မြန်မာလူငယ်စင်တာ တည်ထောင်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား


ရန်ကုန်၊ မတ် ၁၇

မြန်မာလူငယ်များ နိုင်ငံ ပြုပြင် ပြောင်းလဲရေးတွင် လက်တွေ့ကျကျ ပါဝင်လာရန်နှင့် လူငယ့် အကြံပြုချက်များကို အစိုးရထံ ထိရောက်စွာ ပေးပို့နိုင်ရန်အတွက် မြန်မာလူငယ်စင်တာ တစ်ခု ဖွဲ့စည်း တည်ထောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ မတ်လ ၁၇ ရက်နေ့က ပြုလုပ်သည့် အာဆီယံ လူငယ်ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ရာတွင် နိုင်ငံတော် သမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ လူငယ်စင်တာသို့ ပြည်ထောင်စု ဝန်ကြီးများကို ပုံမှန် စေလွှတ်၍ လူငယ်များ၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ၊ အကြံပေးချက်များကို ရယူသွားရန် ရည်ရွယ်ထားကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

ယင်းလူငယ်စင်တာကို အင်းစိန်မြို့နယ် အတွင်းရှိ တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ်ဝင်း အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု အစိုးရက ပြောဆိုထားသော်လည်း အသေးစိတ် မသိရှိရသေးကြောင်း၊ လူငယ်စင်တာ ထူထောင်မည့် နိုင်ငံတော်သမ္မတ၏ အစီအစဉ်ကို ကြိုဆိုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အလားတူ ဖွင့်လှစ်ပေးသင့်ကြောင်း အာဆီယံ လူငယ်ဖိုရမ် ဖြစ်မြောက်ရေး တာဝန်ခံ ကိုမိုးဃ်သွေးက ပြောကြားသည်။

“ဖြစ်နိုင်ရင် မြို့နယ်တိုင်းမှာ လူငယ် စင်တာတွေ ဖွင့်ပေးစေချင်တယ်။ ရန်ကုန်မှာ တစ်ခု ဖွင့်လိုက်ရုံနဲ့တော့ ထိရောက်မှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံက ပထမဆုံး အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပသည့် အာဆီယံ လူငယ်ဖိုရမ်သို့ တီမော အပါအဝင် အခြား အာဆီယံနိုင်ငံ အသီးသီးမှာ ကိုယ်စားလှယ်ပေါင်း တစ်ရာကျော် ပါဝင် တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့က ကိုယ်စားလှယ် အများဆုံး ပါဝင်ကြောင်း ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

သုံးရက်ကြာ ကျင်းပမည့် အာဆီယံ လူငယ်ဖိုရမ်၏ ဆွေးနွေးပွဲ အစီအစဉ်များကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး အာဆီယံလူငယ် ကြေညာချက် တစ်စောင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီက ဆိုသည်။

The Voice Weekly


မြန်မာလူငယ်စင်တာ တည်ထောင်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား မြန်မာလူငယ်စင်တာ တည်ထောင်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား Reviewed by သစ်ထူးလွင် on 09:33 Rating: 5
Powered by Blogger.