အစိုးရနှင့်ထပ်မံတွေ့ဆုံရန်ပြင်ဆင်ချိန် RCSS/SSA သုံးကြိမ် တက်တိုက်ခံရ

အစိုးရ ကိုယ်စားလှယ် နှင့် RCSS/SSA ကိုယ်စားလှယ်တို့ ပြည်ထောင်စုအဆင့် (ဒု)ကြိမ် တွေ့ ဆုံရန် ပြင်ဆင်နေချိန် သျှမ်းပြည်တပ်မတော်တပ်ဖွဲ့ဝင်များအခြေစိုက် တပ်စခန်းသို့ အစိုးရတပ်မှ ၃ ကြိမ်တက်တိုက်ခဲ့သည်ဟု သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်က ပြောပါသည်။

“ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေက အစိုးရ တပ်ကနေ သုံးကြိမ်စလုံး ကျနော်တို့ တပ်ဖွဲ့ရှိရာကို ဦးတည်ပြီး လာတိုက်တယ်။ မနေ့က တိုက်ပွဲဆိုတော်တော်ပြင်းထန်တယ်။ မိနစ်ကိုးဆယ်လောက် ကြာ တယ်။ အသေပျောက်စာရင်းတော့ တိကျမရသေးတော့ မထုတ်ပြန်နိုင်သေးဘူး” - RCSS/ SSA အရာရှိတဦးက ပြောပါသည်။

ယခုလမကုန်မှီ အစိုးရ ကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟု လူသိများသည့် RCSS/SSA ကိုယ်စားလှယ် တို့ သံလွင်အရှေ့ခြမ်း တနေရာ၌ ထပ်မံတွေ့ဖို့ ပြင်ဆင်နေချိန် မေလ ၉ ရက် ၂၃:၄၀ နာရီ အချိန် အစိုးရတပ် ခလရ ၂၄၆ က ပန်လုံမြို့နယ်ခွဲ ရှိ ဝမ့်ကောင်(ဝ်) ပန်မီ၊ စနင်းကျေးရွာအုပ်စု အခြေချ RCSS/SSA တပ်စခန်းအား လည်း ကောင်း၊ မေ ၁၀ ရက် ၁၆:၀၀ - ၁၇:၃၀ နာရီ အထိ အစိုးရတပ် ခလရ ၆၄ က ပင်လုံမြို့နယ်ခွဲ တန်ဟင်ကျေးရွာအုပ်စု ဖါလိုင်းတောင့်ဖှာ့ရှိ RCSS/SSA တပ်စခန်းအားလည်းကောင်း၊ မေ ၁၀ ရက် နေ့တွင် ခလရ ၂၈၆ အင်အား ၁၈၀ ခန့် ဟိုမိန်းမြို့နယ်ခွဲ မြောက်ဘက် လောင့် မအိုး ရှိ သျှမ်းပြည်တပ်မတော် စခန်းအားလည်းကောင်း သွားရောက်တိုက်ခိုက်ခဲ့သည်ဟု လွယ်တိုင်းလျဲန်းဌာနချုပ် က အတည်ပြုပါသည်။


“ကျနော်တို့ သဘောတူညီချက်အရ အစိုးရတပ်ကနေ တောပိုင်း၊ ကျေးလက်ပိုင်းဘက်ထွက်မယ် ဆိုရင် ကြိုတင်အကြောင်းကြားရမယ်။ ကျနော်တို့မြို့ထဲဝင်ရင်လဲ အစိုးရတပ်ဆီကိုအကြောင်း ကြားမယ်။ ဒါကို အစိုးရက အကြောင်းမကြားတဲ့အပြင် ကျနော်တို့တပ်ကိုလဲ အရင်ပစ်ခတ်တိုက် ခဲ့တယ်။ ကျနော်တို့က မိမိကိုယ်မိမိကာကွယ်တဲ့အနေနဲ့ဘဲ၊အကျအဆုံးစာရင်းကို သက်ဆိုင်ရာ တပ်ရင်းတွေက အကြောင်းမကြားလာသေးသလို အစိုးရတပ်ဘက်သေကြေတဲ့ စာ ရင်းလဲ မသိရဘူး။ အစိုးရတပ်ဘက်ကတော့ အခန့်မသင့် လို့ ရင်ဆိုင်တိုက်ပွဲဖြစ်ရတာလို့ဘဲ ပြောပါ တယ်” - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကပြောပါသည်။

