Form ရောင်းစားနေတာလား

အခုဆိုရင်..မြန်မာနိုင်ငံမှာအလုပ်တွေခေါ်တာများလာတော့
အလုပ်အကိုင်ရှာဖွေရေး Agent တွေလည်း တော်တော်အလုပ်ဖြစ် နေပါတယ်..။
အလုပ်အကိုင်ရှာဖွေရေး Agent တရားဝင်အမည်မခံဘဲ လုပ်စားနေတဲ့
အဖွဲအစည်းတွေလည်း ရှိနေပါတယ်..။ အလုပ်အကိုင်ရှာဖွေနေကြတဲ့
ဘွဲ့ရပညာတက်လေးတွေမှာ မရှိတဲ့ကြား က အချိန်ကုန်၊ လမ်းစရိတ်ကုန် ၊
စာရွတ်စာတမ်းကြေးတွေကုန်ဖြစ်ရတဲ့အပြင် အလုပ်ခေါ်တယ်ဆိုပြီး Form
ရောင်းစားနေတဲ့ ကုမ္ပဏီ တွေလည်း ရှိနေပါတယ်..။

စာရေးသူကိုယ်တိုင် အလုပ်တစ်ခုခေါ်တာကို သွားလျှောက်ကြည့်ပါတယ်..။
စဦးဆုံးသွားလျှောက်ရင် ကိုယ်တိုင်ခေါ်တဲ့ ကုမ္ပဏီ တွေဆိုရင်
ကျနော်တို့ပေးတဲ့ စာရွတ်စာတမ်းတွေကို စစ်ဆေးကြည့်ရှုပြီး
လက်ခံထားလိုက်ပါတယ်..။ လုပ်ငန်း တွင်းရှိ တာဝန်ခံများနဲ့ ဆွေးနွေးပြီး
အလုပ်ခေါ်ကြပါတယ်။ တချို့ ကုမ္ပဏီများကြတော့ သတ်မှတ်ထားတဲ့
အလုပ်လျှောက်လွှာများ ထုတ်ပေးကြပါတယ်..။
အဲ့ဒီအတွက် ငွေကြေးတစ်စုံတရာတောင်းခံတာမျိုးမရှိပါဘူး..။
ကျနော်တွေ့ခဲ့တဲ့ ကုမ္ပဏီကျတော့ အဲ့လိုမျိုး မဟုတ်ပါဘူး..။ ရောက်တာနဲ့
Form ဖြည့်ခိုင်းတော့တာပါပဲ..။ ပြီတော့ပြောပါတယ်..။ သူတို့က ကိုယ်စား
ရှာဖွေပေးတာလို့..။ ကိုယ်စားရှာဖွေပေးရင် Agent ပေါ့..။

လိုင်စင်တွေဘာတွေ ရေးထားတင်ထားတာလည်း မတွေ့ခဲ့ပါဘူး..။ ထားပါတော့..အဲ့ဒါတွေ..။
ကျနော်လည်း ဘွဲ့ရ အလုပ်လက်မဲ့ ဆိုတော့ ကျွမ်းကျင်မှုအလိုက်
အလုပ်ရှာရမယ်လေ..။ သူတို့ရောင်းတဲ့ Form လေးကိုဝယ်ပြီး ဖြည့်ရပါတယ်..။
ဖြည့်ပြီးတော့ သူတို့တောင်းတဲ့ ၀န်ဆောင်ခငွေကြေးကိုပေးရပါတယ်..။ တစ်ထောင်
ပေးရပါတယ်။ အလုပ်ရ /မရ တော့မသိပါဘူး။ ကျနော်တို့ဆီကနေ တစ်ထောင်တော့
ယူသွားပါပြီ။ အလုပ်မရှိအကိုင်မရှိတွေဆီကနေ တစ်ထောင်ရအောင်ယူသွားနိုင်တာ
သူတို့တော်ပါတယ်ဗျာ..။ အမှန်ဆို ကျနော်သွားတင်ကတည်းက
အလုပ်ကိုယ်စားရှာပေးတဲ့ကိုယ်စားလှယ်ကုမ္ပဏီ လို့ မထင်လို့သွားတင်မိတာပါ..။
ရောက်နေမှတော့ ဆိုတဲ့ (မထူးပါဘူး ဆိုတဲ့)စိတ်ကလေးနဲ့ တင်လိုက်တာပါ..။

