မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အကြောင်းကြား


ဘိုးဘွားပိုင်မြေရရှိရန် အသေခံဆန္ဒပြမည်ဆိုကာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသော မိကျောင်းကန်ဆန္ဒပြသူများ၏ ဆန္ဒပြရက်ပေါင်း ၁၉၀ ပြည့်ရက်တွင် ယင်းသပိတ်စခန်းကို ဖယ်ရှားပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှုးက ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြောင်းကြားစာလာရောက်ကပ်ခဲ့ကြောင်း သိရသည်။

"ဒါဟာအဖြေမဟုတ်ဘူး။ဒါမျိုးလာလုပ်လည်းကျွန်တော်တို့ကဆက်လက်ရပ်တည်နေအုံးမှာပဲ။မဖယ်ဘူး။ကျွန်တော်တို့ကိုဖယ်ပေးစေလိုတယ်ဆိုရင်ဒီလိုလုပ်စရာမလိုဘူး။လာညှိနှိုင်းလိုက်။အခုဖယ်ပေးမယ်"ဟု သပိတ်စခန်းခေါင်းဆောင် ကိုမောင်မောင်က News Watch ကိုပြောသည်။

အဆိုပါစာတွင် ကျောက်တံတားမြို့နယ် အမှတ်(၂)ရပ်ကွက် မဟာဗန္ဓုလပန်းခြံလမ်း၊ပန်းခြံဘေးလူသွားစင်္ကြန်ပေါ်တွင် ယာယီအမိုးအကာများပြုလုပ်ကာ နေ့၊ညမပြတ် အသုံးပြုနေခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေကို ချိုးဖောက်ရာရောက်နေကြောင်း၊ထို့ကြောင့် လာမည့်အောက်တိုဘာ ၃ ရက်နေ့တွင် အများပြည်သူဆိုင်ရာ လူသွားစင်္ကြန်ပေါ်တွင် ဆောင်လုပ်ထားသော အမိုးအကာများအား ဖျက်သိမ်းပြောင်းရွှေ့ပေးရန် မေတ္တာရပ်ခံအသိပေးကြောင်း ပါရှိသည်။

"တကယ်လို့မပြောင်းပေးရင်တော့ တရားစွဲဆိုတာတွေလုပ်သွားရမှာပဲ ၊ဥပဒေအတိုင်းပေါ့"ဟု YCDC ၏ အဆင့်မြင့်အရာထမ်းတစ်ဦးက News Watch ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း အဆိုပါသပိတ်စခန်းကို ရုတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌါနကဆောင်ရွက်ခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အကြောင်းကြား မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အကြောင်းကြား Reviewed by သစ်ထူးလွင် on 20:32 Rating: 5
Powered by Blogger.