၂၀၁၁ နှစ်နှောင်းပိုင်းက ပဏာမ အဆင့်တွေ့ဆုံကာ အပစ်ရပ်သဘောတူညီချက်ရယူချိန်မှ စ၍ မေလအထိ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ဖြစ်သည်ဟု RCSS/SSA က ပြောဖူးပါသည်။

by-သျှမ်းသံတော်ဆင့်
အစိုးရနှင့်ထပ်မံတွေ့ဆုံရန်ပြင်ဆင်ချိန် RCSS/SSA သုံးကြိမ် တက်တိုက်ခံရ အစိုးရနှင့်ထပ်မံတွေ့ဆုံရန်ပြင်ဆင်ချိန် RCSS/SSA သုံးကြိမ် တက်တိုက်ခံရ Reviewed by သစ်ထူးလွင် on 22:25 Rating: 5

7 comments:

aungdin said...

ကိုယ်နိုင်ငံသားချင်း တိုက်မနေကြပါတော့နဲ့ဗျာ အချင်းချင်းတိုက်တော့ကိုယ့်နိုင်ငံသားတွေပဲသေကြရတာပါပဲ မသန်မစွမ်းတွေလည်းဖြစ်ကြရတယ် တိုင်းပြည်အတွက်လုပ်အားတွေလည်းလျော့ပါတယ် လက်နက်တွေချပြီး တပေါင်းတစ်စည်းတည်း လက်တွဲပြီးအလုပ်လုပ်ကြရမယ့် အကောင်းဆုံးအချိန်ရောက်လာပါတော့မယ်။ ပြည်သူတွေလည်း ဟိုပြေးဒီရှောင်နဲ့ဒုက္ခတွေရောက်ပါတယ်။ ဘုရင်တွေလက်ထက်ကလည်း ကိုယ့်အချင်းပြန်တိုက်ကြလို့ပြည်သူလူထုကကောင်းကောင်းနေခဲ့ရမယ်မထင်ပါဘူး အင်္ဂလိပ်လက်အောက်ရောက်တော့လည်းသူများလက်အောက်မို့ကောင်းကောင်းမနေခဲ့ရဘူး ဂျပန်လက်အောက်ရောက်တော့ပိုဆိုး လွတ်လပ်ရေးရပြီးပြန်တော့လည်း အလံဖြူကတမျိုး အလံနီကတဖုံ လဲဗြီးဆိုတာကတစ်ခု သူပုန်ကလည်းထပြန် ဓားပြကလည်းတိုက်နဲ့ တပါတီရောက်တော့လည်းစီးပွားရေးနလံမထူ ပူပင်သောကတွေအပြည့် ဒီလိုနဲ့ကြီးနိုင်ငယ်ညှင်းဝါဒတွေဖြစ် ဒီတိုင်းနဲ့လျှောက်လာခဲ့ရတာ ခုဒီမိုကရေစီစပြန်တော့လည်း ဒီလိုတိုက်နေကြဦးမယ်ဆိုရင် ပြည်သူလူထုက ရှေ့ဆက်ဘယ်လိုများစခန်းသွားကြမှာလဲဗျာ ပြည်သူလူထုကိုသနားကြပါဦး ။ နိုင်ငံတကာက စီးပွားရေးတခါးတွေဖွင့်လို့ အလုပ်ကိုင်တွေကောင်းလာချိန်များရောက်ခဲ့ရင် ကိုယ်နိုင်ငံသားချင်းပြန်တိုက်လို့သေခဲ့ကြတဲ့လူတွေရဲ့လုပ်အားတွေကအလဟသတွေဖြစ်ကုန်မှာပေါ့ဗျာ သူတပါးကျူးကျော်လို့တိုက်ရင်းသေတာက နိုင်ငံအတွက်မြင့်မြတ်တယ်လို့ပြောစရာ ရေးစရာသမိုင်းကျန်ပါဦးမယ် ခုတော့....ကိုယ့်နိုင်ငံသားချင်းပြန်တိုက်နေရတဲ့အလုပ်တွေကို ရပ်သင့်ကြပါပြီ ရပ်ကြပါတော့လို့ပဲတိုက်တွန်းချင်ပါတယ်။ သူတပါးနိုင်ငံတွေမှာလူတွေက အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် ၂၄ နာရီပြေးလွှားနေချိန်မှာ ကျွန်တော်တို့နိုင်ငံကလူတွေက စစ်ကြောက်လို့၂၄ နာရီပြေးနေကြရတယ်ဆိုရင် ဘယ်အချိန်မှာအလုပ်လုပ်ပြီး ဘယ်အချိန်မှာစီးပွားရှာလို့ ဘယ်လိုတိုးတက်အောင်လုပ်ကြရတော့မှာလဲစဉ်းစားကြပါဦး။ကိုယ်လူမျိုးကောင်းဖို့အတွက်ရည်ရွယ်တယ်ဆိုရင်ပိုတောင်စဉ်းစားသင့်ပါတယ်။

