မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြား JJ Express ယာဉ်တိမ်းမှောက်ခြင်း (ဓါတ်ပုံ)



ဖြစ်စဉ်ဖြစ်ပွားခဲ့သော ယာဉ်၏ နောက်ဘီး(၄) ဘီးလုံးမှ တာယာများမှာ တာယာသားပန်းများ လုံးဝမရှိဘဲ ပြောင်ချောနေပြီး စတီးကြိုးများ ပေါ်သည့် တိုင်အောင် ပါးနေကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။




 (၂၀.၈.၂၀၁၄)ရက်နေ့၊ နေ့လည် (၁၄း၁၅)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြားတွင် JJ Express ယာဉ်လိုင်းမှ နေပြည်တော်-မန္တလေးခရီးစဉ်၊ ယာဉ်အမှတ် 1G/1493၊ ယာဉ်မောင်း - ဦးတင်လင်းအောင်၊ အသက် (၃၅)နှစ်၊ (ဘ) ဦးစံလှ မောင်းနှင်သောယာဉ်သည် မိုးရွာသွန်းနေစဉ် အရှိန်ဖြင့်မောင်းနှင်မှုကြောင့် လမ်းကွေ့တွင်စလစ်ဖြစ်ပြီး အသွားလမ်းမှ လမ်းလယ်ကျွန်းကို ကျော်ကာ အပြန်လမ်းဘက်သို့ရောက်ရှိပြီး ဘေးတစ်စောင်းတိမ်းမှောက်သွားသော ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။

အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အမျိုးသား(၁၈)ဦး၊ အမျိုးသမီး (၁၁)ဦး၊ ပေါင်း (၂၉)ဦးပါရှိခဲ့ပြီး ယာဉ်မောင်းအပါအ၀င် အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၂)ဦးတို့မှာ ဒဏ်ရာအသီးသီး (အားလုံးမစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး နေပြည်တော်ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဒဏ်ရာရရှိသူများတွင် တယ်လီကွန်းကုမ္ပဏီမှ တရုတ်နိုင်ငံသား အင်ဂျင်နီယာအမျိုးသား(၂)ဦးနှင့် သြစတေးလျနိုင်ငံသူ မြန်မာစာ (Ph.D)စာတမ်းပြုစုရန် လေ့လာနေသူတစ်ဦးတို့ ပါရှိခဲ့ပါသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သောယာဉ်၏ နောက်ဘီး(၄)ဘီးလုံးမှ တာယာများမှာ တာယာသားပန်းများလုံးဝမရှိဘဲပြောင်ချောနေပြီး စတီးကြိုးများပေါ်သည့်တိုင်အောင် ပါးနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၄င်းယာဉ်မောင်းသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိစေရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှပူးပေါင်းပြီး ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းဖြင့်သာမောင်းနှင်စေရေး အချိန်ထိန်းကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက် လျက်ရှိနေသော နေပြည်တော် (စီ)လမ်းဆုံ တိုးလ်ဂိတ်အားဖြတ်သန်းမောင်းနှင်ခြင်းမရှိဘဲ အမြန်လမ်းပေါ်တက်ရောက်ရန် ခွင့်ပြုထားခြင်းမရှိသောနေရာမှ မောင်းနှင်တက်ရောက်ခဲ့ပြီး ရာသီဥတုပုံမှန်မဟုတ်ဘဲမိုးသည်းထန်စွာရွာသွန်းနေစဉ်တွင်အရှိန်ပြင်းစွာမောင်းနှင်ခဲ့မှုကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အဖွဲ့အစည်း များမှ ယာဉ်မတော်တဆမှုများဖြစ်ပွားခြင်းမရှိစေရေးအတွက် အမြန်လမ်းအသုံးပြုသည့် မော်တော်ယာဉ်များအားယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှု မရှိစေရေး အချိန်ထိန်းစနစ်ဖြင့်စစ်ဆေးခြင်း၊ ခရီးသည်တင်ယာဉ်များပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသော်လည်း ယခုကဲ့သို့ ခရီးသွားပြည်သူများအပေါ် စာနာငဲ့ညှာခြင်းမရှိဘဲ သက်တမ်းကုန်ဆုံးပြီး အရည်အသွေးလုံးဝမရှိသော တာယာဘီးများအသုံးပြုခဲ့သည့် မော်တော်ယာဉ်ပိုင်ရှင်/ မော်တော်ယာဉ်လိုင်းနှင့် မိမိယာဉ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်းမရှိဘဲ မိုးသည်းထန်စွာ ရွာသွန်းနေသည့်ရာသီဥတုအခြေအနေတွင်အရှိန်ပြင်းစွာမောင်းနှင်ခဲ့သူမော်တော်ယာဉ်မောင်းအား ပညာပေးကာလကုန်ဆုံးခဲ့ပြီးဖြစ်သဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad


မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြား JJ Express ယာဉ်တိမ်းမှောက်ခြင်း (ဓါတ်ပုံ)   မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြား JJ Express ယာဉ်တိမ်းမှောက်ခြင်း (ဓါတ်ပုံ) Reviewed by သစ်ထူးလွင် on 11:41 Rating: 5
Powered by Blogger.