နောက်နေ့ကျတော့ သူတို့အလုပ်ခေါ်စာထဲမှာ နောက်ထပ်ကျနော်ကျွမ်းကျင်တဲ့အလုပ်
(လိုချင်တဲ့အလုပ်) နောက်တစ်ခုတွေ့လို့ ဖုန်းဆက်ပြီးပြောပါတယ်..။
အဲ့ခါကျတော့ နောက်ထပ်တစ်ကြိမ် ၀န်ဆောင်ခ ထပ်ပေးရ မယ်တဲ့ဗျာ…။ တစ်ကယ့်
အလုပ်အကိုင်ရှာဖွေရေးAgent ကြီးတွေတောင် တစ်ကြိမ်မှတ်ပုံတင်ထားရင် ၆ လ
အတွင်း အလုပ်မရမချင်းရှာပေးပါတယ်..။ အလုပ်တစ်ခုမဟုတ်ပါဘူး။
အလုပ်ပေါင်းများစွာပါ..။
သူတို့ကျမှ ၂ခုလျှောက်လို့ ၂ခါပေးရမယ်ဆိုတော့
ကျွမ်းကျင်မှုအလိုက်ဖြစ်စေ..ဒီဘက်ခေတ်အခြေအနေအရ ရတဲ့အလုပ်လုပ်ရမယ်..။
၃/၄/၅ခုလျှောက်ထားမှ  တစ်ခုရမယ်ဆိုတဲ့ တစ်စုံတစ်ခုကို
သေချာစေလိုတဲ့စိတ်မျိုးနဲ့ အလုပ်လျှောက်လွှာတင်ထားချင်တဲ့သူတွေအတွက်ကတော့
ခုနက ပုံစံကြီးက လုပ်စားတာကြီးမှန်း သိသာ စေပါတယ်..။

တစ်ကယ်အလုပ်ရရင်လည်း တစ်ခုပဲလုပ်နိုင်မှာပါ..။ အချိန်ပြည့်အလုပ်ကို
ဘယ်သူမှ ၂ ခုမလုပ်နိုင်ပါဘူး။ သေချာတာကတော့ သူတို့အလုပ်မှာ လာလျှောက်ရင်
၁ခုလျှောက်ရင် ၁၀၀၀၊ ၂ခုလျှောက်ရင် ၂၀၀၀ ပေးရ မှာပါ။ Form တွေကိုလည်း
အကန့်အသတ်မရှိရောင်းနေပြီး အလုပ်ခေါ်နေမှာပါ..။ သေချာပေါက် အင်တာဗျူး
ဝင်ရမှာပါလို့လည်း ကတိစကားပေးလိုက်ကြပါသေးတယ်..။
မျှော်လင့်ချက်ပေးလိုက်တာပေါ့ဗျာ..။ ပိုက်ဆံ ယူထားတာကိုး…။ မကြိုက်လို့
မခေါ်ပါဘူးဆိုရင် ပြီးသွားပြီလေ..။ အလုပ်သမားတွေက အများကြီးကိုးဗျ..။
အဲ့ဒီလို ကုမ္ပဏီမျိုးတွေ မြန်မာနိုင်ငံမှာဘယ်လောက်ရှိနေလဲ
ဆိုတာမသိနိုင်ပေမယ့် အခုတော့ စာရေးသူက တစ်ခု တွေ့သွားပါပြီ။  ယခု Post
လေးကို ဖတ်နေတဲ့ မိတ်ဆွေများ သိလိုရင် စာရေးသူကပြောပြပါမယ်..။
ထီးလှိုင်ရှင် စီးပွားရေးအုပ်စုဖြစ်ပါတယ်။(Job Opportunities Journal
.No.337, Page 80) မှာ အလုပ်ခေါ်စာ ပါပါတယ်။ ဖောင်ပိတ်ရက်က ၂၀.၅.၂၀၁၂ ပါ။
မန်နေဂျာ (အရောင်း/စီမံ/အစားအစာ/ကူးသန်းရောင်းဝယ်/ အုပ်ချုပ်မှုနှင့်
လူ့စွမ်းအားအရင်းအမြစ်)
၊လက်ထောက်မန်နေဂျာ၊စာရင်းကိုင်၊လက်ထောက်စာရင်းကိုင်၊
စာရင်းစစ်၊စကားပြန်၊ရုံးဝန်ထမ်း၊အထည်ချုပ်၊ မော်တာစက်ချုပ်
ကျွမ်းကျင်၊ဒရိုက်ဘာ၊အထည်ချုပ်ဝန်ထမ်း
စသည့်အလုပ်အကိုင်ပေါင်းများစွာ(စုစုပေါင်း - 1301 ခု)ကို ၂၀.၅.၂၀၁၂ နေ့
နောက်ဆုံူံးထားပြီး လျှောက်ထားနိုင်ပါတယ်..။ ရန်ကုန်၊မန္တလေး၊နေပြည်တော်
(၃) ဒေသလုံးလျှောက်ထားနိုင်ပါတယ်..။

