ပြည်သူချစ်သော တပ်မတော်အဖြစ်

ငြိမ်းငြိမ်းနိုင်

“တစ်ချိန်တုန်းက ပြည်သူတွေက တပ်မတော်သားတွေကို တအားချစ်ကြတယ်။ ကျွန်မတို့က တပ်မတော်ကို သိပ်ကိုဂုဏ်သိက္ခာ ရှိစေချင်တယ်။ ပြည်သူလူထုတို့က လိုလိုလားလားလက်ခံတဲ့ တပ်မတော်လောက် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်မရှိဘူး”

ထိုစကားကို ၂၀၁၂ ကားဖြတ်ရွေးကောက်ပွဲအကြိုနေပြည်တော်ပုဗသီရိမဲဆန္ဒနယ်မဲဆွယ် စည်းရုံးရေးခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း တည်ရှိနေမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အင်တိုက်အားတိုက်ပြောဆိုနေကြသည့် နိုင်ငံရေးအင်အားစုများ ရှိသလိုအချိန်အတိုင်းအတာတစ်ခုအထိ လွှတ်တော်အတွင်း တပ်မတော်သားများ ရှိနေ
သင့်သည်ဟုကျားကန် ပြောဆိုနေကြသူများလည်းရှိသည်။

မြန်မာ့နိုင်ငံရေးအတွင်း တပ်မတော် ပါဝင်နေခြင်းကို တပ်မတော်က မိမိသဘော ဆန္ဒအလျောက် နောက်ဆုတ်သွားခြင်းကသာလျှင် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်မည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က သုံးသပ်သည်။

ယင်းကဲ့သို့ တပ်မတော်က လက်ရှိပြောင်းလဲနေသော နိုင်ငံရေးအခြေအနေတို့အပေါ် မူတည်သဘောပေါက်ပြီး လျှော့ချ ခဲ့ပါက တပ်မတော်အပေါ် ဝေဖန်နေမှုများ ဆုံးခန်းတိုင်သွားနိုင်ပြီး တစ်ချိန်က တပ်မတော်အပေါ် ပြည်သူတို့ ယုံကြည်အားကိုးသည့်အနေအထားမျိုးပြန်လည်ရရှိနိုင်လိမ့်မည်ဟု သုံးသပ်သူတို့က ဆိုသည်။

ရခိုင်တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဒီပါဝင်မှုကလိုအပ်သေးရဲ့လားဆိုတာ တပ်မတော်သားတွေကိုယ်တိုင်က နားလည် သဘောပေါက်ရမှာ။ သူ တို့ကိုယ်တိုင် နုတ်ထွက်သွားရင် ပိုကောင်းမယ်။ ဒါမှလည်း အရပ်ဘက်နဲ့ တပ်မတော်ဘက် ဆက်ဆံရေး ကောင်းလာမယ်။ ပြည်သူနဲ့ ဆက်ဆံရေးကလည်း အရင်လို ပြန်ရောက်လာမယ်”ဟု သုံးသပ်သည်။

လတ်တလောတွင် တပ်မတော်က အထိန်းအကွပ်အနေဖြင့် ပါဝင်နေခြင်းဖြစ်ပြီး နိုင်ငံရေးပြု
ပြင်ပြောင်းလဲနေသည့် ကာလတစ်ခုဖြစ်သည့်အတွက် တဖြည်းဖြည်းနှင့် တပ်မတော်က နောက်
ဆုတ်သွားလိမ့်မည်ဟု သုံးသပ်သူတို့က ယုံကြည်ယူဆကြသည်။

သို့သော်လည်း ပြီးခဲ့သည့် တပ်မတော်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး သရေစည်သူ မင်းအောင်လှိုင်ပြောကြားသော မိန့်ခွန်းက နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဆွေးနွေးစရာတစ်ခုဖြစ်လာခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်
စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပါအပိုဒ်ကို ပြန်လည်ကိုးကားပြော
ဆိုခဲ့သည်။ လွှတ်တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နေရ
ခြင်း အကြောင်းတစ်ရပ်ကိုလည်း ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် ပါတီနိုင်ငံရေး ကင်း
ရှင်းစွာဖြင့် လူမျိုးစွဲ၊ ဒေသစွဲများ မပါရှိဘဲ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်
နိုင်မည့် အမျိုးသားနိုင်ငံရေးသက်သက်ကိုသာ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆို
သည်။

ထိုမိန့်ခွန်းနှင့် ပတ်သက်၍ တပ်မတော်အရေးကျွမ်းကျင်သူ ဦးဝင်းမင်းက “ဒီအချက်က ရှင်းရှင်းလင်းလင်း ပြသနေတာက တော့ တပ်ထိပ်တန်းခေါင်းဆောင်ပိုင်းက သူ့တို့ရဲ့ နိုင်ငံရေးအာဏာကို အနည်းဆုံးတော့ လတ်တလောကာလမှာ လက်လွှတ်မခံချင်ကြ တာကို ပြသနေပါတယ်” ဟု သုံးသပ်သည်။

