Ferrari ပြိုင်ကားဟောင်းတစီးကို အမေရိကန်ဒေါ်လာ ၃၈.၁ သန်းနှင့် ရောင်းချ

 ၁၉၆၂ ခုနှစ်ထုတ် Ferrari ပြိုင်ကားဟောင်းတစီးကို အမေရိကန်ဒေါ်လာ ၃၈.၁ သန်းနဲ့ သြဂုတ်လ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ စံချိန်တင်ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံးကားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဗြိတိန်အခြေစိုက် Bonhams လေလံကုမ္ပဏီက လေလံတင်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၅ ကနေ ၂၀၁၄ အထိ ပိုင်ရှင်တဦးထဲက ၄၉ နှစ်ကြာ ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ပိုင်ရှင်တဦးတည်းပိုင် ကားတစီးလည်းဖြစ်ခဲ့တယ်လို့ လေလံကုမ္ပဏီက ဆိုပါတယ်။

Ferrari 250 GTO ကားအမျိုးအစားဖြစ်ပြီး ၁၉၆၂ စက်တင်ဘာလ ၁၁ ရက်နေ့မှ ထုတ်ခဲ့ပါ တယ်။ ၁၉၆၂ Tour de France ကားမောင်းပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ ပထမဆုံးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ကားနဲ့ ကားမောင်းပြိုင်ပွဲတခုမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကားမောင်းသူ သေဆုံးခဲ့ပါသေးတယ်။

အီတလီကားကုမ္ပဏီ Ferrari ကပဲ ကားကို ပြန်လည်ပြုပြင်ပြီးချိန် ၁၉၆၅ ခုနှစ်ကစလို့ အီတလီသူဌေးသားတဦးက ၀ယ်ယူပြီး တဦးတည်းထိန်းသိမ်းခဲ့ပါတယ်။

နှစ်ပေါင်း ၄၀ ကြာ ဂန္ထ၀င်ကားအလှပြပွဲတွေ၊ သမိုင်းဝင်ကားပြိုင်ပွဲတွေမှာသာ ၀င်မောင်းခဲ့ပြီး တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံး 250 GTO နောက်ဆုံးလက်ကျန်တစီး ဖြစ်ခဲ့ပါတယ်။

By Webteam (ဒီဗွီဘီ)
http://burmese.dvb.no/archives/62536

ဓာတ်ပုံ - ရိုက်တာ

Ferrari ပြိုင်ကားဟောင်းတစီးကို အမေရိကန်ဒေါ်လာ ၃၈.၁ သန်းနှင့် ရောင်းချ  Ferrari ပြိုင်ကားဟောင်းတစီးကို အမေရိကန်ဒေါ်လာ ၃၈.၁ သန်းနှင့် ရောင်းချ Reviewed by သစ်ထူးလွင် on 18:29 Rating: 5
Powered by Blogger.