ထိုင်းအာပိုင်များ ကရင်နီဒုက္ခစခန်း ၀င်ရောက်စစ်ဆေးရန် ကြိုတင်အသိပေး

 ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင် ခရိုင်အတွင်းရှိ ကရင်နီအမှတ် ၁ ဒုက္ခသည် စခန်းအတွင်း   ဇူလိုင် လ ၁၉ ရက်နေ့က စပြီး ထိုင်းအာဏာပိုင်များမှ လူဦးရေစာရင်း ၀င်ရောက် စစ်ဆေးမည် ဖြစ်သည့် အတွက် လုပ်ငန်းကိစ္စနှင့် အပြင်သို့ ရောက်ရှိ နေကြသူများ ပြန်လာပေးကြရန် လိုအပ်ကြောင်း စခန်း အုပ်ချုပ်ရေးက ပြောသည်။

ထိုင်းအာဏာပိုင်များမှ ဇွန်လိုင်လ ၁၀ရက်နေ့က စခန်းအတွင်းသို့လာရောက်၍ ဒုက္ခသည်တာဝန်ရှိ သူများအား လာရောက်တွေ့ဆုံခဲ့ပြီးနောက် စခန်းအုပ်ချုပ်ရေးကော်မီတီ ဥက္ကဌ မော်မိုးဘူးက ယခုပြောသည်။

“၁၀နဲ့ ဒီ ၁၉ရက်ကြားမှာတော့ ကျမတို့ စခန်းရှိ လက်ရှိ လူဦးရေစာရင်းအတိအကျ ယူဦးမှာပေါ့။ နောက်ပြီး ၁၉ ရက်နေ့မှာလာစစ်ဆေးမယ်ပေါ့ ၁၉ရက်နေ့ကနေ ဒီလကုန်အထိပေါ့။ ယူအဲန်ရှိတဲ့လူတွေက သူတို့ကို ယူအဲန် ထုတ်ပြမယ် မရှိတဲ့သူကျတော့ တခြားအမှတ်အသား ဥပမာ အုပ်ချုပ်ရေးဖောင်လား ဒါမှမဟုတ်ရင် ဆန်လက်မှတ်လား ပြပေးရမှာပေါ့”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်အစိုးရအကြား အပစ်ခတ်ရစဲရေး သဘောတူ လက်မှရေးထိုးထားသည့်အတောအတွင်း စခန်းတွင်းမှ မိသားစုဝင်အချို့ ပြည်တွင်းသို့ ပြန်လှည် အခြေချနေထိုင်နိုင်ရန် ဖြစ်နိုင်ခြေရှိမရှိ သွားရောက်လေ့လာသူများ ရှိနေသကဲ့သို့ ပြည်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသူများလည်း စခန်းအပြင်ဘက်တွင် ခရီးလွန်နေကြသည်။

ထိုင်း-မြန်မာနယ်စပ်အကူညီပေးရေးအဖွဲ့ TBC ၏ မေလ ၂၀၁၄ခုနှစ် ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံရှိ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း ၁နှင့် စခန်း ၂ နှစ်ခုစုစုပေါင်းလူဦးရေ ၁၄၆၉၉ ဦးရှိပြီး ကုလသမ္မဂ၏ ဒုက္ခသည်အဖြစ် တရားဝင်မှတ်ပုံတင် ရရှိထားသူစာရင်းစုစုပေါင်းမှာ ၁၀၆၇၅ ဦးဖြစ်သည်။

KNPP နှင့်အစိုးရတို့ အပစ်ရပ်သဘောတူလက်ရေးထိုးထားသည့်အချက်ထဲတွင် ထိုင်းနိုင်ငံရှိ ကရင်နီဒုက္ခသည်များ ပြန်လှည်နေရာချထားရေးအစီအစဉ်အတွက် ပြည်တွင်း၌ စံပြကျေးရွာများ တည်ဆောက်သွားဖို့ သဘောတူထားခဲ့ကြပြီး ပြီးခဲ့သည့် ဇွန်လအတွင်း ကရင်နီပြည် သံလွင်အရှေ့ဘက်ခြမ်းတွင် အိမ်ခြေ ၅၀ဆန့် စံပြရွာတည်ဆောက်နိုင်ရန် KNPP မှ နယ်မြေများ စတင်ရှာဖွေနေကြောင်းသိရသည်။

ပြည်တွင်းမှာပြန်လှည်နေထိုင်ရေး အစီအစဉ်နဲ့ပတ်သက်ပြီး အမှတ်-၁ဒုက္ခသည်စခန်း ရပ်ကွက် ၆မှ ကရင်နီဒုက္ခသည်တဦးဖြစ်သည့် သိမ်းမင်းထွေးက ယခုလိုပြောသည်။

“အခု ဒုက္ခသည်စခန်းမှာနေတာ လုံခြုံတယ် တကယ်လို့ ကိုယ့်ပြည်ပြန်နေရမယ်ဆိုရင် ကိုယ့်အိမ်ကိုယ့်ခြံနဲ့ နေရမှာဆိုတော့ ခုထက်ပိုပြီး လုံခြုံမှုရချင်တယ်”

ထိုင်းအာဏာပိုင်များမှ စခန်းတွင်းလူဦးရေ စစ်ဆေးမှုအပြင် တရားမဝင် လက်နက်ပစ္စည်း၊ စစ်ဝတ်စစ်စား၊ ဆက်သွယ်ရေးစက်များ၊ မူးယစ်ဆေးဝါး၊ ကျွန်းသစ်များ၊ ဆိုလာပြားများနှင့် ဘယ်ထရီစသည့်ပစ္စည်းများ ပါစစ်ဆေးနိုင်ကြောင်း စခန်းအုပ်ချုပ်ရေးကဆိုသည်။

“အခုချိန်မှာ ထိုင်းနိုင်ငံရေးအခြေနေကြောင့် နောက်ပြီးတော့မှ စစ်အာဏာသိမ်းတဲ့အချိန်ကြောင့် ကျမတို့ဒုက္ခသည်က တပါးနိုင်ငံမှာ လာပြီးမှီခို နေထိုင်ကြတာဆိုတော့ ကျမတို့မှာလည်း ပြန်ပြောလို့ မရဘူးပေါ့နော် ဘယ်လိုဖြစ်ဖြစ် ကျမတို့ ဒုက္ခသည်တွေက သတိဝိရိယနဲ့နေဖို့လိုတယ်။ စခန်းထဲမှာ မရှိတဲ့သူလည်း အကုန်ပြန်လာပေးကြဖို့ ကျမတို့ လူထုတွေကို အသိပေးနိုးဆော်ထားတာပေါ့နော်”ဟု ဥက္ကဌ မော်မိုးဘူးက ပြောသွားသည်။

Written by စူးမယ်

ကန္တရဝတီတိုင်း(မ်)

http://www.ktimes.org/index.php/news/974-2014-07-11-07-21-05



ထိုင်းအာပိုင်များ ကရင်နီဒုက္ခစခန်း ၀င်ရောက်စစ်ဆေးရန် ကြိုတင်အသိပေး  ထိုင်းအာပိုင်များ ကရင်နီဒုက္ခစခန်း ၀င်ရောက်စစ်ဆေးရန် ကြိုတင်အသိပေး Reviewed by သစ်ထူးလွင် on 18:40 Rating: 5
Powered by Blogger.