လက်ရှိ လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးရှိပြီး၊ ပြည်သူ့လွှတ်တော် တွင် အရပ်သား ၃၂၂ ဦးနှင့် တပ်မတော်သား ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် အရပ်သား ၁၆၈ ဦးနှင့် တပ်မတော်သား ၅၆ ဦးရှိ သည်။ ဧပြီ ၂၂ ရက်က ရာထူးအဆင့်မြင့်သည့် တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦးကို အစားထိုးလဲလှယ်မှုလည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းလဲလှယ်မှုက ကြားဖြတ် ရွေးကောက်ပွဲပြီး၍ ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ လွှတ်တော်ထဲမ ရောက်မီ ပြောင်းလဲမှုတစ်ရပ် ဖြစ်ခဲ့ပြီး ထိုအပြောင်းအလဲနှင့် ပတ်သက်၍ ဝေဖန်မှုများရှိခဲ့သော် လည်း လွှတ်တော်အတွင်းကိုယ်စားလှယ်အများစုက ထိုပြောင်းလဲမှုကို အပြုသဘောအဖြစ် ကြိုဆိုခဲ့ကြသည်။

“အခု တပ်မတော်အတွင်းက ပိုမြင့်တဲ့ရာထူးတွေ ရောက်လာခြင်းက ကျွန်တော်တို့ လွှတ်တော်
ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်ပေးတယ်လို့ တွေးလို့ရသလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်နဲ့လိုက်ဖက်ညီအောင် အဆင့်မြှင့်တင်ပေးလိုက်တာ ဖြစ်တယ်”ဟုပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဦးခိုင်မောင်ရည်က အပြုသဘောဆောင် သုံးသပ်သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူလူထုသို့ မဲဆွယ်စည်းရုံးရာတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးက အဓိ ကအချက်တစ်ချက်အနေဖြင့် ပါဝင်ခဲ့သည်။“ရွေးကောက်ပွဲဝင်တဲ့ မူဝါဒ တွေထဲမှာ ရှေ့တန်းတင်ထားတာ သုံးချက်ရှိတယ်။ တတိယအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေအကျိုးရှိအောင် ပြင်ဆင်ရေး ဖြစ်တယ်”ဟု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မဲ ဆွယ်စည်းရုံးရေးကာလများအတွင်း ပြောကြားခဲ့သည်။

တပ်မတော်သားများ လွှတ်တော်အတွင်း တည်ရှိနေခြင်းကြောင့် အခြားကိုယ်စားလှယ်များ အနေဖြင့် တစ်စုံတစ်ရာ ပြဿနာမရှိဟုဆိုကြသော်လည်း လွှတ်တော်အတွင်း ဥပဒေများပြင်ဆင်ပြောင်းလဲရေးတွင် တပ်မတော် သားကိုယ်စားလှယ်များ၏ သဘောတူညီမှုမပါဘဲ ပြုပြင်ပြင်ဆင်ရန် အဆင်မပြေသည့် ကိစ္စမျိုး
များ ရှိလာနိုင်ကြောင်း ကိုယ်စားလှယ်များက သုံးသပ်သည်။

“တချို့ကိစ္စတွေမှာ တပ်မ တော်သားကိုယ်စားလှယ်တွေ မပါ ရင်မဖြစ်တဲ့ ကိစ္စတွေရှိနေပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေတစ်ယောက်ချင်းဖဲ့ထုတ်လို့ မရတဲ့အတွက် တစ်ဖွဲ့လုံးပါမှ ဖြစ် မယ့်အနေအထားမျိုးမှာ ပြုပြင်ပြောင်းလဲမှုကိစ္စတွေလုပ်မရနိုင်ဘူးဆိုတာ ဖြစ်လာနိုင်ပါတယ်”ဟု
ဦးခိုင်မောင်ရည်က ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းကမူ
လက်တလော တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်နေသင့်သေးသည်ဟု ယူဆသည်။ “တပ်မတော်သားကိုယ်စားလှယ်တွေ လက်တလောမှာတော့ ပါဝင်နေသင့်တယ်ဆိုတဲ့ဘက်မှာ ကျွန်တော်ရပ်တည်ပါတယ်” ဟု ခိုင်ခိုင်မာမာပြောဆိုသည်။

ဦးသန်းထွန်းကပင် ဆက်လက်၍ လက်ရှိတပ်မတော် အနေ အထားကိုလည်း ထင်မြင်သုံးသပ် ချက်ပေးသည်။
“အရင်တပ်မတော်အစိုးရ လက်ထက်က ပြောမှားဆိုမှား လုပ်မှားကိုင်မှားတွေက အခုတပ်မတော်အပေါ်မှာ တွဲပြီးဆက်မြင် နေသလို အခုတပ်မတော်ပေါ်မှာ လည်း ပုံကျနေတယ်လို့ မြင်တယ်”