စိတ်ဝင်စားရင်သွားလျှောက်ထားနိုင်ပါတယ်။စာရေးသူလျှောက်ခဲ့ပါတယ်။ အလုပ် ၂
ခုလျှောက်ချင်တာ.. ၂ ခု စာ တောင်းလို့ ၁ ခုပဲ လျှောက်ထားပါတယ်။
အင်တာဗျုးဝင်ပြီးရင်လည်း အတွေ့အကြုံလေးတင်ပြပါဦးမယ်..။ အလုပ်ရရင်လည်း
တင်ပြပါဦးမယ်..။ မရရင်လည်း တင်ပြပါဦးမယ်။ တစ်ပတ်အတွင်း
အင်တာဗျူးဝင်ရမယ်လို့ ပြောပါတယ်..။ (Form Fee 1000 Ks × ???? = ×××××××
Kyat) အလုပ်နေရာ ၁၃၀၁ နေရာအတွက် ရောင်းချမယ့် ဖောင်တွေက
ဘယ်လောက်ဖြစ်မလဲ..စာရှုသူ စဉ်းစားကြည့်နိုင်ပါသည်။
စာရေးသူ မျှော်လင့်နေပါတယ်…။
နန်းညွန့် ဦး
Form ရောင်းစားနေတာလား Form ရောင်းစားနေတာလား Reviewed by သစ်ထူးလွင် on 03:29 Rating: 5

9 comments:

မန်းလေးသား said...

အဲဒါကအမြဲတမ်းဖြစ်နေမှာ.... ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပြည်သူတွေအတွက်က အလုပ်အကိုင်ရှားပါးနေတယ်... အဲဒီအတွက် ပညာသင်ရင်း အလုပ်မလုပ်ခဲ့ အတွေ့အကြုံမရှိတဲ့အခါကျတော့ ကုပ္မဏီတွေကခေါ်ရင် ရ ဖို့နဲ့ မရဖို့က ကို့မှာလိုအပ်ချက်တွေရှိနေတဲ့အတွက် မရဖို့ကများပါတယ်..... အဲဒီအခါမှာ လိမ်စားချင်တဲ့ အဖွဲ့တစ်ခုအတွက် လွယ်သွားပါပြီ... မိဘ အသိုင်းဝိုင်းထဲကနေသိတဲ့ သူတွေက အေးဂျင့်လုပ်တော့တာပါဘဲ... ပြီးရင်တာဝန်ယူမှူ့လဲမရှိပါဘူး ... ကျွန်တော်တို့လူငယ်တွေက အလုပ်လုပ်ရင်း အတန်းပညာ အသိပညာ ကိုယ်ဝါသနာပါတဲ့ သင်တန်းတွေကို တက်ရမှာပါ... အဲဒါမှ ပွဲစားခေါ် အေးဂျင့်တွေရဲ့ လိမ်လည်မှူ့ကနေ လွတ်မှာပါ.... ပိုစ့်ကိုရေးတဲ့ နန်းညွန့်ဦး ကိုတော့အားနာပါတယ်.... အမရဲ့ ကိုယ်ပိုင်ထမင်းစား လက်မှတ်( ဘွဲ့ ၊ သင်တန်း တွေကရတဲ့လက်မှတ်) ထမင်းကျွေးမဲ့ အတွေ့ကြုံ ( လုပ်ငန်းအတွေ့ကြုံ )မရှိရင် အလုပ်ရဖို့ ၁၀ ရာခိုင်နှုန်းပဲရှိပါတယ်.... တကယ်လို့ အဲဒီအေးဂျင့်က နေလျှောက်ခဲ့တဲ့ အလုပ်က ရခဲ့ရင် အဆင်ပြေခဲ့တယ်ဆိုရင်... တော်တော်ကြီး ကံကောင်းပြီလို့တွက်ပြီး ထီသာထိုးထားပါ.... နောက်ပြီး အင်တာဗျူးတော့ဝင်ရမယ် ပိုက်ဆံထပ်ပေးရမယ်ဆိုပြီးတောင်းတတ်ကြပါသေးတယ်.... တစ်ခါအလုပ်က ကိုယ့်ရဲ့ လက်မှတ်တွေ အတွေ့ကြုံတွေကြောင့်ရတဲ့ဟာကို သူတို့က(အေးဂျင့်က) ဝန်ဆောင်ခ ဆိုပြီးထပ်တောင်းတတ်ပါသေးတယ်.... ကျွန်တော်ရမ်းပြီးကွန်မန့်ပေးတာ မဟုတ်ပါဘူး... ကျွန်တော်ကိုယ်တိုင် မန္တလေးမှာ ခံရဘူလို့ပါ.... ၂၀၀၃-၂၀၀၄ ကပါ...

