Hi-Mo High-Art ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမား တောင်းဆိုချက်ရရှိ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံက မနေ့က ဆန္ဒပြ အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အခြေခံလုပ်ခလစာနဲ့ အချိန်ပိုကြေး တိုးပေးဖို့ အပါအ၀င် အခြားအလုပ်သမား ရပိုင်ခွင့်တွေကို အလုပ်သမားရုံး တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးခဲ့လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြေလည်မှု ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
RFA
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ဆန္ဒပြနေကြစဉ်။
Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အလုပ်သမား ရပိုင်ခွင့်တွေကို လုပ်ငန်းရှင်က လိုက်လျောခဲ့ကြောင်း အလုပ်သမား ကြီးကြပ်ရေးရုံးရှေ့မှာ ရောက်နေတဲ့ ဆန္ဒပြ အလုပ်သမတစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။
"ကျွန်မတို့တောင်းဆိုတာ အခြေခံလစာ နည်းပါးမှု၊ အိုတီအတင်းအကြပ် ခေါ်ဆိုမှုပေါ့နော်။ နောက် အလုပ်သမားတွေကို အဓမ္မခိုင်းစေမှု အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုခဲ့တာပါ။ အခုဆို အလုပ်သမား တစ်ထောင်ရှစ်ရာရဲ့ တောင်းဆိုတဲ့ အချက် (၇၈) ချက်၊ အားလုံးကို ချုံ့လိုက်တဲ့အခါမှာ (၄၈) ချက်ပေါ့နော်။ အဲဒီ (၄၈) ချက် အားလုံး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပါပြီ။ အခြေခံလစာက ပထမ (၈၀၀၀) ရှစ်ထောင်ပဲရတာ၊ အခုဆို (၂၂၀၀၀) နှစ်သောင်း နှစ်ထောင် တိုးပေးတာပေါ့နော်။ လစာတိုးတဲ့အတွက် အိုတီကြေးလည်း တိုးတယ်။ အရင်တုန်းက အိုတီကြေး (၇၈) ကျပ်ပဲရပါတယ်။ အိုတီကြေးက (၃၁၄) ကျပ် ဖြစ်သွားတာပေါ့နော်။ အခုတောင်းဆိုတဲ့ အချက်တွေအားလုံး အဆင်ပြေတယ်"
လှိုင်သာယာစက်မှုဇုန် (၃) မှာရှိတဲ့ အလုပ်သမား ကြီးကြပ်ရေးရုံးမှာ စက်ရုံ တာဝန်ရှိသူတွေနဲ့ ဆန္ဒပြ အလုပ်သမားတွေကြား ရန်ကုန်တိုင်း အလုပ်သမားညွန်ကြားမှု ဦးစီးဌာနက တိုင်းမှူးအပါအ၀င် အလုပ်ရုံ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ညွန်ချုပ် ဦးဝင်းရှိန်က လာရောက်ညှိနှိုင်း ဖြေရှင်းပေးခဲ့တာလို့ အလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။
"အလုပ်သမား ကြီးကြပ်ရေးရုံးပေါ့။ လှိုင်သာယာစက်မှုဇုန် (၃)၊ ဘယ်သူက ဖြေရှင်းပေးတာလဲဆို လေဘာက ညွှန်ချုပ် ဦးဝင်းရှိန်လို့ ပြောပါတယ်။ အလုပ်သမား (၁၈၀၀) ၀န်းကျင်လောက် ပါပါတယ်"
ကိုရီးယားလူမျိုးပိုင် Hi-Mo High-Art ဆံပင်တုစက်ရုံမှာ အလုပ်သမား (၁၉၀၀) နီးပါးရှိပြီး အလုပ်သမားတွေ တောင်းဆိုမှု မပြုလုပ်ခင်က စက်ရုံမှာ နှစ်ကြီးသမား အလုပ်သမားတွေကို အခြေခံလစာ ကျပ် တစ်သောင်းကျော် ပေးတာဖြစ်ပြီး ကျန်အလုပ်သမားတွေက ရှစ်ထောင်နဲ့ ကိုးထောင်လောက်သာ ရကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
RFA-Burmese
Hi-Mo High-Art ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမား တောင်းဆိုချက်ရရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမား တောင်းဆိုချက်ရရှိ Reviewed by သစ်ထူးလွင် on 04:16 Rating: 5

9 comments:

တန`င်္လာကိုကို said...

တောင်းဆိုချက်တွေရလို.၀မ်းသာပါတယ်။ ဒီလိုပဲဆက်ပြီးညီညွတ်ကြပါ။
စည်းလုံးကြပါ။

zaw hlaing oo said...

