နယ်သာလန် ဆီမီး တက် မတက် အဆုံးအဖြတ်ပေးမည့်ပွဲ

 ဒီနေ့ညကစားမယ့် နယ်သာလန်နဲ့ မကဆီကိုပွဲဟာ နယ်သာလန်အတွက် ဆီးမီးဖိုင်နယ် လမ်းကြောင်းပေါ် ရောက် မရောက် အဖြေပေးမယ့်ပွဲလို့ အိုလံပစ်အားကစား အယ်ဒီတာ ကိုဟိန်းသန့်က သုံးသပ် ပြောကြားလိုက်ပါတယ်။

“ကျနော် စိတ်ထင် နယ်သာလန်ရဲ့ အဓိက ပွဲက မက္ကဆီကိုနဲ့ ပွဲပဲဗျ။ သူ မက္ကဆီကို ကို နိုင်လိုက်မယ်ဆိုရင် နယ်သာလန်ရဲ့ အနေအထားက ဆီမီးအထိ အသာလေး သွားလို့ရတယ်။ ဒါပေမယ့် အခုကစားရမယ့် မက္ကဆီကိုနဲ့ ပွဲက သူရဲ့ အဓိကပွဲလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မက္ကဆီကိုက လက်တင်အသင်း တသင်း ဖြစ်နေတယ်။ နောက် ကစားပုံ၊ ကစားကွက်က မာကျောမှု ရှိတယ်။ ခံစစ်ပိုင်းကို ဂရုစိုက်ပြီး ကစားတတ်တယ်။ နောက် နယ်သာလန် ကစားနေတဲ့ ပုံနဲ့ သိပ်အကွာကြီး မဟုတ်ဘူး။ နောက် နည်းစနစ်ပိုင်းမှာလည်း သိပ်ပြီးတော့ သိသိသာသာ ကွာခြားမှု မရှိဘူး။ အသင်းလိုက် စိတ်ဓာတ်ကလည်း နယ်သာလန်ကို ယှဉ်နိုင်တဲ့ အနေအထား ရှိတော့ ဒီပွဲက အဖြေပဲ အဲဒီပွဲမှာ နယ်သာလန်နိုင်မယ်ဆိုရင် နယ်သာလန်က ဆီမီးရောက်ဖို့က သိပ်မခက်လှပါဘူး။”

ဇွန်လ ၂၉ ရက်နေ့ တနင်္ဂနွေည ၁၀ နာရီခွဲမှာ ကစားမယ့် နယ်သာလန် – မက္ကဆီကိုပွဲနဲ့ ပတ်သက်တဲ့ အားကစား အယ်ဒီတာရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ အုပ်စုဘီမှာ ရှုံးပွဲမရှိ ရမှတ် ၉ မှတ်နဲ့ အုပ်စုဗိုလ်စွဲပြီး နောက်တဆင့် တက်လာတဲ့ အသင်းဖြစ်ပါတယ်။

မကဆီကို အသင်းကတော့ အိမ်ရှင်ဘရာဇီးနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး ဘရာဇီးကို သရေကစားနိုင်ခဲ့ကာ အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့် တက်လာခဲ့တဲ့အသင်းပါ။

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ကိုမျိုးလှိုင်ဝင်းကလည်း နယ်သာလန်ကို ပိုကြိုက်ပေမယ့် ဂိုးမပြတ်လောက်ဘူးလို့ ပြောပါတယ်။

“မက္ကဆီကိုလည်း ကြိုက်ပါတယ်။ ပြောရရင် နယ်သာလန်ကို ပိုပြီး သဘောကျတယ်။ လောလောဆယ် သူတို့ရဲ့ အသင်းက ချန်ပီယံခြေစွမ်း ဖြစ်နိုင်ခြေကို တွေ့ရတယ်။ မက္ကဆီကိုနဲ့ စာရင် နယ်သာလန်ကို ပိုကြိုက်တယ်။ မက္ကဆီကိုကတော့ အထူးသဖြင့် ခံစစ်ကို ဦးစားပေးမယ်။ ပြီးတော့မှ ကောင်တာနဲ့ ကစားမယ်ဆိုတော့ နယ်သာလန်က တော်တော်လေးတော့ အခက်တွေ့မယ်လို့ ထင်တယ်။ နိုင်တာတော့ နိုင်မှာပေါ့ ဂိုးတော့ သိပ်မပြတ်လောက်ဘူး ထင်တယ်။”

မနက် ၃ နာရီမှာတော့ အုပ်စု (ဒီ) မှာ ထင်မှတ်မထားဘဲ အုပ်စုဗိုလ်နဲ့ ဒုတိယအဆင့်တက်ခဲ့တဲ့ ကော်စတာရီကာအသင်းနဲ့ အုပ်စု (စီ)က အုပ်စုဒုတိယနဲ့ တက်လာတဲ့ ဂရိတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)


နယ်သာလန် ဆီမီး တက် မတက် အဆုံးအဖြတ်ပေးမည့်ပွဲ  နယ်သာလန် ဆီမီး တက် မတက် အဆုံးအဖြတ်ပေးမည့်ပွဲ Reviewed by သစ်ထူးလွင် on 19:24 Rating: 5
Powered by Blogger.