ပီအာစနစ်ကန့်ကွက်လက်မှတ်များ ၁၁ မြို့နယ်မှာ ကောက်ခံ

ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် ကန့်ကွက်တဲ့ လက်မှတ်တွေကို ရန်ကုန်တိုင်းဒေသ ကြီးက မြို့နယ် ၁၁ မြို့နယ်မှာ ပြည်သူ့လှုပ်ရှား မှုမြှင့်တင်ရေး ကွန်ရက်၊ ဒီမိုကရေစီအင်အားစု၊ ကြည့်မြင်တိုင် လူမှုဖံွ့ဖြိုးရေးကွန်ရက် အဖွဲ့ဝင်တွေ ၂၀၀ လောက်ကကောက်ခံနေကြပါတယ်။

ဒေါပုံ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ အင်းစိန်၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ စတဲ့ မြို့နယ် ၁၁ မြို့နယ်မှာလက်မှတ်တွေ ကောက် ယူနေကြတာ ဖြစ်ပါတယ်။

လက်မှတ်ကောက်ယူနေတဲ့အခြေအနေကို ပြည်သူ့ လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က အထွေထွေ အတွင်းရေးမှူး ကိုမြတ်ကျော်က အခုလိုပြောပါတယ်။

"ရန်ကုန်တိုင်းတစ်တိုင်းလုံးနီးပါးတော့ ခြုံငုံပြီးကောက်နိုင်အောင်ကြိုးစားနေပါတယ်၊ သာမန်ကွန်ရက် တစ်ခုဖြစ်တဲ့အခါကျတော့ အခတ်အခဲတွေရှိနေလို့ပါ၊ လောလောဆယ်ကတော့ ဒီမိုကရေစီအင်အားစုတို့ ၊ ကြည့်မြင်တိုင် လူမှုဖွံ့ဖြိုးရေးကွန်ရက်တို့ အဖွဲ့အစည်းအနေနဲ့တော့ ၂ ဖွဲ့၊ ၃ ဖွဲ့ပဲရှိတယ်၊ သာမန်အဖွဲ့ အစည်းဝင်မဟုတ်တဲ့ တက်ကြွလှုပ်ရှားသူတွေက ပိုများတယ်၊ အယောက် ၁၅၀၊ ၂၀၀ လောက်ကတော့ မြို့နယ်အသီးသီးမှာကောက်နေကြတယ်ဗျ၊ လောလောဆယ်တော့ ပထမအချက်အနေနဲ့ သူတို့နေထိုင် တဲ့ ရပ်ကွက်တွေမှာ ကောက်တာပေါ့၊ ဒီသုံးလေးရက်အတွင်းမှာ လက်မှတ်ကောက်ခံတဲ့ နှီးနှောဖလှယ် ပွဲတွေ လုပ်ဖို့တော့ အစီအစဉ်ရှိတယ်"

အဲ့ဒီ ပီအာစနစ် ကန့်ကွက်တဲ့လက်မှတ်တွေကို ပြီးခဲ့တဲ့သြဂုတ်လ၂၈ ရက်နေ့က စတင်ကောက်ခံခဲ့တာဖြစ်ပြီး ၁၅ ရက်ကြာ ကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီနောက် ရရှိတဲ့လက်မှတ်တွေကို လွှတ်တော်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို ပေးပို့သွားမယ်လို့သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ပီအာစနစ်ကန့်ကွက်လက်မှတ်များ ၁၁ မြို့နယ်မှာ ကောက်ခံ ပီအာစနစ်ကန့်ကွက်လက်မှတ်များ ၁၁ မြို့နယ်မှာ ကောက်ခံ Reviewed by သစ်ထူးလွင် on 02:25 Rating: 5
Powered by Blogger.