အရေးကြီးတဲ့ ရွေးချယ်မှု မြန်မာခေါင်းဆောင်တွေ လုပ်ရမယ်

  မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ လုပ်ဆောင် စရာတွေ ကျန်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အစိုးရကို တွန်းအားပေး သွားမှာ ဖြစ်သလို၊ ကူညီဆောင်ရွက် နိုင်တာ မှန်သမျှ ကိုလည်း အကူအညီပေး သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဒါပေမယ့်လည်း အရေးကြီးတဲ့ ရွေးချယ်မှု တွေကိုတော့ မြန်မာခေါင်းဆောင်ပိုင်းက လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ၀န်ကြီးကယ်ရီက ပြောခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကယ်ရီဟာ ပြီးခဲ့တဲ့သီတင်းပတ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက်၊ သူမြင်တွေ့ခဲ့ရတဲ့ပြောင်းလဲမှု အခြေအနေတွေ အပေါ်မှာ ကျေနပ်အားရမိတဲ့ အကြောင်း တနေ့တုန်းက ဟာဝါရီ ဟိုနိုလူလူ တက္ကသိုလ် East Weast Center မှာ ပြောဆိုသွားတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်အစိတ်လောက် မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးဆောင်ရွက်ခဲ့တဲ့အပေါ်မှာ ကျေနပ်အားရမိပြီး၊ အခုအပြောင်းအလဲအချို့ကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ကြီးမားတဲ့ စမ်းသပ်မှုတွေကိုတော့ မြန်မာခေါင်းဆောင်တွေ ရင်ဆိုင်နေရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။

“ ဒါပေမယ့်လည်း မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲဖို့ သွားစရာ အတော်တော့ ကျန်ပါသေးတယ်။ အခုရှိနေတဲ့ နက်နဲတဲ့ စိန်ခေါ်မှုတွေကို လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲကို ဦးဆောင်နေကြသူတွေက ကိုင်တွယ်ဖြေရှင်းနေကြပါတယ်။ အဲဒီအထဲမှာ စစ်တပ်ရဲ့အခန်းကဏ္ဍသစ်ကို ဘယ်လို သတ်မှတ်မလဲ၊ ဖွဲ့စည်းပုံပြောင်းလဲရေးနဲ့ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ကိစ္စတွေ၊ ဆယ်စုနှစ်တွေ ချီကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့၊  မြန်မာပြည်သူတွေ ရဲ့ လူ့အခွင့်အရေးကို ဥပဒေအရ အာမခံချက်ပေးဖို့ဆိုတာတွေ ပါဝင်ပါတယ်။

တချိန်တည်းမှာလည်းပဲ ရင်းနှီးမြုပ်နှံမှုတွေပိုဖြစ်လာဖို့ ဆွဲဆောင်တာ၊ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်တာ၊ တိုင်းပြည်ရဲ့ သစ်တောနဲ့ အခြားအရင်းအမြစ်တွေကို ကာကွယ်ဖို့ လုပ်ဆောင်နေကြာတာလည်း ရှိပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအပြောင်းအလဲအတွက် ကြီးမားတဲ့ စမ်းသပ်မှုတွေပါ။ ဒါတွေအတွက် ကျနော်တို့အနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ တကယ့် အရေးကြီးတဲ့ ရွေးချယ်မှုတွေ ကိုတော့ မြန်မာခေါင်းဆောင်တွေက လုပ်ဆောင်ရမှာဖြစ်ပါတယ်။”

နှိုင်းယှဉ်ချက်အရဆိုရင် ဒေသတွင်းနိုင်ငံအချို့ အထူးသဖြင့် ထိုင်းနိုင်ငံတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနောက်ပြန်လှည့်နေတဲ့ အခြေအနေကို ထောက်ပြပြီး၊ မြန်မာနိုင်ငံ အပြောင်းအလဲဟာ ဒေသတွင်း ထင်ရှားသိသာမှုဖြစ်စေ တယ်လို့လည်းပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်ပြီး အပြောင်းအလဲတွေဖြစ်သွားဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ တတ်နိုင်သမျှ အားလုံးကူညီသွား မယ်လို့ နိုင်ငံခြားရေး ၀န်ကြီးကယ်ရီက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သူတွေကို အကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အရာရာ လုပ်ဆောင်ပေးသွားမှာပါ။ အထူးသဖြင့်တော့ လာမယ့်နှစ် ရွေးကောက်ပွဲကို အကူအညီပေးသွားမှာပါ။ ရခိုင်ပြည်နယ်က လူမှုအကြပ်အတည်းတွေကို ဖြေလျှော့နိုင်ဖို့၊ အမုန်းစကားနဲ့ ဘာသာရေး အကြမ်းဖက်မှုတွေကို အရေးယူဆောင်ရွက်ဖို့၊ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲလုပ်ဆောင်ဖို့၊ လွတ်လပ်စွာစုံရုံးခွင့် ဆန္ဒဖော်ထုတ်ခွင့်တွေကို အကာအကွယ်ပေးဖို့ ဆိုတာတွေကို မြန်မာ အစိုးရကိုလည်း ကျနော်တို့ တိုက်တွန်းသွားပါမယ်။”

ဟိုနိုလူလူတက္ကသိုလ်မှာ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်အစိုးရမူဝါဒ အမြင်တွေကို ပြောဆိုရာမှာ မြန်မာနိုင်ငံကိစ္စကိုပါ ၀န်ကြီးကယ်ရီက ထည့်သွင်းပြောသွားတာပါ။ အာရှနဲ့ပတ်သက်လို့ မြန်မာအပါအ၀င် အလားအလာကောင်းရှိတဲ့ အခြေအနေတွေကို ထောက်ပြသလိုပဲ၊ အမေရိကန်ပြည်ထောင်စု အနေနဲ့လည်း ကိုယ့်ရဲ့မဟာဗျူဟာကျကျ အကျိုးစီးပွားအတွက် ဒီဒေသနဲ့ ဆက်ဆံမှုတွေ တိုးမြင့်သွားမယ်လို့လည်း ၀န်ကြီးကယ်ရီက ပြောဆိုခဲ့ပါတယ်။

ကိုသားညွန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/burmese-leaders-havt-to-make-the-right-choice-says-kerry/2414056.html


အရေးကြီးတဲ့ ရွေးချယ်မှု မြန်မာခေါင်းဆောင်တွေ လုပ်ရမယ်  အရေးကြီးတဲ့ ရွေးချယ်မှု မြန်မာခေါင်းဆောင်တွေ လုပ်ရမယ် Reviewed by သစ်ထူးလွင် on 08:02 Rating: 5
Powered by Blogger.