မြွေမျိုးစုံ တရားမ၀င်သယ်ဆောင်လာသူများအား အရေးယူထား

 နေပြည်တော်၊ သြဂုတ် ၁၈

 ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၄ နာရီအချိန် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၁/၆)ရှိ နေပြည်တော်တိုးဂိတ်တွင် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ရှမ်းပြည်နယ်၊ မူဆယ်မြို့နေ မောင်ဇော် မောင်းနှင်လာသည့် ၆ဃ/xxxx မတ်တူးအဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

 ထိုသို့စစ်ဆေးစဉ် မောင်ဇော်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ ခုန်မုန်ရွာနေ အားချန်(၂၀)နှစ်နှင့် မန္တလေး တိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ရွာသစ်ကျေးရွာနေ တင်မာ(၅၁)နှစ်တို့အား တရားမ၀င်သယ်ဆောင် လာသော မြွေပွေး/မြွေဟောက်/လင်းမြွေများထည့်ထားသည့် တစ်အိတ်လျှင် အလေးချိန်(၅)ပိဿာခန့်စီပါ အ၀တ်အိတ်(၂၂)အိတ်နှင့်အတူ တွေ့ရှိရသောကြောင့် ၎င်းတို့ ၃ ဦးအား ပလွေးအမြန်လမ်းရဲစခန်း (ပ)၉/၂၀၁၄၊ တောရိုင်းတိရိစ္ဆာန်၊ သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆(က)ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ မောင်ဇော်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096



မြွေမျိုးစုံ တရားမ၀င်သယ်ဆောင်လာသူများအား အရေးယူထား  မြွေမျိုးစုံ တရားမ၀င်သယ်ဆောင်လာသူများအား အရေးယူထား Reviewed by သစ်ထူးလွင် on 00:30 Rating: 5
Powered by Blogger.