating: 5
Powered by Blogger.