လိုင်စင်မဲ့ ကားတွေပေါ်မှာ အဖွဲ့အစည်းများ တံဆိပ်တွေခွာသင့်တယ်

 ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် အစိုးရ တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးထားပြီး သည်မှာ ယခုဆိုလျှင် နှစ်နှစ်ခွဲရှိနေပြီဖြစ်သည်။

တခြားသော လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း ယခင်ကတည်းကပင် ကယား(ကရင်နီ)ပြည်နယ် အတွင်းမှာ ငြိမ်းချမ်းရေး ယူထားကြသည်မှာ ဆယ်စုနှစ်မက ရှိနေကြပြီးဖြစ်သည်။

ကယားပြည်နယ်အတွင်းတွင် ယခင်ငြိမ်းချမ်းရေး ယူထားကြသည့် အဖွဲ့များသည် အစိုးရ၏ အထူးအခွင့်အရေး ပေးသည့်သဘောအနေဖြင့် စီးပွားရေးလုပ်ပိုင်ခွင့်များ၊ နယ်မြေများ သတ်မှတ်ပေးခြင်းများ၊ အဆုံးစုံ လိုင်စင်မဲ့ကားများကို အဖွဲ့အစည်းတံဆိပ်တွေတပ်ပြီး ပြည်သူများအကြား အခွင့်ထူးခံစားနေရသည့် ကိစ္စများသည် ယခုချိန်ထိ တွေ့နေမြင်နေ ကြရအုံးမည်ဖြစ်သည်။

အဖွဲ့အစည်းများနှင့် နီးစပ်သူများ၊ ဆွေမျိုးသားချင်းများကလည်း ထောက်ခံချက်၊ ထောက်ခံစာများယူပြီး အဖွဲ့အစည်းတံဆိပ်တွေကပ် ကိုယ်ကျိုးအတွက်သာကြည့်ပြီး စီးပွားရေး အမြတ်ထုတ်ခဲ့ကြသည်။

ပြည်သူများသည် အကျင့်ပျက်ချစားမှုများ ရှိလာသည်။ နိုင်ထက်စီးနှင်းမှုများ တိုးပွားလာခဲ့ရသည်။ အချင်းချင်း သွေးမြေများ ကျခဲ့ရပါသည်။ ညီအစ်ကိုချင်း ပြန်သတ်ကြသည်။ ထိုအရှိုန်များသည် ယခုလို ငြိမ်းချမ်းရေးကာလတွင် ကျန်နေပါသေးသည်။

ထိုအကြောင်းအရာများသည် ဥပဒေကို ကျော်လွှားနေခြင်းဖြစ်ကြောင်းကိုလည်း KNPP မှ တာဝန်ရှိသူတဦးဖြစ်သည့် ဆရာဒယ်နီယာက လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် ကက်သလစ်ဓမ္မာရုံတွင် ကျင်းပသွားသည့် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးတိုးတက်ရေးအတွက် ဆွေးနွေးပွဲကျင်းပချိန်တွင် ထောက်ပြ ပြောဆိုသွားပါသည်။

တဆက်တည်းမှာပင် မိမိတို့အနေနှင့်လည်း ဒီမိုကရေစီ စံနှုန်းအရ ဥပဒေ ကို ကျော်လွားရန် ဆန္ဒမရှိဘူးဆိုတာ ပြောဆိုသွားသည်။

KNPP အမှတ်တံဆိပ်များ ကား(ယာဉ်)များ အပေါ်တွင် မကပ်ရန် ညွန်ကြားထားကြောင်း ဥပဒေအရ အပြစ်ပေး အရေးယူမှုများကိုလည်း ပြည်သူများနှင့်တန်းတူ ခံယူရန် ဆန္ဒရှိကြောင်း ပြောဆိုသွားသည်။

အကြောင်းမှာ တချို့သောလိုင်စင်မဲ့ကားများ၊ တချို့ ဖိုးဝီးကားများ၊ ကုန်တင်ကား၊ သဲတင်ကားများတွင် KNPP အမှတ်တံဆိပ် တွေ့နေရခြင်းဖြစ်သည်။

ကားများတင်သွင်းခွင့် လုပ်ပိုင်ခွင့်များကိုလည်း KNPP အနေဖြင့် မည်သူ့ကိုမျှ တရားဝင် ပေးထားခြင်း မရှိကြောင်း သိရသည်။ ပြည်သူပြည်သားများအတွင်းတွင်လည်း အကျင့်ပျက်နေသည်ကို တွေ့ရသည့်အတွက် တိုင်းရင်းသားပြည်သူများသည်လည်း တစ်ဦးချင်း အကျင့်စရိုက် စိတ်သဘောထားများကို ပြုပြင်ပြောင်းလဲရန်လို အပ်လာပါသည်ဟု ဆရာဒယ်နီယာက တိုက်တွန်း ပြောဆိုထားသည်ကိုလည်း သိရသည်။

