တစ်နှစ်ချွေးနှဲစာ ပိုးချိတ်လုံချည်


ပိုးစစ်ကြိုးကြီး ချိတ်လုံချည်များက အစိုးရ၏ ခမ်းနားထူးခြား သောပွဲများ၏ အဆင်တန်ဆာဖြစ် သည်။ ထို့အတူ သာမန်ပြည်သူ များ၏ ခမ်းနားသော အလှူမင်္ဂလာ ဧည့်ခံပွဲများတွင်လည်း ပိုးချိတ်လုံ ချည်များက မပါမဖြစ် ပါဝင်နေသည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံသားများ အမြတ်တနိုး ဝတ်ဆင်သည့် ထိုချိတ်ဆင် တစ်ထည်လျှင်အမြင့်ဆုံး တန်ဖိုးမှာ အခြေခံ လူတန်းစားတစ်ဦး၏ တစ်နှစ်စာ ဝင်ငွေထက်ပင် ပိုနေသည်။

ရွှေတစ်ကျပ်သား ၁၂၅ ကျပ် ခေတ်ကတည်းကပင် တစ်ထည် လျှင် ငွေငါးရာအထိ တန်ဖိုးရှိခဲ့ပြီး လက်ရှိ အချိန်တွင်လည်း ငွေကြေး တတ်နိုင်သူများ အကြားတွင် ဂုဏ် တစ်ခုအဖြစ် အထူးတလည်ဝတ် ဆင်နေကြဆဲ ဖြစ်သည်။

လက်ရှိတွင် ပိုးစစ်ကြိုးကြီး ချိတ်လုံချည်တစ်ကွင်းလျှင် အနည်းဆုံး ငွေကျပ်သုံးသိန်းခန့်မှ အများဆုံး ငွေကျပ်ဆယ့်ရှစ်သိန်းကျော်ထိ တန်ဖိုးရှိနေသည်။ ပိုးထည်လုံချည်တစ်ကွင်းလျှင် ရွှေနှစ်ကျပ်သား ဝန်းကျင်ခန့်အထိ တန်ဖိုးရှိ နေသော်လည်း မြန်မာ အမျိုးသမီး အရွယ်ကြီး ငယ်မရွေး အလှူမင်္ဂလာ ဧည့်ခံပွဲများတွင် အမြတ်တနိုး ဝယ်ယူဝတ်ဆင်ကြသည်။ တန်ဖိုးကြီးလွန်းလှသဖြင့် အချို့ကလည်း ဂုဏ်ချင်းယှဉ်ပြိုင်ပြီး ဝတ်ဆင်လာကြသည်။

အမရပူရခေတ်၊ ဘကြီး တော်ဘုရားလက်ထက်ကတည်း က စတင်ရက်လုပ်ဝတ်ဆင်ခဲ့ကြ ပြီး မင်းတုန်းမင်း၊ သီပေါမင်းတို့ ကိုယ်တိုင် အမြတ်တနိုးဝတ်ဆင်ခဲ့ ကြဖူးသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း ဦးနေဝင်း၊ ဦးသန်းရွှေအစိုးရခေတ်များမှစပြီး ယနေ့ ဦးသိန်းစိန်အစိုးရလက် ထက်အထိလည်း အကြီးအကဲပိုင်း တာဝန်ရှိသူများ ဝတ်ဆင်နေကြဆဲ ဖြစ်သည်။ ၎င်းတို့အစဉ်အဆက် ဝတ်ဆင်ခဲ့ကြသည်မှာ အမရပူရ မြို့မှ ပိုးထည်ကြိုးကြီးချိတ်လုံချည် များပင်ဖြစ်သည်။

‘‘ဒီနောက်ပိုင်းမှာ အုပ်ချုပ်သူ တွေကိုယ်တိုင်က ဝတ်ပြတော့ အစိုးရအဖွဲ့တာဝန်ရှိသူတွေကပါ ပွဲတစ်ခုခုဆို ချိတ်ကိုဝတ်လာကြ တယ်။