greenlover said...

ကတိသစ်စာဆိုတဲ့ဗမာစကားလုံးဟာအစိုးရနဲ့တပ်မတော်အတွက်မဟုတ်ဘူးတဲ့ တိုင်းရင်းသားတွေအပေါ်အဲလိုဘဲနိင်ထက်စီးနှင်းလုပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး ဒီလောက်မြင်သာထင်သာဖြစ်နေတာတောင် မနက်မိဘဆီကမုန့်ဘိုးတောင်းပြီးညနက်မှအိမ်ပြန်လာတတ်တဲ့ဘာတန်ဘိုးမှမရှိတဲ့အလကားတောင်တွေက ဘာကြောင့်စစ်တိုက်ရသလဲ နယ်ခြားစောင့်တပ်လက်ခံလိုက်ပါ ငြိမ်းချမ်းရေးယူလိုက်ပါ တဲ့လား
အဲဒီစကားတွေကမင်းတို့ပထွေးတပ်မတော်သားတွေကိုအရင်းဆုံးနားဝင်အောင်စည်းရုံးကြပါအုံး
peace ဆိုတဲ့စကားလုံးရဲ့အနက်တောင်သဲသဲကွဲကွဲသိကြရဲ့လား ကျေးရွာရောက်တာနဲ့ ရွာသားပိုင်ကျွှဲနွားတွေကိုပြစ်သတ်စား၊ စပါးကျီတွေကိုဖျက်စီး၊ ရွာမီးရှို့၊မိန်းမတွေ့ရင်မုဒိန်းကျင့်၊ယောက်ကျားသားတွေ့ရင်ဖမ်းစီးနှိပ်ဆက်၊ သေနတ်ကိုဦးတည်ရာမဲ့ပြစ်၊လက်နက်မပါတဲ့ပြည်သူတွေသေ ဒါလားနိုင်ငံတော်ကိုကာကွယ်မယ့်တပ်မတော် အထက်ကလူကြီးကကိုယ့်ကိုမျက်နတာမပေးမှာကြောက်လို့ ခိုင်းတာလုပ်၊ကျွေးတာစား ဘာမှစဉ်းစားညဏ်မရှိတဲ့ငတုံးတွေရဲလုပ်ရပ်ကရက်ဆက်လွန်းပါတယ်
၈၈ ကျောင်းသားတွေလဲသူတို့ရဲ့သေနတ်ပြောင်းဝမှာသေကုန်တာမနည်းတော့ဘူး ဒီလုပ်ရပ်တွေကိုရပ်တန့်ကရပ်လိုက်ပါတော့
ဗမာဆိုတဲ့စကားလုံးကိုသုံးမိတဲ့အတွက်တော့စိတ်မကောင်းပါဘူး

greenlover said...

