ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန် နယ်လုံဝန်ကြီး ယာယီယူ

ရန်ကုန်၊ ဇွန် ၂၀

 ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်သဖြင့် ယင်းနေရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ယာယီတာဝန် ယူထားကြောင်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးလှဟန်က ပြောကြားသည်။

ဝန်ကြီးချုပ် ဦးလှမောင်တင်ကို ၎င်း၏ သဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်သည်ဟု ဇွန်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

သို့သော်လည်း နုတ်ထွက်ခွင့်ပြုသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိပေ။
“သူဟာနဲ့သူ နုတ်ထွက်တာလို့ သိရပါတယ်” ဟု ဦးလှဟန်က ဆိုသည်။

ဦးလှမောင်တင်ကို ရာထူးက နုတ်ထွက်ခွင့် မပြုမီ နေပြည်တော်သို့ ခေါ်ယူကာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး ခေါ်ယူပြီးမှ ဗိုလ်မှူးကြီးထိန်လင်းကို နေပြည်တော်က ဆက်သွယ် တာဝန်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်မြကျော်ကမှု “ဖိအားများလို့ နုတ်ထွက်တာလို့ ယူဆတယ်” ဟု ၎င်းက သုံးသပ်သည်။

ဦးလှမောင်တင်သည် ၂၀၁၁ ခုနှစ် မတ်လတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမ်းမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly


ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန် နယ်လုံဝန်ကြီး ယာယီယူ  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန် နယ်လုံဝန်ကြီး ယာယီယူ Reviewed by သစ်ထူးလွင် on 18:23 Rating: 5
Powered by Blogger.