အရင်ကထက် ဒီဘက် ခေတ်မှာ ချိတ်အပေါ်စိတ်ဝင်စားမှုတွေပိုများလာကြတယ်’’ဟု အမရပူရမြို့ရှိ သိင်္ဂီရွှေဝါပိုးထည်တိုက်ပိုင်ရှင် ဦးသောင်းညွန့်ကပြောသည်။

ဘကြီးတော်ဘုရား လက် ထက်တွင် မဏိပူရပြည်နယ်ရှိ ကသည်းလူမျိုးများအား အမရပူရသို့ခေါ်ဆောင်ကာ ရက်ကန်း ပညာရပ်များကို သင်ကြားစေခဲ့ရာမှ ရက်ကန်းဖြင့်ရက်လုပ်သည့် ချိတ်ထည်များအစပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အမရပူရအပြင် မန္တလေးမြို့ရှိ နန်းရှေ့ရပ်နှင့် စစ်ကိုင်းမြို့များတွင်လည်း ရက်လုပ်လျက်ရှိနေကြောင်း အမရပူရမြို့ရှိ ရက်ကန်းရက်လုပ်သူများထံမှ သိရသည်။ ယခင်က ပတ်လည်ချိတ်သီးသန့်အထည်များကိုသာ စိတ်ဝင်စားမှုများခဲ့သော်လည်း ယနေ့ခေတ်တွင်မူ တစောင်းချိတ်များ၊ ဒေါင်လိုက်ချိတ်များအဖြစ်ပါ ဒီဇိုင်းများ စမ်းသပ်တီထွင်ပြီး ဝတ်ဆင်လာကြသည်။ ချိတ်ထည်များပေါ်တွင် ရွှေဆေး၊ ငွေဆေးများ ပြန်လည် ရေးခြယ်ခြင်း၊ စိန်ကပ်ခြင်းများဖြင့်လည်း အရောင်တင်ဝတ်ဆင်သူ များရှိလာသည်။

ပိုးထည်ချိတ်လုံချည်များကို လှပပြီးဂန္ထဝင်ဆန်သော ရိုးရာအထည်များအဖြစ် ကမ္ဘာသိအောင် မိတ်ဆက်ပေးသူကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

‘‘ဒေါ်စုအကျယ်ချုပ်ကလွတ် ပြီး နိုင်ငံတကာလှည့်သွားတဲ့အခါ  သူဝတ်တာကို မြန်မာတွေတင် မဟုတ်ဘူး။ နိုင်ငံခြားသားတွေ ပါကြိုက်ကြတယ်။ဒေါ်စုအဆင် ဆိုတာမျိုးတောင်မေးရှာဝယ်ဝတ် ကြတယ်’’ဟုရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

ရက်ကန်းစင်ပေါ်မှ ပူပူနွေးနွေးချလာသည့် ချိတ်အဆင်သီးသန့် အထည်တစ်ထည်၏ တန်ဖိုးမှာ အနည်းဆုံးငွေကျပ် တစ်သိန်းခွဲမှ ခြောက်သိန်းကြား အထိသာရှိသော်လည်း ယင်းအထည်များ ဒီဇိုင်းပြန်လည်ဖော်သည့်အပေါ်မူတည်ပြီး ဈေးနှုန်းကွာဟမှုများရှိသွားရခြင်းဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဝတ်အစားတစ်ခုအဖြစ် ရက်လုပ်ဝတ်ဆင်နေကြသော်လည်း ပိုးစစ်ချိတ်လုံချည်တစ်ထည်ဖြစ်ရန် ကုန်ကြမ်းများအားလုံး ကို ပြည်ပနိုင်ငံများမှ မှာယူကြရခြင်းဖြစ်သည်။ ပိုးမျှင်ကို တရုတ်ပြည်မှ အဓိကထားဝယ်ယူပြီး အထည်ပေါ်တွင် ပြန်လည် ဒီဇိုင်းဖော်ရာ၌ အသုံးပြုသည့် ရွှေဆေး၊ ငွေဆေးများကိုတော့ အမေရိက၊ အိန္ဒိယ၊ တရုတ်ပြည်တို့မှ အသီးသီးမှာယူကြသည်။ စိန်ကပ်ရန်အတွက် ကုန်ကြမ်းကိုမူ ယိုးဒယားမှအများ ဆုံးမှာယူကြရသည်။

