နွှဲစို့တူပျော် မြို့ရွှေကျင်ရဲ့ သီတင်းကျွတ်မီးမျှောပွဲတော်

မြန်မာနိုင်ငံတစ်ဝန်း၌ ဒေသအလိုက် ကျင်းပ ဆင်နွှဲသည့် ပွဲတော် များအနက် ပဲခူးတိုင်း ဒေသကြီး ရွှေကျင်မြို့နယ် အတွင်းရှိ ရွှေကျင်သီတင်းကျွတ် မီးမျှောပူဇော်ပွဲသည် နာမည်ကျော်ကြားလှပြီး ကာလရှည်ကြာစွာ ကျင်းပသည့် ပွဲတော်ကြီး လည်း ဖြစ်သည်။

၁၂ရာသီပွဲတော်များအနက် ရွှေကျင်သီတင်းကျွတ်မီးမျှောပူဇော်ပွဲသည် ဒေသတွင်း၌သာမက မြန်မာနိုင်ငံအရပ်ရပ်သို့ပင် ပျံ့နှံ့ကျော်ကြားသည်။

ကုန်းဘောင်ခေတ် နှောင်းပိုင်းမှစ၍ ကျင်းပလာခဲ့သော ရွှေကျင် မီးမျှောပူဇော်ပွဲသည် မြတ်စွာဘုရား အားအမှူးထား၍ တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်ဖြင့် စံမြန်းနေသည့်ရှင်ဥပဂုတ္တမထေရ်မြတ်အားရည်စူး၍ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် ရွှေကျင်ချောင်းအတွင်း၌ ဆီမီးရောင်စုံ မီးကြာခွက်များရေမျှော ပူဇော်သည့်ပွဲတော်တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းကျင်းပလာသည်မှာ ယနေ့တိုင်ဖြစ်သည်။

ယခုနှစ်ကျင်းပမည့် (၁၆၃)နှစ်မြောက် ရွှေကျင်မြို့နယ် သီတင်းကျွတ် မီးမျှောပူဇော်ပွဲကိုလည်း သီတင်းကျွတ်လဆန်း ၈ ရက်မှလပြည့်ကျော် ၁ ရက် အထိ ကုန်းပွဲ၊ရေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ သီတင်းကျွတ်မီးမျှောပွဲကို ရွှေကျင်မြို့ ပျဉ်းမရပ်ရှိ ချောင်းနံဘေးနှင့် ရွှေကျင် ချောင်းအတွင်း၌ ကျင်းပပြီး ရွှေကျင်သီတင်းကျွတ်မီးမျှောပူဇော်ပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ ရက် သတ်မှတ်ထားသည့် မင်္ဂလာအချိန်မှ စတင်ကာ သီတင်းကျွတ်လဆန်း ၁၂ ရက်တွင် ရွှေကျင်မြို့ လေးထပ်ကျောင်းဓမ္မာရုံကြီး၌ ရှင်ဥပဂုတ္တမထေရ်မြတ်အား အမှူးထား၍ သံဃာတော်အရှင်သူမြတ်များအား ရွှေကျင်မြို့သူမြို့သားများက နေ့ဆွမ်းဆက်ကပ်ပူဇော်ပြီး နောက်တစ်နေ့တွင် ရွှေကျင်မြို့အတွင်းသို့ ရဟန္တာအရှင်မြတ်ကြီးအား လှည့်လည်ပူဇော်ခံကျင်းပခြင်း တို့ကိုဆောင်ရွက်ပါသည်။ ထိုမှတစ်ဆင့် ရွှေကျင်ချောင်းအတွင်းရှိ ကရဝိက် ဖောင်တော်ပေါ်သို့ ရှင်ဥပဂုတ္တမထေရ်မြတ်ရုပ်ပွားတော်အားပင့်ဆောင်၍ သံဃာ တော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ထိုအခမ်းအနားမှ စတင်၍ သီတင်းကျွတ်မီးမျှောပူဇော်ပွဲ၏ ကုန်းပွဲတော်စတင်ပြီဖြစ်ပြီး ရွှေကျင်မြို့သည် လှုပ်ရှားသက်ဝင်လာကာ ပွဲတော်ကျင်းပရာနေရာတစ်ဝိုက်၌ ဓမ္မတေးသံများ လွှမ်းခြုံနေမှုကို တွေ့မြင်ရမည်ဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် ရွှေကျင်မြို့အရှေ့ဘက် တောင်စွယ်ပေါ်ရှိ အရှေ့မဟာဗုဒ္ဓဘုရားကြီး၌ နံနက်အရုဏ်တက်ချိန်မှစ၍ ရွှေကျင်မြို့နယ်အတွင်းနှင့် ရပ်ဝေးမှ ဘုရားဖူးပြည်သူများက သဒ္ဓါထက်သန်စွာဖြင့် ဆွမ်းတော်ကြီးတင်လှူပွဲကိုလည်း နှစ်စဉ်ကျင်းပကြသည်။

