ဦးဝင်းတင် အရေးပေါ် ကျောက်ကပ်ဆေးရ


ရန်ကုန်ဆေးရုံကြီး အရေးပေါ် ကုသဆောင်မှာ တက်ရောက်ကုသမှု ခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျောက်ကပ် ပုံမှန် အလုပ်မလုပ်တော့တဲ့ အတွက် ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ည မှာပဲ ဆရာဝန်ကြီးတွေက အရေးပေါ် ကျောက်ကပ်ဆေးကြောမှု ပြုလုပ်ပေးခဲ့ကြပါတယ်။

ဧပြီလ ၁၅ ရက်နေ့လောက်ကစပြီး ဆီးသွားမှု ရုတ်တရက်နည်းလာရာက သောကြာနေ့မှာ တော်တော်လေးနည်းသွားတဲ့ အတွက် ကျောက်ကပ် ရုတ်တရက် ပျက်စီးသွားတယ်လို့ ဆရာဝန်တွေက ယူဆကြပါတယ်။

သဘာဝ အတိုင်း အညစ်အကြေးမစွန့်နိုင်တဲ့ အတွက် ချက်ချင်း ကျောက်ကပ် ဆေးကြောဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ပြီး ဦးဝင်းတင် ကိုယ်တိုင်ရဲ့ သဘောတူညီချက်နဲ့ ချက်ခြင်းပဲ ကျောက်ကပ် ဆေးကြောဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဦးဝင်းတင်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာ မြင့်သိန်းက ပြောပါတယ်။

ကျောက်ကပ် ဆေးကြောတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ရှုတ်ထွေးမှုတွေ ရှိပေမယ့် ဒီအတိုင်းထားရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အတွက်ကြောင့် ဒီလမ်းကြောင်းကိုပဲ ရွေးလိုက်တယ်လို့ သူက ဆိုပါတယ်။

ည ၈ နာရီ ၄၅ မိနစ်မှာ ဆက်သွယ်မေးမြန်းချက်အရ ကျောက်ကပ်ဆေးကြောမှု လုပ်ငန်းစဉ် ချောချောမွေ့မွေ့ ရှိနေတယ်လို့ မိသားစုဝင် တဦးက ဘီဘီစီကို ပြောပါတယ်။

မိသားစု ဆရာဝန်ကြီးကတော့ ကျောက်ကပ်ဆေးကြောမှု ပြီးစီးသွားချိန်ကစလို့ ၄၈ နာရီ အရေးတကြီး စောင့်ကြည့်ဖို့လိုတယ်လို့ ပြောပါတယ်။

ဦးဝင်းတင်ကို သောကြာနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် လာရောက် ကြည့်ရှု သတင်းမေးမြန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးစဉ်က ပြန်ရောက်တဲ့ ကြာသပတေးနေ့ကလည်း လာရောက် ကြည့်ရှုသွားခဲ့ပါသေးတယ်။

ဆရာကြီး ဦးဝင်းတင်ကို ချစ်ခင်လေးစားသူတွေဟာ ရန်ကုန်ဆေးရုံကြီးရှေ့ကို လာရောက် စောင့်စားနေကြပြီး ပြန်လည်နေကောင်း ကျန်းမာလာရေး ဆုတောင်းပေးနေခဲ့ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဒေါ်အောင်ဆန်းစုကြည်လည်း လာသတင်းမေး (ဓာတ်ပုံ-ကိုကြည်တိုး)


ဦးဝင်းတင် အရေးပေါ် ကျောက်ကပ်ဆေးရ ဦးဝင်းတင် အရေးပေါ် ကျောက်ကပ်ဆေးရ Reviewed by သစ်ထူးလွင် on 03:39 Rating: 5
Powered by Blogger.