ထိုကဲ့သို့ အရပ်ရပ်မှ ကုန် ကြမ်းများရရှိပြီးသည့်အခါ အမရ ပူရမြို့မှ ရက်ကန်းပညာတတ် မြောက်ပြီးဖြစ်သည့် ရက်ကန်းသမ များ၏ အနုအလှလက်ရာများဖြင့် ပြီးပြည့်စုံသည့် ကြိုးကြီးချိတ်လုံ ချည်တစ်ကွင်းကိုရရှိသည်။

ယနေ့ခေတ်ဒီဇိုင်းဖြင့် ပြင် ဆင်ထားသည့် ချိတ်လုံချည်တစ် ကွင်းဖြစ်ရန် အနည်းဆုံးအဆင့် လေးဆင့်ကို ကျော်ဖြတ်ရသည်။ ပိုးမျှင်များဖြင့် ပိုးထည်ပြောင်ချော သီးသန့်ရက်လုပ်ရသည့်အဆင့်၊ ယင်းအထည်ပေါ်တွင် ချိတ် အဆင်များပေါ်လာစေရန် ရက်ကန်းခတ် ရသည့်အဆင့်၊ ယင်းအထည်ပေါ် တွင် ရွှေဆေး၊ ငွေဆေးပြန်လည် ရေးခြယ်ရသည့်အဆင့်၊ ပြီးသည့် အခါ နောက်ဆုံး သာမန်ရိုးရှင်း သည့်ဒီဇိုင်းနှင့် ချိတ်လုံချည်တစ် ထည်ကို တောက်လျှောက်ရက် လုပ်ပါက ဆယ်ရက်ခန့်သာ အချိန်ယူသော်လည်း လက်ရာအနုစိတ် လွန်းသည့် ချိတ်ထည်များမှာမူ တစ်လခွဲ၊ နှစ်လနီးပါးခန့် ရက်လုပ်ရသည်။

ချိတ်ထည်ကို ဒီဇိုင်းများဖြင့် တီထွင်၍ ဝတ်ဆင်နေကြသော် လည်း ရေရှည်တွင် ချိတ်အဆင် သီးသန့်ကသာ လူအများ၏အာရုံ တွင် ပိုမိုစွဲမက် ထင်ကျန်စေ ကြောင်း အမရပူရမြို့ရှိ သိင်္ဂီရွှေဝါ ပိုးထည်တိုက်ပိုင်ရှင်ဦးသောင်း ညွန့်ကပြောသည်။

‘‘ဒီဇိုင်းတွေက ဘယ်လောက် ဆန်းဆန်း၊ ပေါ်ပင်ပဲ။ နောက်ဆုံးမှာ ဒီချိတ်တွေကိုပဲ ပြန်ရောက်လာကြတာ။ ခေတ်အရတော့ ဒီဇိုင်းဆန်းတွေကိုတော့ ထုတ်ထားရတာပေါ့။ ပတ်လည်ချိတ်ကိုပဲ အဓိက ထားတယ်’’ဟုဦးသောင်းညွန့်က ပြောသည်။

ပိုးထည်တိုက် နာမည်ကြီး လျှင်ကြီးသလို ဒီဇိုင်းကွာခြားမှု၊ ဈေးနှုန်းကွာခြားမှုများရှိနေသည်။ နိုင်ငံတော် အကြီးအကဲများ၏ ဇနီးများအပြင် နာမည်ကြီးသရုပ် ဆောင်များ၏ ဝတ်ဆင်မှုများ အပေါ် သဘောကျပြီး ၎င်းတို့ဝယ် ယူသည့်ပိုးထည်တိုက်များထံသို့ လိုက်လံဝယ်ယူကြသူများလည်းရှိ သည်။ ပိုးထည်တိုက်တစ်တိုက်မှ ကြိုးကြီးချိတ်ပိုးထည်များ အသစ် ထွက်ရှိသည့်အခါတိုင်း အနုပညာ ရှင်များအား လက်ဆောင်ပေးပြီး ဝတ်ဆင်စေခြင်းဖြင့် ပိုးထည်တိုက် ၏ နာမည်ကို မြှင့်တင်လေ့ရှိ ကြောင်း ဒီဇိုင်နာမပုံ့ကပြောသည်။

