တဆင့်ခံ ၀ယ်ယူမှု များကြောင့် တစ်ဧက သိန်းထောင်ချီ ရှိလာသည့် ပြင်ဦးလွင် ကုန်းခြံများ

 ပြင်ဦးလွင် ကုန်းခြံများ
ပြင်ဦးလွင်မြို့နယ်ရှိ  ကုန်းခြံများမှာ သင်္ကြန်ပြီးနောက်ပိုင်းအရောင်းအ၀ယ်လိုက်ခဲ့သော်လည်း ယခုအချိန်တွင် တဆင့်ခံဝယ်ယူ မှုများကြောင့် ဈေးအဆမတန်မြင့်တက်လာမှုကြောင့် ၀ယ်ယူသူများ အနည်းငယ်တုံ့ဆိုင်းမှုများ ရှိလာကြောင်း   အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

“ဒီမှာကတော့ ရွာတွေဘက်မှာ ပိုပြီးအ၀ယ်လိုက်ကြတယ်၊ အရင်လကတော့ အရောင်းကော အ၀ယ်ကောတော်တော်လေးဖြစ်  တယ်  ဒီလထဲတော့ နည်းနည်းပါးသွားတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်ကိုမောင်မောင်ငြိမ်းက ပြောသည်။

ပြင်ဦးလွင်မြို့နယ်တွင် ထိုကဲ့သို့ ကျေးရွာဘက်များ၌ မြေကွက်အရောင်းအ၀ယ်ဖြစ်နေရခြင်းမှာ   ငွေကြေးတတ်နိုင်သူ များ အနေဖြင့် နှစ်ရှည်ပင်များ စိုက်ပျိုးလိုခြင်းကြောင့် ခြံများအား ဧကလိုက်ဝယ်ယူလျက် ရှိကြောင်း ဒေသခံများထံက သိရသည်။

ထိုကဲ့သို့ ပြင်ဦးလွင်မြို့တွင် ကျေးရွာများ၌ ခြံကွက်များအရောင်းအ၀ယ်စလိုက်ခဲ့ခြင်းမှာ ၂၀၁၁ခုနှစ်၊ သြဂုတ်လပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။

“ဒီရွှေမြင့်သာရွာမှာဆိုရင် တစ်နေ့တစ်နေ့ ပွဲစားတွေ အယောက်(၁၀၀)လောက်ရှိမယ်၊ သူဌေးတွေက မြေကွက်တွေ ဧကလိုက်  လာဝယ်ကြတော့ လမ်းဘေးကျတဲ့မြေကွက်သေးသေးလေးတွေကလည်းသိန်းထောင်ချီနေပြီ”ဟုပိန္နဲကုန်းကျေး ရွာနေ ကိုမျိုးသန့်   ကပြောသည်။

ထိုကဲ့သို့ မြေကွက်များအား ငွေရှင်များအနေဖြင့် အများအပြားဝယ်ယူခဲ့ကြခြင်းကြောင့် ရွာသားများအနေဖြင့်နေ့စဉ်ဝမ်းရေးအတွက် အလုပ်ပုံမှန်ရရှိနေလျက်ရှိကြောင်းကိုလည်း နောင်ခမ်းကြီးကျေးရွာသားက ဆိုသည်။

ထိုကဲ့သို့ မြေကွက်များတန်ဖိုးမြင့်တက်လာခြင်းကြောင့် ၀ယ်ယူသူများအနေဖြင့်လည်း စာရွက်၊ စာတမ်း ခိုင်ခိုင်လုံလုံနှင့်   နောက်ကြောင်း ရှင်းသောမြေကွက်များကိုသာ ရှာ၍ ၀ယ်ယူလာကြကြောင်းသိရသည်။

ရွာသားများအနေဖြင့် အများစုရောင်းနေကြသော မြေကွက်များမှာ သီးစားချထားပေးသော စလစ်ရှိသည့်မြေကွက်  များဖြစ်ကြောင်း အကျိုးဆောင်များက ဆိုသည်။

ကျေးရွားများရှိ မြေကွက်တန်ဖိုးများမှာ ယခုအချိန်တွင် ကားဝင်၍ ရသော၊ လမ်းဘေးကျသော မြေကွက်များ အနေဖြင့် တစ်ဧကနှုန်း  လျှင် သိန်းတစ်ထောင်ဝန်းကျင်ခန့်ရှိကြောင်းသိရသည်။

လွန်ခဲ့သော(၂၀၁၁) အစောပိုင်းတွင်မူ တစ်ဧကတစ်ကွက်လျှင် သိန်းနှစ်ဆယ်မှ ငါးဆယ်ဝန်းကျင်ခန့်သာရှိခဲ့ကြောင်း  သိရသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 18 Jun, 2012
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်