ကော့သောင်းမြို့၌ မိုးသည်းထန်၊ လေပြင်းတိုက်၍ သစ်ပင်နှင့်ဓာတ်တိုင်များပြိုလဲ၊ နေအိမ်များပျက်စီး

ကော့သောင်း ဇူလိုင် ၉

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် ဇူလိုင် ၈ ရက် ညပိုင်းနှင့် ဇူလိုင် ၉ ရက် နံနက်ပိုင်းက မိုးသည်းထန်၊ လေပြင်းတိုက်ကာ သစ်ပင်နှင့်အဆောက်အအုံများ ပြိုလဲပျက်စီးမှုတချို့ ဖြစ်ပွားသည်။

ဒဏ်ရာရမှုမရှိ

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တစ်နာရီမိုင် ၄ဝ နှုန်းခန့် တောက်လျှောက်လေပြင်းတိုက်ခဲ့ရာ ဇူလိုင် ၈ ရက် ည ၉ နာရီခွဲက ဘုရင့်နောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအုတ်ခံ နှစ်ထပ်အဆောက်အအုံပေါ်သို့ ရုံးအနီး ရှိ အမြင့် ပေ ၄ဝ၊ လုံးပတ်ရှစ်ပေခန့်ရှိ တောင်သဖန်းပင် ပြိုလဲကျသဖြင့် ရုံးအပေါ်ထပ်နှင့် ဝရံတာပြိုကျခဲ့ပြီး အောက်ထပ်အုတ်နံရံများ အက်ကွဲပျက်စီးခဲ့သည်။

ထိုသစ်ပင်ပြိုလဲမှုဖြစ်စဉ်တွင် ရုံးရှေ့၌ ရပ်ထားသည့်မော်တော် ဆိုင်ကယ်နှစ်စီးပေါ် ပိကျပျက်စီးမှုဖြစ်ပေါ်သည်မှလွဲ၍ လူသေဆုံးထိခိုက် ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

အလားတူလေတိုက်နှုန်းပြင်းထန်သဖြင့် အဆိုပါညပိုင်းက ကော့သောင်း မြို့ အေးရိပ်ရပ်ကွက်ရှိ လူနေအိမ်တချို့ ပြိုကျခြင်း၊ အမိုးသွပ်များ လွင့်စဉ်ပျက်စီးမှုဖြစ်ပွားခြင်း၊ လျှပ်စစ်ဓာတ်အားပေးတိုင် လဲကျခြင်းများဖြစ်ပွားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး၊ လူမှု ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက် ပါလျက်ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို ပိုမိုခိုင်ခံ့သည့် ရုံးအဆောက်အအုံ အမြန်ဆုံးပြန်လည် ပြင်ဆင်ဆောက်လုပ်နိုင်ရေး မှာကြား ပြီး ကူညီပံ့ပိုးမှု များဆောင်ရွက်ပေးသည်။

အလားတူ ဝန်ကြီးချုပ်သည် အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ကော့သောင်းမြို့ပေါ် ရပ်ကွက်များမှ လူနေအိမ်အချို့ကို အမြန်ဆုံး ပြန်လည်တည်ဆောက် နိုင်ရေး၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီ ပံ့ပိုးမှုများပေးခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ

ကျော်စိုး(ကော့သောင်း) / Myanmaalinn

https://www.facebook.com/MYANMAALINNNEWS


ကော့သောင်းမြို့၌ မိုးသည်းထန်၊ လေပြင်းတိုက်၍ သစ်ပင်နှင့်ဓာတ်တိုင်များပြိုလဲ၊ နေအိမ်များပျက်စီး   ကော့သောင်းမြို့၌ မိုးသည်းထန်၊ လေပြင်းတိုက်၍ သစ်ပင်နှင့်ဓာတ်တိုင်များပြိုလဲ၊ နေအိမ်များပျက်စီး Reviewed by သစ်ထူးလွင် on 16:04 Rating: 5
Powered by Blogger.