အချို့ ပိုက်ဆံရှိသူများက လည်း ပွဲလမ်းသဘင်တစ်ခုတက် ရောက်ရန်အတွက် ငွေကျပ်သိန်း ပေါင်းများစွာအကုန်အကျခံကာ ပိုးထည်များဝယ်ယူပြီး ချုပ်ထည် လာအပ်လေ့ရှိသည်။ အများစုမှာ အနုပညာရှင်အသိုင်းအဝိုင်းနှင့် အစိုးရပိုင်းအကြီးအကဲများ၏ မိသားစုဝင်များပါဝင်ကြောင်း ဒီဇိုင်နာ မမဉ္ဇူကပြောသည်။

အချို့က ပိုးထည်ရက်လုပ် ရာတွင် ဓာတုပစ္စည်းတစ်မျိုးဖြစ် သည့် ရေယွန်(ခေါ်)နာနတ်လျှော် ကိုလည်း ပိုးအစားထိုးအဖြစ် အသုံးပြုကြသည်။ နာနတ်လျှော်မှာ ပိုးအစစ်ထက် သိပ်သည်းဆပိုများပြီး အရောင်ပိုမိုတောက်ပသည်။ ပိုးစစ်ချိတ်လုံချည်တစ်ထည်၏အလေးချိန်မှာ နှစ်ဆယ် ကျပ်သားခန့်ရှိမည်ဆိုပါက နာနတ်လျှော်နှင့်ရက်လုပ်ထားသည့်အထည်မှာ နှစ်ဆယ့်ငါးကျပ်သားခန့်အလေးချိန်ရှိသည်။

ယင်းကဲ့သို့ နာနတ်လျှော်နှင့် ရက်လုပ်ထားခြင်းဟုတ်၊ မဟုတ် ကိုမူ ပိုးထည်အစစ်ဝတ်နေကျ သူများမှသာ ခွဲခြားနိုင်ပြီး တစ်ခါ တလေပိုးထည်ဝတ်ဆင်သူများက မူ ခွဲခြားနိုင်မည်မဟုတ်ပေ။

ပိုးနှင့်ချည်ရော၍ရက်လုပ် ထားသည့် ဗြောင်ချောထည်ပေါ် တွင် ချိတ်အဆင်များ ပန်းချီရေး ဆွဲထားသည့်အထည်များကိုငွေကျပ်သောင်းဂဏန်းကျော်ရုံဖြင့် ပိုးထည်တိုက်များတွင် ဝယ်ယူ ရရှိနိုင်သည်။ ငွေကြေးများစွာ မတတ်နိုင်သူများ၏မင်္ဂလာဆောင်တွင် ဝတ်ဆင်ရန်အတွက်လည်း ယင်းကဲ့သို့ဆေးရေးချိတ်ထည်များကို ပိုးထည်တိုက်များတွင် တင်ထားကြသည်။

‘‘မင်္ဂလာဆောင်တဲ့သူတိုင်း က ချိတ်ကိုပဲ တန်ဖိုးထားပြီး ဝတ် ချင်ကြတာ။ ငွေတအားမတတ်နိုင် တဲ့သူတွေအတွက်လည်း ဆေးနဲ့ ရေးထားတဲ့ ချိတ်ထည်တွေကို ထားပေးထားရတယ်။ အဲဒီလို အထည်တွေက တစ်ထည်ကို ကျပ်ခြောက်သောင်းလောက်က စရှိတယ်’’ဟု သိင်္ဂီရွှေဝါပိုးထည်တိုက်မှ ဦးသောင်းညွန့်ကပြောသည်။ ပိုးအစစ်ကြိုးကြီးချိတ်တစ်ထည်ပြုလုပ်ရာတွင် ကုန်ကြမ်းပစ္စည်းများ၊ လုပ်အားခများ၊ ဉာဏ်ပညာများကို ရက်ပေါင်းများစွာ လချီမြှုပ်နှံထားရသော်လည်း အထည်တိုင်းအတွက် ရင်းနှီးမြှုပ်နှံထားရသည့်ငွေမှာ ပြန်မရတတ်ပေ။ ငွေအား၊လူအား၊ အချိန်များစွာ ရင်းနှီးထားရသည့်ချိတ်တစ်ထည်ကို ဝယ်ယူသူ မကြိုက်သည့်အခါမျိုးလည်း ရှိနိုင်သည်။ ထို့ကြောင့် ကုန်ကျစရိတ်များပြန်ကာမိစေရန် ချိတ်လုံချည်တစ်ထည်ချင်းအတွက် အမြတ်ငွေလေးပုံတစ်ပုံခန့် တင်ထားရကြောင်း အမရပူရမြို့ရှိ ပိုးထည်တိုက်အချို့ ထံမှ စုံစမ်းသိရသည်။