KNPP အမှတ်တံဆိပ် ကပ်ထားသည့်ကားများသည်လည်း ကေအဲန်ပီပီခေါင်းဆောင်များ၊ အဖွဲ့အစည်းဝင်များ၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့များ၊ လူမှုအသင်းအဖွဲ့ များအတွက် မဟုတ်ပါဘူး။ အမှတ်တံဆိပ်များ ကပ်ထားသည့်ယဉ် တော်တော်များများသည် တသီးပုဂ္ဂလများ အတွက်သာ ဖြစ်နေပါသည်။

ပြည်သူများ တရားဥပဒေအရ မှန်မှန်ကန်ကန် တရားမျှတသည့် လိုင်စင်ပါကားများကို စီးနိုင်ရန် ပိုင်ဆိုင်နိုင်ရန် တွေ့ချင်မြင်ချင်ရင်ဖြင့် ကေအဲန်အပီပီမှ အခွင့်ထူးဆိုသည်ကို မေ့ပစ်ဖို့လိုအပ်လာ ပါသည်။

ယခုအချိန်အခါသည် ယခင်ကနှင့်မတူတော့ပဲ အမှန်တကယ်ယုံကြည်မှုရှိသည်ဆိုရင် ယခင်က ကလလတ၊ နဂါး၊ စသည်တို့ဝင်လာခဲ့ကြသည့် အချိန်ကဲ့သို့ အခွင့်ထူးဆိုတာ မရှိတော့ပါဘူး။ ၎င်းအခွင့်ထူးကို ခံစားခဲ့ကြရသည်သူများသည် အခွင့်ထူး၏ ဒါဏ်ကိုမခံနိုင်ကြပါဘူး။

ဥပမာ... ပြည်သူလူထု၏ ချစ်ခင်လေးစားမှုကို မခံရပါဘူး။ ပြည်သူပြည်သားကောင်းများ မမွေးဖွားနိုင်ခဲ့ပါဘူး။

ထိုနည်းတူ ကေအဲန်ပီပီကိုထောက်ခံသည့် ပြည်သူလူထုများအနေဖြင့်လည်း ပြည်သူပြည်သားကောင်းပီပီ နောင်တရဖို့ လိုအပ်ပါသည်။ ကလလတ ကဲ့သို့၊ နဂါးခေတ်ကဲ့သို့ ပုံသေမတွက်ကြပါရန် အခွင့်ထူးကို ကပ်ဖားရဖားလုပ်ပြီး ယူနေသရွေ့ ကျမတို့ ကရင်နီပြည်ကြီး တိုးတက်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းမှာလဲမဟုတ်ဘူး။

ကေအဲန်ပီပီအဖွဲ့ဝင်တိုင်းသည် ဝေဖန်ရေးသုံးရပ်ကို လက်ခံထားတာရှိသည်ဟု သိရသည်။

၁။ သူတပါးကိုဝေဖန်ခြင်းကို လက်ခံခြင်း ၂။ သူတပါးကကိုယ့်ကို ဝေဖန်တာကို လက်ခံခြင်းနှင့် ၃။ မိမိကိုယ်ကို ဝေဖန်ခြင်းကို လက်ခံခြင်းဆိုသည့် မူကို ကျမတို့ Kantarawaddy Times အနေဖြင့် လေ့လာ သိရှိထားသည့်အတွက် အခုလိုအပြောင်းအလဲကာလတွင် အများပြည်သူ၏ အကျိုးကို မျှော်ကိုးပြီး အပြုသဘော ဝေဖန်လိုက်ခြင်း ဖြစ်သည်။

Written by ကယားထဲ
Kantarawaddy Times
http://www.ktimes.org/index.php/news/992-2014-08-01-04-00-09


လိုင်စင်မဲ့ ကားတွေပေါ်မှာ အဖွဲ့အစည်းများ တံဆိပ်တွေခွာသင့်တယ်  လိုင်စင်မဲ့ ကားတွေပေါ်မှာ အဖွဲ့အစည်းများ တံဆိပ်တွေခွာသင့်တယ် Reviewed by သစ်ထူးလွင် on 15:08 Rating: 5
Powered by Blogger.