ဦးစားကြီး said...

ကျွန်တော်ကိုယ်တိုင် ငယ်စဉ်က ကြုံဖူးပါတယ်။ အလုပ်ကို သေသေချာချာ လျှောက်ပေးတာမဟုတ်ဘဲ ဖောင်ဖိုးရောင်းစားနေတယ်လို့ ခံစားမိပါတယ်။ ဘာမှလည်းအကူအညီမပေးပါ။ လိပ်စာလေးတစ်ခုပဲပေးတယ်၊ အချိန်ပေးတယ်။ မရောက်ရောက်အောင် အင်တာဗျူးဖြေရပါတယ်။ တစ်ခုဆို ၂နှစ်ကြာအောင် အဆက်အသွယ်မလုပ်ဘဲ ပစ်ထားပါတယ်။ နောက်အကျိုးဆောင်တစ်ခုကလည်း ထူးမခြားနားပါ။ ဖောင်ဖြည့်တော့ ပိုက်ဆံပေးရတာပဲ။ စိတ်လေတယ်ဗျာ။ မြန်မာပြည်မှာတင်မဟုတ်ပါ။ စလုံးမှာလည်း စားပွဲတစ်လုံးနဲ့ လုပ်စားနေတဲ့သူတွေ တွေ့ဖူးပါတယ်။

u kyawkyaw said...

ဒီလိုရိုက်စားမှုများမဖြစ်အောင်အလုပ်သမားဝန်ကြီးဌာနကစီမံရပါမည်၊ဒါမှလဲနိုင်ငံတွင်အလုပ်ရှိသောအလုပ်သမားဦးရေ၊အလုပ်လက်မဲ့ဦးရေစာရင်းများမှန်မှန်ကန်ကန်သိနိုင်ပါမည်၊ယခုတော့လေဘာကဒ်ပင်မရှိသောဝန်ထမ်းများစွာရှိပါသည်၊လေဘာရုံးတွင်မှတ်ပုံတင်ထားခြင်းဖြင့်လူမူဖူလုံရေး၏အကျိုးကျေးဇူး၊သက်ကြီးပင်စင်အတွက်အကျိုးရှိကြောင်းကောင်းစွာမသိရှိကြပါ။
အလုပ်သမားခေါ်မည့်အလုပ်ရှင်ကလေဘာရုံးတွင်မှတ်ပုံတင်ပြီးလေဘာရုံးမှတဆင့်အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကိုစနစ်တကျရှာဖွေခိုင်းရပါမည်၊သို့မှသာနိုင်ငံကိုစီမံခန့်ခွဲသူများကတိုင်းပြည်၏ထုတ်လုပ်နိုင်စွမ်းကိုခန့်မှန်းနိုင်ပါမည်၊ယခုတော့လေဘာရုံး၏အခန်းကဏ္ဍလျော့နဲပပျောက်နေသည်ကိုအမြန်ဖြေရှင်းရပါမည်။

ko yeဲ said...

