ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်း မျှော်မှန်း ထားသည်ထက် ပိုမိုကြန့်ကြာနေ


ပြည်ပဆက်သွယ်ရေး အော်ပရေတာနှစ်ခုဖြစ်သည့် Telenor နှင့် Ooredoo ကုမ္ပဏီများ၏ ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ခွင့်သည် ယခုအချိန်အထိ မကျသေးဘဲ ကြန့်ကြာနေကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများဘက်မှ တာဝါတိုင်တည်ဆောက်မည့် စီမံကိန်းများအတွက် အဆင်သင့်အနေအထားတွင် ဖြစ်နေသော်လည်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာ၏ ခွင့်ပြုချက်မှာ ၎င်းတို့မျှော်မှန်းထားသည်ထက် ပိုမိုကြန့်ကြာနေခြင်းဖြစ်သည်ဟု ယင်းကုမ္ပဏီများမှ သိရသည်။

Telenor နှင့် Ooredoo ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကျထားပြီးဖြစ်သဖြင့် ယခုနှစ် ဇူလိုင်လအတွင်း အများပြည်သူသို့ ၎င်းတို့၏ ဝန်ဆောင်မှုများ ရောင်းချရန်အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်သော်လည်း အခက်အခဲအချို့နှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

“ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မယ့်လုပ်ငန်းတွေမှာ ဆောက်လုပ်ခွင့်ကျဖို့က ကျွန်တော်တို့ မျှော်မှန်းထားတာထက် ပိုပြီး ကြာမြင့်နေပါတယ်။ အချိန်တိုတိုအတွင်းမှာ သတ်မှတ်ချက်တွေ ပြည့်မီဖို့အတွက် အခုလို စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ရပါတယ်။ လုပ်ငန်းအဆင့်တိုင်းအဆင့်တိုင်းကို လျင်လျင်မြန်မြန် ပြီးစီးဖို့ဆိုတာ လူတစ်ယောက်ချင်းစီနဲ့လည်း သက်ဆိုင်ပါတယ်” ဟု Ooredoo Myanmar ၏ အဓိက တာဝန်ရှိသူဖြစ်သော Mr. Ross Cormack က ပြောကြားသည်။

ယခုကဲ့သို့ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်မှု ဆက်လက်ကြန့်ကြာနေမည်ဆိုပါက သက်ဆိုင်ရာ ကုမ္ပဏီအသီးသီးက သတ်မှတ်ထားသည့် အချိန်ကာလအတွင်းတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုအသစ်များကို အများပြည်သူသို့ ရောင်းချနိုင်မည်မဟုတ်ကြောင်းနှင့် နောက်ဆက်တွဲအနေဖြင့် ဆက်စပ်လုပ်ငန်းများတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်လာမည်ဟု ပြည်တွင်းမိုဘိုင်းဆက်သွယ်ရေးကဏ္ဍကို စောင့်ကြည့်လေ့လာနေသူ ကွန်ပျူတာပညာရှင်တချို့က သုံးသပ်ကြသည်။

ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ တာဝါတိုင်တည်ဆောက်မှု စီမံကိန်းများနှင့် ပတ်သက်ပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မကြာမီအချိန်အတွင်း ဆောက်လုပ်ခွင့်များကို ချပေးသွားရန်အတွက် စီစဉ်ဆောင်ရွက်မှုများပြုလုပ်နေသည်ဟု ဆိုသည်။

အဆိုပါ ပြည်ပဆက်သွယ်ရေးကုမ္ပဏီနှစ်ခုသည် ၎င်းတို့၏ တာဝါတိုင် တည်ဆောက်မှုစီမံကိန်းကို အခြားပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားကြသည်။

ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၁)


ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်း မျှော်မှန်း ထားသည်ထက် ပိုမိုကြန့်ကြာနေ ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်း မျှော်မှန်း ထားသည်ထက် ပိုမိုကြန့်ကြာနေ Reviewed by သစ်ထူးလွင် on 15:03 Rating: 5
Powered by Blogger.