တိုင်းရင်းသားတွေလက်နက်စွဲကိုင်တော်လန်ပုန်ကန်လာတာဘာကြောင့်လဲ၊ဗိုလ်ချုပ်အောင်ဆန်းဗမာ့တပ်မတော်ကိုဖွဲ့စည်းခဲ့တာဘာကြောင့်လဲ၊ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တုံးကတိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာဘဲနယ်ချဲ့ကိုတော်လန်ခဲ့ကြတယ်၊တန်ဘိုးရှိတဲ့ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ခဲ့ပါတယ်ဒါကိုဘယ်သူဖျက်စီးခဲ့သလဲ
ပြန်အစားထိုးလို့ရတဲ့လမ်းတံတားတွေကိုလုံခြုံရေးအရ ဖျက်ဆီးတာကိုတော့ကဘာပျက်မတတ်ပြစ်တင်ဝေဖန်နေကြတာ
ပြန်အစားထိုးမရတဲ့သက်ရှိလူသား၊တိုင်းရင်းသားလူနည်းစုတွေကိုသတ်ဖြတ်နေကြတာကဘယ်သူလဲ ကောင်းတယ်လို့ပြောကြအုံးမလား

Toe Toe said...

aungdin ရဲ့ရေးသားချက်ကိုထောက်ခံပါတယ်။တိုက်ခိုက်တာတွေရပ်ကြပါတောု့အ ပြုသဘောဆောင်တဲ့တွေ့ဆုံပွဲတွေလုပ်ပြီးညီအကိုရင်းတွေလိုသူလျော့။ကိုယ်လျော့နှစ်ဘက်ညှိပြီးထာဝရငြိမ်းချမ်းရေးတည်ဆောက်ကြပါတော့တကယ်တိုင်းပြည်တိုးတက်ချင်ကြတယ်။အာဏာကိုကိုယ်ကျိုးအတွက်မမက်ဘူးမှန်ရင်ညှိ နှိုင်းလို့မရစရာအကြောင်းမရှိပါဘူး။အဲလိုမဟုတ်ရင်တော့တိုင်းပြည်ကဆင်းရဲတွင်း ကတက်နိုင်မှာမဟုတ်ပါဘူး၊နေ့စဉ်တိုက်ပွဲသတင်းတွေဖတ်နေရတာလဲစိတ်မချမ်း သာပါဘူး။

zaw hlaing oo said...

ကိုအောင်ဒင်ပြောတာမှန်ပါတယ် သေသေချာချာစဉ်စားရင် ဘယ်လိုမှ မဖြစ်သင့်တဲ့စစ်ပွဲပါ။ ဘာအတွက်တိုက်နေတာလဲ ဘယ်သူ့အတွက်တိုက်နေကြတာလဲ။လောလောဆယ်တော့လူပေါင်းများစွာ နေစရာမရှိ စားစရာမရှိဖြစ်နေပြီ။ နှစ်ဘက်စလုံးစဉ်းစားသင့်ပါပြီ။

မန်းကိုကို said...

မဆိုင်ပေမဲ့ ဆက်မရေးခင် သစ်ထူးလွင်ဝက်ဘ်ဆိုဒ်ကို ခုလို နှစ်တိုအတွင်းမှာ အောင်မြင်အောင် လုပ်နိုင်ခဲ့တာကို ချီးကျူးချင်ပါတယ် ။ တည်ထောင်လုပ်ကိုင်သူ(တွေ)ဟာ ဘယ်သူတွေပဲဖြစ်ဖြစ် စိတ်ကူးစိတ်သန်းနဲ့ သင့်တင့်တဲ့ ကြိုးပမ်းချက်တွေ ဖြည့်တင်းပေးခဲ့လို့ ခုလို အောင်မြင်တယ်လို့ ယုံကြည် ချီးကျူးတာပါ ။ အနာဂါတ်မှာ ဘာတွေ စောင့်ကြိုနေသလဲ မသေချာပေမဲ့ ခုနေမှာတော့ အောင်မြင်မှု မှတ်တိုင်တစ်တိုင် စိုက်ထူနိုင်ခဲ့ပြီးဖြစ်တဲ့ သစ်ထူးလွင်ဝက်ဘ်ဆိုဒ်ဟာ သိက္ခာရှိရှိနဲ့ ရေရှည်အောင်မြင် တည်တံ့သွားနိုင်ဖို့လည်း ဆန္ဒပြုလိုက်ချင်ပါတယ် ။


