ဟုမ္မလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ် လူတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ


ဟုမ္မလင်း၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှု မေလ ၄ရက် ညနေ ၆နာရီက ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နမ့်တောရွာမှာက အဆောက်အဦး အပျက်စီးများတယ်။ လောင်ဖောင်ကျေးရွာဘက်မှာက လူတစ်ဦးသေဆုံးပြီး၊ လူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု နမ့်တောကျေးရွာမှ ကိုအောင်ချိုက ပြောသည်။

အဆိုပါ မိုးသက်လေပြင်းကျရောက်ခဲ့မှုကြောင့် လောင်ဖောင်ကျေးရွာ ရွာဦးနတ်စင်ရှေ့အနီးရှိ သလ္လာအမှတ်(၁)ရပ်ကွက်နေ ကိုအောင်သူထွန်း၏ တွင်ခုံလုပ်ငန်း အလုပ်ရုံတဲပေါ်သို့ လုံးပတ်(၁၀) ပေ အရွယ်ရှိ သရက်ပင်ကြီးကျိုးခဲ့သဖြင့် တွင်ခုံလုပ်သားများ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ တွင်ခုံတွင် အလုပ်လုပ်သည့် အသက် ၁၄နှစ် အရွယ် မင်းမောင်စိုးမှာ နောက်စေ့ပေါက်၍ သေဆုံးသွားခဲ့ပြီး အခြားလုပ်သား သုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။

၎င်းလူသေဆုံးမှုကို မိုင်းကိုင်းနယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၄အရ အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းကြောင့် နမ့်တောကျေးရွာရှိ လူနေအိမ် ငါးလုံး အမိုးများ ပျက်ဆီးခဲ့သည်။ ယင်းအပြင် နမ့်တော့ကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံတွင် တပ်ဆင်ထားသော ဆိုလာပြား စင်ပြိုကျပျက်စီးခဲ့ပြီး မိုင်းကိုင်းရဲစခန်းဝင်း အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနေထိုင်သည့် လိုင်းခန်းအချို့ အမိုးများပြုတ်ထွက်ပျက်စီးခဲ့သည်။

ကိုတိုးကြီး
Mizzima - News in Burmese



ဟုမ္မလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ် လူတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ ဟုမ္မလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ် လူတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 16:53 Rating: 5
Powered by Blogger.