ပိုးထည်တိုက်များ၏ နာမည် ကျော်ကြားမှုများအပေါ်မူတည်၍ ပြန်ရောင်းသည့်ပိုးထည်ဆိုင်များ က ကြိုးကြီးချိတ်တစ်ထည်ချင်းစီ ၏ဈေးနှုန်းများကို နှစ်ဆ၊ သုံးဆ ခန့်တင်၍ ရောင်းချနေကြသူများ လည်းရှိနေသည်ဟုအသက် (၂၉)နှစ်အရွယ်ရှိ အမရပူရမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။

ကျပ်သိန်းပေါင်း ဆယ်ချီ တန်ဖိုးရှိသည့် ပိုးအစစ်ချိတ်ထည် များကို ကိုယ်တိုက်ရက်လုပ်ခဲ့ကြ ရသည့် ရက်ကန်းခတ်သူ မြန်မာ အမျိုးသမီးများ ကိုယ်တိုင်ကမူ ဝယ်ယူဝတ်ဆင်ရန် အင်အားမရှိ ပေ။ တန်ဖိုးမြင့်မားသည့်၎င်းတို့ကိုယ်တိုင် ရက်ပေါင်းများစွာ ခက်ခက်ခဲခဲ လူရော၊ စိတ်ပါ မနားမနေ အလုပ်လုပ်ပြီးမှထွက်ရှိလာသည့် ယင်းချိတ်ထည်များကို မဝတ်ရက် ဟု ရက်ကန်းခတ်ခြင်းဖြင့်အသက် မွေးဝမ်းကျောင်းပြုလုပ်သူ မခက် ခက်ကပြောသည်။

‘‘ဝတ်တော့ဝတ်ချင်တာပေါ့။ ဒါပေမဲ့ ကိုယ်တိုင်ရက်ထားရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိနေတော့ တကယ်ဝတ်ဆိုရင် မဝတ်ရက်တော့ဘူး။ ဒီလောက် တန်ဖိုးရှိတာကြီးတွေကို ဝယ်ဝတ် ဖို့ တတ်လည်းမတတ်နိုင်ပါဘူး’’ဟု ရက်ကန်းစင်တွင် လွန်းငယ်လေး များနှင့်အလုပ်ရှုပ်နေရင်း မခက်ခက်ကပြောသည်။

အမရပူရမြို့ခံ မခက်ခက်မှာ အသက် (၁၃)နှစ်အရွယ်ကတည်း က ရက်ကန်းရက်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် လုပ်သက်နှစ် ၂၀ ကျော်ပြီဖြစ်သည်။ ယင်းသက်တမ်း ၂၀ အတွင်း မခက်ခက်ရက်လုပ်ခဲ့သည့် တန်ဖိုးကြီးချိတ်အထည်များမှာ မရေမတွက်နိုင်ရှိခဲ့သော်လည်း ယနေ့အချိန်ထိ တစ်ထည်မှမဝတ်ဖူးသေးပါ။

အေးမွန်ရာပြည့်
7Day News Journal  အတွဲ (၁၃)၊ အမှတ်(၇)


တစ်နှစ်ချွေးနှဲစာ ပိုးချိတ်လုံချည် တစ်နှစ်ချွေးနှဲစာ ပိုးချိတ်လုံချည် Reviewed by သစ်ထူးလွင် on 18:57 Rating: 5
Powered by Blogger.