ပျောက်ဆုံးနေသော လေလွင့်ဓာတ်အား ၃၀ ရာခိုင်နှုန်းကို ပြန်ရအောင် လုပ်ရန် လျှပ်စစ်ဝန်ကြီး ဌာနသို့ သူရ ဦးရွှေမန်း တိုက်တွန်း


နေပြည်တော်၊ မတ် ၁၇

အများပြည်သူ သုံးစွဲနေသော လျှပ်စစ် မီတာခများကို တိုးမြှင့် ကောက်ခံခြင်းထက် ပျောက်ဆုံးနေသော လေလွင့် လျှပ်စစ်ဓာတ်အား ၃၀ ရာခိုင်နှုန်းခန့်ကို ရအောင် လုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကို တိုက်တွန်း ပြောဆိုလိုက်သည်။

လျှပ်စစ် ဓာတ်အားခ (မီတာခ) များကို တိုးမြှင့်ကောက်ခံရန် နိုင်ငံတော် သမ္မတ၏ ပေးပို့ချက်ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၁၇ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“လျှပ်စစ်ကို အရှုံးခံပြီး ရောင်းတယ်ဆိုတဲ့ နေရာမှာ တစ်နိုင်ငံလုံးရဲ့ လျှပ်စစ် ထုတ်လွှတ်မှုရဲ့ ၂၆ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းလောက် လေလွင့် ပျောက်ဆုံးနေတယ်လို့ သိရတယ်။ မီတာခကို တိုးကောက်ခံပြီး အဲဒီ ပျောက်ဆုံးနေတဲ့ လျှပ်စစ်ဓာတ်အားကိုရော ဘယ်လို လုပ်မလဲဆိုတာ စဉ်းစား။ ပျောက်ဆုံးနေတာကို ဘယ်လို ကယ်တင်မလဲ” ဟု ၎င်းကဆိုသည်။

လျှပ်စစ် ဓာတ်အားခ တိုးမြှင့် ကောက်ခံ၍ ပြည်နယ်နှင့် တိုင်းအသီးသီး၌ သာတူညီမျှ လျှပ်စစ် ရရှိစေရန် လုပ်ဆောင်မှုသည် ဒီမိုကရေစီ နည်းလမ်းကျသော်လည်း လက်ရှိတွင် လျှပ်စစ်မီး မရသည့် နေရာများ အတွက် အာမခံချက်ပေးရန် လျှပ်စစ်ဝန်ကြီး ဌာနတွင် တာဝန်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သည့် ပြည်သူမှာ ၃၀ ရာခိုင်နှုန်းသာ ရှိပြီး ရခိုင်ပြည်နယ်၊ ရှမ်း (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်း (မြောက်) နှင့် ကချင်ပြည်နယ် (မြောက်ပိုင်း) တို့တွင် လျှပ်စစ်မီး မရရှိသေးကြောင်း ဦးခင်မောင်စိုးက ဆိုသည်။

ထိုကဲ့သို့ အစိုးရမှ ပေးသော လျှပ်စစ်ဓာတ်အားကို မရသည့် နယ်မြေနှင့် ပုဂ္ဂလိကမှ ရောင်းချသည့် ဓာတ်အားကို သုံးစွဲနေသော မြစ်ကြီးနားမြို့တွင် တစ်ယူနစ်လျှင် ၁၆၀ ကျပ်၊ ဖားကန့်တွင် ၈၀၀ ကျပ်၊ မိုင်းရှူးတွင် ၂၇၅ ကျပ်၊ ကွတ်ခိုင်တွင် ၃၀၀ ကျပ်၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်မြို့တို့တွင် ၂၅၀ ကျပ်၊ ကွမ်းလုံမြို့တွင် ၂၁၀ ကျပ်၊ တာချီလိတ်တွင် ၂၀၀ ကျပ်၊ မြဝတီမြို့တွင် ၂၂၄ ကျပ်၊ ရေးမြို့တွင် ၅၅၀ ကျပ်၊ ခေါဇာမြို့တွင် ၇၀၀ ကျပ်တို့ဖြင့် အသီးသီး ဝယ်ယူ သုံးစွဲနေရကြောင်း လျှပ်စစ်ဝန်ကြီး ဌာန၏ စစ်တမ်းများအရ သိရသည်။

ထို့အပြင် ဂွမြို့တွင် ၆၆၀ ကျပ်၊ ရမ်းဗြဲတွင် ၆၀၀ ကျပ်၊ မင်းပြားမြို့၊ မာန်အောင်၊ ဘူးသီးတောင် မြို့တို့တွင် ၅၀၀ ကျပ်၊ စစ်တွေတွင် ၄၆၀ ကျပ်၊ ကျောက်တော်၊ မြောက်ဦးနှင့်ကျိန္တလီမြို့တို့တွင် ၄၅၀ ကျပ်၊ စစ်ကိုင်းတိုင်းရှိ ကလေးမြို့တွင် ၅၅၀ ကျပ်၊ တမူးတွင် ၆၀၀ ကျပ်၊ တနင်္သာရီတိုင်းရှိ ထားဝယ်မြို့တွင် ၄၆၅ ကျပ်၊ ရေဖြူတွင် ၅၅၀ ကျပ်၊ ကော့သောင်းတွင် ၄၂၅ ကျပ် နှင့် မြိတ်မြို့တွင် ၄၇၀ ကျပ်အထိ ပေးဆောင်နေရကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ကောက်ခံမှု ကွဲပြားနေသော မီတာခများကို ထိန်းညှိ လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ တင်ပြ ပြောဆိုသည်။

The Voice Weekly



ပျောက်ဆုံးနေသော လေလွင့်ဓာတ်အား ၃၀ ရာခိုင်နှုန်းကို ပြန်ရအောင် လုပ်ရန် လျှပ်စစ်ဝန်ကြီး ဌာနသို့ သူရ ဦးရွှေမန်း တိုက်တွန်း ပျောက်ဆုံးနေသော လေလွင့်ဓာတ်အား ၃၀ ရာခိုင်နှုန်းကို ပြန်ရအောင် လုပ်ရန် လျှပ်စစ်ဝန်ကြီး ဌာနသို့ သူရ ဦးရွှေမန်း တိုက်တွန်း Reviewed by သစ်ထူးလွင် on 10:30 Rating: 5
Powered by Blogger.