ပွဲတော်၏အထွတ်အထိပ်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော်၁ရက် နံနက်ပိုင်းမှစတင်ကာ ရွှေကျင်ချောင်းအတွင်း၌ တက်ခုတ်ယိမ်း၊ တက်ပျံ ယိမ်း၊ ယိမ်းအဖွဲ့၊ ကရင်ရိုးရာ ဒုံးယိမ်း၊ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့များက စက်တပ်လှေဖောင်များဖြင့် ကပြဖျော်ဖြေပြိုင်ပွဲဝင်ကြသည်ကို ဒေသခံ တိုင်းရင်းသားများနှင့် ပွဲတော်လာပရိသတ်များက ကမ်းလုံးညွတ်မျှကြည့်ရှု အားပေးကြပြီး အထူးစည်ကားလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ယင်းနေ့ ညနေ ၄ နာရီမှစ၍ ဗဟိုမဏ္ဍပ်၌ ယိမ်းပြိုင်ပွဲအသီးသီးနှင့် တက်ခုတ်၊ တက်ပျံယိမ်းပြိုင်ပွဲများမှ ဆုရရှိသည့် အသင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး ညနေ ၆ နာရီတွင် မီးမျှောပူဇော်ပွဲမစတင်မီ လှော်ကားတော်ကြီးလှေဦးဆောင်၍ရှင်ဥပဂုတ္တမထေရ်မြတ်စံမြန်းတော်မူသည့် ကရဝိက်ဖောင်တော်သည် ဝတ်ရွတ်အသင်းဝင်လှေများခြံရံကာ ရွှေကျင် ချောင်းအထက်အောက်သို့ လက်ယာရစ်သုံးကြိမ်လှည့်လည် အပူဇော်ခံသည်။

သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ညနေချမ်းနေခြည်အကျ မှောင်စပျိုးချိန်တွင် ရွှေကျင်ချောင်း၏ မှန်သားပြင်တမျှ ကြည်လင်ငြိမ်သက်သော ရေအလျဉ်တွင် မီးမျှောပူဇော်ခြင်းတို့ကြောင့် ထူးခြားသည့် အသွင်ဆောင်လျက်ရှိသည်။

အနယ်နယ်အရပ်ရပ်ရှိ ဘုရားဖူးပြည်သူအပေါင်းသည် မိသားစုအလိုက် ပျော်ရွှင်စွာဖြင့် ကုသိုလ်လည်းရ အပန်းလည်းဖြေနိုင်ရန် ရွှေကျင်သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်သို့ ဘုရားဖူးကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။ ။

ပိန်းဇလုပ် - သိန်းညွန့်
The Mirror Daily
https://www.facebook.com/TheMirrorDaily


နွှဲစို့တူပျော် မြို့ရွှေကျင်ရဲ့ သီတင်းကျွတ်မီးမျှောပွဲတော် နွှဲစို့တူပျော် မြို့ရွှေကျင်ရဲ့ သီတင်းကျွတ်မီးမျှောပွဲတော် Reviewed by သစ်ထူးလွင် on 02:50 Rating: 5
Powered by Blogger.