အပေါ်ကသတင်းနဲ့ ဆိုင်တာလေး နည်းနည်းဆက်ပြောချင်ပါတယ် ။

ကျနော်တို့တတွေဟာ ငယ်စဉ်ကတည်းက ကိုယ်ကျင့်ကောင်းဖို့ ၊ သူတပါးကို ကူညီစောင်မဖို့ ၊ ရိုသေ သင့်တာ စောင့်ထိန်းအပ်တာတွေကို ရိုသေ စောင့်ထိန်းဖို့ ၊ ကိုယ်ချင်းစာတရား ပွားများကြဖို့ ၊ မတရားမှုကို ရှောင်ကြဉ်ဖို့ ပုံပြင်တွေ ၊ သာဓက ဥပမာတွေ ၊ အသွန်အသင်တွေနဲ့ ကြီးပြင်းလာခဲ့ ကြရသူတွေက အများစု လို့ ယုံကြည်ပါတယ် ။ ဒါတွေကပဲ ကျနော်တို့ရဲ့ လူနေမှု ပတ်ဝန်းကျင်ကို အခြေခံတွေအနေနဲ့ တည်ဆောက် ထားတယ် ။ ဒါတွေဟာပဲ ကျနော်တို့ရဲ့ ကိုယ်ကျင့်အသိနဲ့ ယဉ်ကျေးမှုတွေ ဖြစ်တည် ထိန်းသိမ်းတာတွေ ထပ်ဆင့်ဖြစ်လာတယ် ။ အချို့က ဒါတွေကို ဂုဏ်ယူသလို ၊ အချို့မတော့ သတိနည်းလို့ မမြင်မိကြတာ လည်း ရှိကြပေမယ့် ကုန်ဆုံး လျော့ပါး ပျောက်ပျက်သွားတာတွေတော့ မဟုတ်ပါဘူး ။ ရင်ထဲ နက်နက်ရှိုင်း ရှိုင်းမှာ အမြစ်တွယ်နေကြပြီး လွဲချော်မှုတွေ မြင်လာရင် နှုတ်က ပြောမထွက် ပြောမရဲ မပြောဖြစ်ပေမဲ့ တစ်ခုခုတော့ ချွတ်ချော်နေတာကို အတွင်းစိတ်က လက်သင့်မခံ တွန်းကန်နေသလို ခံစားမိကြပါတယ် ။

ဒါပေမယ့် လက်တွေ့ဘဝမှာ မတရားမှုတွေကို မျက်နှာလွဲ ၊ ကိုယ်ချင်းစာစိတ်တွေ ခေါင်းပါး ၊ ကိုယ်သာလျှင်မှန်ပြီး သူများခံစားရတာတွေကျ အသိမှတ်မပြုတာမျိုးလို လူသားမဆန်တဲ့ အပြုအမူ တွေဟာ ကျနော်တို့တတွေ သိလျက်နဲ့ လက်သင့်ခံသင့်သလား ၊ အားပေးသင့်သလား ၊ ဆိတ်ဆိတ်နေသင့် သလား ၊ ကိုယ့်အလှည့် ပြန်မရောက်တော့ဘူးလား ။ ဂရုမမူ ပေါ့ပေါ့ဘဝမျိုးအတွက် မထောင်းတာပေမယ့် လေးနက်တဲ့ဘဝမျိုး လိုလားသူ ၊ ရိုးသားဖြောင့်မတ်ပြီး တန်ဖိုးရှိသူတစ်ယောက် ဖြစ်ချင်သူတွေအတွက် တော့ နှစ်ခါပြန်တွေးဖို့ လိုပါမယ် ။ အထူးသဖြင့် ဘာသာ တရားရဲ့ အဆုံးအမကို နာယူသုံးစွဲလိုသူတွေအ တွက် ပိုတွေးဖို့ သင့်ပါတယ် ။