ဒီလိုရိုက်စားမှုများမဖြစ်အောင်အလုပ်သမားဝန်ကြီးဌာနက
ဝန်ကြီးပဲရှိတယ်
အောက်ကဝန်ထမ်းတွေက ရုံးထိုင်တာလေ ရုံးမှာသွားပီးထိုင်နေတာ အလုပ်ရှာပီးလုပ်တာမဟုတ်ဘူး
သွားမေးရင် တစ်ခွန်းမေးရင်တစ်ခွန်းပဲဖြေတယ် ဗေဒင်ဆရာတွေလို လာမေးတဲ့သူ စီကတောင် ယ္တြာ ဖိုးလေးဘာလေးတောင်းချင်သေးတာ
ကဲ
ဝန်ထမ်းမလုပ်ပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုသာ စဉ်စားစေချင်တယ်

taunggyi.1997 said...

အင်တာဗျုးအတုနဲ့ တွေ့ မယ်နော်...သတိထားကြပါ..

linn said...

taunggyi.1997 ပြောသလို အင်တာဗျူး အတုနဲ့တွေ့နေမယ်နော်။ တစ်ကယ့်အလုပ်ကအင်တာဗျူးတာမဟုတ်ပဲ အလုပ်အတု အလုပ်ရှင်အတုက တစ်ကယ်မရှိတဲ့ အလုပ်အတုအတွက် ဟန်ပြ၊ ဘောင်ဝင်၊ ဖေါင်ဝယ်သူ စိတ်ချမ်းသာရေး လုပ်ပေးတဲ့ အင်တာဗျူးအတု နဲ့တိုးနေမယ်။ နန်းညွန့်ဦးအပါအ၀င် အင်တာဗျူး ဖြေမဲ့သူများ ကိုယ့်ကိုအင်တာဗျူးသူဟာ ဘယ်ကုမ္ပဏီကလည်း ကုမ္ပဏီလိပ်စာ၊ အလုပ်လုပ်ရမဲ့နေရာမေးကြည့်ပါလား။ ထပ်တင်မဲ့ post တွေကို ကိုစောင့်နေမယ်ဗျာ။ သစ်ထူးလွင်ရှိတော့ ဒါမျိုးလေးတွေကြားရတာပေါ့။ တခြားလူရဲ့အတွေ့အကြုံက ပညာယူရတာပေါ့။ ခက်တာက မြန်မာပြည်မှာက အလုပ်အင်တာဗျူးမေးတဲ့သူကို ကိုယ်ကပြန်မမေးရဲပဲ တရားသူကြီးနဲ့ တရားခံလို သူမေးတာ ရိုရိုသေသေဖြေပြီး ပြန်လာရတာပဲများပါတယ်။ နိုင်ငံခြားမှာတော့ အင်တာဗျူး ဖြေသူက ကုမ္ပဏီဟာ သူလုပ်နိုင်တဲ့ကုမ္ပဏီ ဟုတ်မဟုတ်မေးပါတယ်။ ပြီး ဓါတ်ပုံမလို၊ အိမ်ထောင်ရှိမရှိ ပြောစရာမလိုပါ။ ပြီးအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေဟာ အလုပ်ရှင်ထံမှသာယူပါတယ်။ cv တင်တာ၊ register လုပ်တာ အခမဲ့ပါ။ ကုမ္ပဏီိတွေ အတွက် လူကောင်း ရှာပေးနိုင်ဘို့ အဓိကထားပြီးလုပ်ကြတာပါ။ မြန်မာပြည်က ဘော်ချက်နေတာ များပါတယ်။ လူငယ်တွေအကြံပေးချင်တာက တိုက်ရိုက်လျှောက်ပါ။ အလုပ်ရှင်ကို ကိုယ်တိုင်သွားတွေ့ပါ။ ကိုယ့်ဘက်က အစစပြင်ထားပါ။ စာဖတ်ပါ။ လေ့လာပါ။ လိုအပ်ရင် လစာနဲနဲနဲ့ အလုပ်သင်လုပ်သင့်ရင် လုပ်ရပါမယ်။ တစ်ကယ်က အလုပ်လျှောက်တယ် ဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမား၊နှစ်ဘက်အကြိုးတူ ကိစ္စပါ။ အလုပ်ရှင်လည်း လူကောင်း၊ စိတ်ချရတဲ့လူလိုပါတယ်။ လူတော်ပြီး အကျင့်စာရိတ္တကောင်းအောင်နေပါ။ ပြီးအလုပ်ရှင်ကကိုယ့်ကိုရွေးတာမခံပဲ၊ အလုပ်ရှင်ကို ကိုယ်ကရွေးနိုင်အောင်လုပ်ကြပါ။ ကိုယ့်မှာအရည်အချင်း တစ်ကယ်ရှိရင် cv နဲ့ အထောက်အထား စာရွက်စာတမ်းတွေ ယူသွားပြီး ရုံးခန်းထဲဝင် အလုပ်ရှင်နဲ့ တိုက်ရိုက်တွေ့ခွင့်တောင်းပြီး မိတ်ဆက်၊ သိသိမသိသိ အလုပ်ဝင်လျှောက်နိင်ပါတယ်။ ကြိုက်ရင်ခန့်လိမ့်မယ်ပေါ့။ နေရာလပ်မရှိတောင် လူကြိုက်ရင် နေရာတစ်ခု ဖန်တီးပြီး အလုပ်ခန့်ပါလိမ့်မယ်။ မျက်နှာပြောင်သလိုရှိပေမဲ့
မြန်မာ့စရိုက်နဲ့ နဲနဲထူးဆန်းနေပေမဲ့၊ ပြတ်သားတာ၊ လိုချင်တာကို ရဲရဲဝံ့ဆုံးဖြတ်ရဲတာ စတာတွေကြောင့် အရည်အချင်းလဲတစ်ကယ်ရှိရင် အလုပ်ရနိုင်ပါတယ်။ ကိုယ့်ဘက်ကဖြည့်ထားပါ။