ဝမ်းသာပါတယ်ဗျာ။ တောင်းဆိုမှပေးတာထက် မတောင်းဆိုပဲပေးရမယ့် ဥပဒေမျိုးတွေရှိသင့်ပါပြီ။ နိုင်ငံသားတိုင်းအတွက်ပါ။

thwinmgtoe12 said...

ငါတို့နှိင်ငံမှာရှိတဲ့အလုပ်သမားတွေလုပ်ခလစာငွေနည်းနည်းနဲ့အလုပ်လုပ်နေရတာနှစ်ပေါင်းများကြာပြီအခုလို ဆန္ဒပြတောင်းဆိုလို့ လစာ တိုးပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ေ လဘာက ညွှန်ချုပ် ဦးဝင်းရှိန် ကိုလည်းကျေးဇူးတင်ပါတယ်။မြန်မာပြည်ကအလုပ်သမားများလစာငွေကောင်းကောင်းရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

Ko Nyo Khant ( Mdy university.) said...

ဒီလိုကိစ္စတွေက..နောက်ဆို..မကြာခဏတွေ့ကြရမှာပါ...အာဆီယံအသိုက်အ၀န်းကိုဝင်ရောက်ပြီဆိုတာနဲ့..တန်းတူညီမျှရေးကိစ္စတွေ..နောက်ဆိုတောင်းဆိုလာကြတော့မှာပါ...ကိုယ်ဆီက...ဥပဒေပညာရှင်များနဲ့အလုပ်သမား...အလုပ်ရင်...အလုပ်သမားဝန်ကြီးဌာနများကပါးနပ်ဖို့လိုပါတယ်။တကယ်တန်း..၀န်ကြီးဌာနက..အလုပ်သမားများဘက်ကရပ်တည်ပေးရမှာပါ..အလုပ်ရှင်ဘက်ကရပ်တည်မယ်ဆိုလျှင်..ပိုမိုရှုပ်ထွေးတဲ့ကိစ္စတွေဖြစ်ပေါ်လာမှာပါ။

chittulay8 said...

8000 ကနေ 22000 ထိတိုးပေတယ်ဆိုတာ လစာလာ။တရက်စာအလုပ်အားခလာ။1လကို 22000ပဲရတာ တော်တော့ကိုနည်းတယ်နော်။အလုပ်သမားတွေ စားဝတ်နေရေးအတွတ် ဖူလုံမူရှိပါ့မလာ။

Shin Myochit said...

ဒီစက်ရုံတခုထဲမဟုတ်ဘဲအခြားစက်၇ုံတွေအလုပ်ရုံတွေမှာအလုပ် လုပ်နေကြသူများ
အားလုံးတပြေးညီရပိုင်ခွင့်ရရှိသင့်ပါတယ်၊တောင်းဆိုမှပေးတယ်ဆိုတာသိပ်သဘာဝ
မကျပါဘူး၊အမှန်တရားအတွက်အလုပ်သမားတွေရဲရင့်ဘို့လိုအပ်သလိုကိုယ့်ဘက်က
လဲစည်းကမ်းရှိဘို့လိုတယ်ဆိုတာမမေ့သင့်ဘူး။

ချစ်ဖူး said...

ကောင်းပါတယ်။ ဒီထက်မကလည်း အဆင်ပြေကြပါစေ

Ukyawkyaw said...

နိုင်ငံသားအားလုံး၏အထိတ်အထိပ်နေရာရရှိသူ ဦးသိန်းစိန် မှ
အမြန်ဆုံးဖြေရှင်းရန်အမိန့်ပေးစေလိုပါသည်။
သက်ဆိုင်ရာဝန်ကြီးဌာနနှင့်စက်ရုံကြီးများတွေ့ဆုံပြီးအခြေခံဝန်
ထမ်းလစာကိုအမြန်ဆုံးညှိနှိုင်းသတ်မှတ်ပေးစေလိုပါသည်။
နိုင်ငံတော်ရင်းနှီးမြုပ်နှံမှုကော်မရှင်မှလည်းအခြေခံဝန်ထမ်းလ
စာကိုကြိုတင်ကြေငြာထားသင့်ပါသည်။နှောင့်နှေးကြန့်ကြာနေပါကရင်းနှီးမြုပ်နှံသူများကိုတွေဝေသွားစေနိုင်ပါသည်။

မောင်မောင် said...

မျက်ရည်လည်တဲ့ အထိဝမ်းသာမိပါတယ်..ရဲရင့်ပါပေတယ်..အနာဂတ်သမီးပျိုလေးများကို လေးစားမိပါတယ်..

Powered by Blogger.