ဆက်ပြောရင် တရားဟောတယ် ဖြစ်မှာမို့ လိုရင်း ပြောပါရစေ ။
သတင်းရဲ့ခေါင်းစီးကိုကြည့်ပါ ၊ တကယ့်ရှင်းရှင်းလေးပါပဲ ၊ တိုင်းရင်းသားတွေကနေ ဗမာတွေကို ဘယ်လို ထင်မလဲ ။ ဒီလိုပြောပြန်တော့ ကျနော်က တိုင်းရင်းသားတွေနဲ့ ဗမာကို ခွဲပြောသူလို့ စွပ်စွဲကြမှာပါ ။ ကျနော့်အဖြေက ရှင်းပါတယ် ၊ ကျနော့်ကို မပြောပါနဲ့ တိုင်းရင်းသားဒေသမှာသွားပြီး ကြိုးစားရှင်းပြကြပါ ။ အဲဒီအလုပ်ကို ကျနော်တစ်ယောက်ထဲ မတတ်နိုင်ပါဘူး ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ ရွှေမှုန်မကြဲပဲ လက်တွေ့အကျိုးရှိမှ မှန်တယ်လို့ ပြောလို့ရပါမယ် ၊ အလုပ်နဲ့ သက်သေပြမှ ပကတိ အရှိဖြစ်လာပါလိမ့်မယ် ။

မြန်မာပြည် အင်္ဂလိပ်လက်အောင် ရောက်သွားစဉ်က ဘယ်လောက်ကြာကြာ ခုခံတိုက်ခိုက်ခဲ့ကြသလဲ ။ ကိုယ့်အချင်းချင်းကျမှ ဘာကြောင့် နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်နေကြရသလဲ ။ ဘယ်လောက်တိုက်ခဲ့ တိုက်ခဲ့ ပြည်မအစိုးရက နည်းနည်းလျှော့လိုက်ရုံနဲ့ အပစ်ခတ်ရပ်စဲရေးတွေ ၁၉၉၀ ခုနှစ်ကျော်တွေမှာ ချက်ချင်း ရခဲ့တာတွေကိုကြည့်ရင် အဖြေက သိပ်မဝေးလှပါဘူး ။ သေချာတာကလည်း ဘယ်သူမှတော့ အပြန်ပြန် အလိမ်မခံချင်ကြပါဘူး ။ ဒါတွေအတွက် ဖြေဆေးက စိတ်တွေကို ဖွင့်ထားကြဖို့ ၊ နားလည်မှု ပေးနိုင်ကြဖို့ ၊ ဦးဆောင် စွမ်းဆောင်နိုင်သူတွေက စေတနာမှန်မှန်နဲ့ လုပ်ကြဖို့တော့ လိုပါတယ် ။ သူတစ်ပါး ကို လည်မျိုညှစ်ထားပြီး ယုံကြည်မှု တည်ဆောက်လို့ မရတာကို သိသလို လက်တွေ့လည်း ကျင့်ကြံရပါ မယ် ။

ပြောတာလည်း ရှည်ပါပြီ ။ ဘယ်သူ့ပယောကမှ မပါပဲ နားလည်လက်ခံထားတဲ့ ကိုယ်ပိုင်သဘောထားကို သဘောတူသူတွေ ရှိနိုင်ကောင်းရဲ့ဆိုပြီး အသိပေးတင်ပြတာပါ ။ စိတ်ကျေနပ်မှု ရနိုင်မယ်ဆိုရင် သူပုန်လို့ ခေါ်ချင်လည်း ခေါ်နိုင်ပါတယ် ။
ကိုယ်စီကိုယ်ဌ ပြည့်စုံတဲ့ဘဝတွေ ရနိုင်ကြပါစေ ။

မန်းကိုကို
၁၅ ၊ ၀၅ ၊ ၂၀၁၂

catman said...

အဲဒီဘိန်းဓါးပြတွေကိုမျိုးသာဖြုတ်ပြစ်ကွာ.တစ်ကောင်မှမရှိနားအေးရော..အလကားပြည်သူကိုဆက်ကြေးကောက်..ပြန်ပေးဆွဲ..နဲ့..လက်နက်အားကိုးပြီးအနိုင်ကျင့်ချင်တဲ့ကောင်တွေ..

Powered by Blogger.