ကိုသာဓု said...

မန်းလေးသား ခင်ဗျား-

'ပိုစ့်ကိုရေးတဲ့ နန်းညွန့်ဦး ကိုတော့အားနာပါတယ်.... အမရဲ့ ကိုယ်ပိုင်ထမင်းစား လက်မှတ်' လို့ ရေးထားတာကို ကြည့်ရင် မန်းလေးသား က နန်းညွန့်ဦး ကို အမျိုးသမီး လို့ ထင်ထားပုံရတယ်။ မဟုတ်ပါဘူးခင်ဗျား။ အမျိုးသား-ပါ။ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေပါ။
ဟေ့ နန်းညွန့် မင်းနာမည်တော့ ပြင်မှ ဖြစ်မယ်။ မင်းတော့ ဆရာမြသန်းတင့် နာမည်လို ဖြစ်နေပြီ။
ီ

မန်းလေးသား said...

ဟုတ်ကဲ့ ကိုသာဓု အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ.... ကျွန်တော်ကလဲ နန်းညွန့်ဦး ကို မိန်းကလေးထင်နေတာပါခင်ဗျာ... ပထမ နန်းညွန့်ဦးဆိုပြီးဆက်သုံးဦးမလို့ပါ..... ဒါပေမယ့် အမလား အကိုလားမသိ နာမည်က နန်းညွန့်ပါနေတာရယ် ကျနော်လို့ပြောထားတာတွေ့ပေမယ့် စာရေးတာ လွယ်အောင်သုံးထားတယ်ဆိုပြီး ယူဆလိုက်လို့... အမ ဆိုပြီးသုံးလိုက်တာပါခင်ဗျာ... ကိုသာဓုကိုကျေးဇူးတင်ပါတယ်... နောက် ကိုနန်းညွန့်ဦးကိုလဲ တောင်းပန်ပါတယ် ခင်ဗျာ....

Maung Myo said...

ကျွန်တော့်အသိမိတ်ဆွေထဲက ဖြစ်ရပ်ကလေးတစ်ခုကို ပြောပြချင်ပါတယ်။ မြို့ထဲမှာ Skoll ဖိနပ်တွေကို အရှုံးခံပြီး ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး 70% ဈေးလျော့ရောင်းတဲ့ဆိုင်က (အရောင်းစာရေးမ) အလုပ်ခေါ်စာလေးတွေ့လို့ သွားလျှောက်မိသူတစ်ယောက်အကြောင်းလေးပါ။ အလုပ်ကို အသက်(၁၇)နှစ်အောက်လို့ခေါ်ထားပါတယ်။ လုပ်ငန်းအတွေ့အကြုံရှိရန်မလို လို့လည်းပြောပါတယ်။ ဒါနဲ့ ၀င်လျှောက်ကြည့်တော့ ဆိုင်ရှင်တရုတ်က မနက်ဖြန်ကစပြီးအလုပ် စဆင်းဖို့ပြောပါတယ်။ အလုပ်ချိန်က နံနက် ၈ ည ၈ ပါ။ အစမ်းခန့် (၇)ရက်လို့ပြောပါတယ်။ ဒါနဲ့ပဲ အလုပ်စ၀င်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလုပ်ဝင်ပြီး ၃ ရက် ၄ ရက် လောက်မှာပဲ ဆိုင်ပတ်ဝန်းကျင်က လမ်းဘေးဈေးသည်တွေဆီက စကားသံတစ်ချို့ကြားရပါတယ်။ ဒီဆိုင်မှာ အရောင်းစာရေးမလေးတွေက အမြဲတမ်းပြောင်းနေတယ်။ တစ်ပါတ်ကို ၂ယောက် ၃ယောက်လောက် ပြောင်းပြီး အသစ်တွေထပ်ထပ်ယောက် လာတယ်လို့ကြားလိုက်ရပါတယ်။ ဟုတ်ပါတယ် ထုံးစံအတိုင်းပါဘဲ။ တစ်ပါတ်ပြည့်တော့ အဲဒိ ၀န်ထမ်းကို မကြိုက်လို့ဆိုပြီး အလုပ်ဖြုတ်ပါတယ်။ တစ်ပါတ်အလုပ်ဆင်းထားတဲ့အတွက်လဲ လုပ်အားခတစ်ပြားမှ မပေးပါဘူး။ သူ့ကိုအလုပ်မဖြုတ်ခင်မှာဘဲ နောက်ထပ် ၂ယောက်လောက်ကိုလဲ အစမ်းခန့်ထားတာကို တွေ့ခဲ့ရပါတယ်။ သူတို့လဲ ထုံးစံအတိုင်းပါဘဲ တစ်ပြားမှ မရဘဲ အလုပ်တစ်ပါတ်လောက်ဆင်းလိုက်ရပါတယ်။ အရှက်ကြီးတတ်တဲ့ မြန်မာလူမျိုး မိန်းကလေးတွေ မြိုသိပ်ပြီး အိမ်ပြန်သွားရတာတွေ အရမ်းကိုသနားဖို့ကောင်းပါတယ်။ ဒီလိုဆိုင်မျိုးတွေက ပေါ်ပင်လေး ဈေးကွက်ရှိတုန်း ဆိုင်ခန်းကို ၆လ၊ ၁နှစ်လောက် ငှားပြီး ဟိုရွှေ့လိုက် ဒီပြောင်းလိုက်နဲ့ ဆိုင်နံမည်မရှိ SKOLL ဖိနပ် အထူးလျှော့ဈေးလို့ ရေးပြီး ဖွင့်လှစ်နေတဲ့ ဆိုင်တွေပါ။ ဆိုင်အားလုံးကိုတော့ မဆိုလိုပါ။ အဲလိုဆိုင်မျိုးမှာ အခုလိုမျိုး အခကြေးငွေမပေးဘဲနှင့် ခိုင်းစားခံနေရတဲ့ မိန်းကလေးတွေ ဘယ်လောက်ရှိနေပြီလဲဆိုတာ စဉ်းစားစရာပါ။ ဤနေရာတွင် comment ရေးရင်းဖြင့် အလုပ်လျှောက်ထားကြမည့်သူများ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်ကြစေရန် အသိပေးလိုက်ပါတယ်။

Powered by Blogger.