ဦးသန်းထွန်းကဲ့သို့ ထင်မြင်ယူဆသူ အသက် ၂၈ နှစ်အရွယ် ပြီး လုပ်သက် ၇ နှစ်ရှိ ဗိုလ်ကြီးအ ဆင့် တပ်မတော်အရာရှိတစ်ဦးကလည်း “ကျွန်တော်တို့ အပေါ်မှာ အမြင်မကြည်တာတွေ အများကြီးပါ။ တစ်စုံတစ်ယောက်၊ အချို့အပေါ်မှာ အမြင်စောင်းတာက နေ အကုန်လုံးက လိုက်ပြီးရော သွားတယ်လို့ မြင်ပါတယ်။ တကယ် တော့ တပ်မတော်သားတွေ ဘ၀မှာ ပေးဆပ်ရတာတွေက အများ ကြီးပါ။ အဲဒါတွေကို လူငယ်တွေသ ဘောပေါက်သွားမယ်၊ ကိုယ်ချင်း စာသွားမယ်ဆိုရင် ဟိုတုန်းကလိုမျိုး လူတွေချစ်တဲ့တပ်မတော် ဖြစ်စေ ချင်ပါတယ်”ဟု သူ့ခံစားချက်ကို ဖွင့်ဟပြောဆိုသည်။

လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိစ္စကို မေးမြန်းရာတွင်တော့ ယင်းဗိုလ်ကြီး
က “ဒီကိစ္စကတော့ လူကြီးတွေ အဖြေထုတ်စဉ်းစားရမှာပါ။ ကျွန်တော်တို့ကတော့ တပ်မတော်ကို
တခြားနိုင်ငံတွေက တပ်မတော်လိုနိုင်ငံကာကွယ်ရေးမှာ ပြီးပြည့်စုံတဲ့ ပုံစံမျိုးနဲ့ မြင်ချင်ပါတယ်”ဟု ဆိုသည်။

ဦးဝင်းမင်းကလည်း တပ်မ တော်သားကိုယ်စားလှယ်များ မိမိ တာဝန် အခန်းကဏ္ဍတွင်သာ ဦး
ဆောင်မည်ဆိုပါက ပြည်သူတို့ ၏ စိတ်နှလုံးကို ပြန်လည်ရယူ ပိုင် ဆိုင်နိုင်လာလိမ့်မည်ဟု ဆိုလေ သည်။
ထို့ကြောင့်လည်း လွှတ်တော် အတွင်းရှိ လွှတ်တော်ကိုယ်စား လှယ်များသည် တပ်မတော်ခေါင်းဆောင်ပိုင်းကို ၎င်းတို့၏ အခွင့်ထူးများ ရုပ်သိမ်းလိုက်ခြင်းသည် တပ်မတော်အတွက် အကောင်းဆုံးဖြစ်ကြောင်း နားလည် သဘောပေါက် လက်ခံလာအောင် နှစ်သိမ့်ပေးနိုင်ရန် အရေးကြီးသည်ဟု ဦးဝင်းမင်းက ဆက်ပြောသည်။ တပ်မ
တော်အစိုးရမှ အရပ်ဘက်သို့ ကူးပြောင်းရာတွင် စံနမူနာဖြစ်သည့်အင်ဒိုနီးရှားနိုင်ငံကို ၎င်းကပင်ယခုကဲ့သို့ ဥပမာပေးပြောဆိုသည်။

“သဘောထားပျော့ပျောင်း တဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ အရင်ဆုံး နိုင်ငံရေးမှာ လွှတ်တော်အတွင်းက သူတို့ရဲ့နေရာတွေကို တစ်ဆင့်ချင်း လျှော့ချပေးတယ်။ နောက်အခုဆိုရင် စီးပွားရေးမှာပါ တစ်ဆင့်ချင်း ဘေးထွက်ပေးဖို့ အရပ်ဘက်ခေါင်းဆောင်ပိုင်းက ဆွဲဆောင်နှစ်သိမ့်နိုင်ခဲ့တာ ဖြစ်ပါတယ်”

တပ်မတော်ကို ယခင်ကလိုပြည်သူချစ်သည့် တပ်မတော်ဖြစ်လာရေးအတွက် လွှတ်တော်အတွင်းက တပ်မတော်နေရာများ လျှော့ချနိုင်ရေးသာ မဟုတ်ဘဲစီးပွားရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာပါ လျှော့ချနိုင်ရေးကလည်းအရေးပါနေသည်။

“တပ်မတော်က လိုလိုလား လားနဲ့ နောက်ဆုတ်ခဲ့ပြီးတော့ ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေ မှာ ပါဝင်နေမှုကိုပါ လျှော့ချခဲ့မယ် ဆိုရင် တပ်မတော်နဲ့ ပြည်သူ့ဆက်ဆံရေး အရင်အချိန်ပြန်ရောက်လာမှာပါ”ဟု ဒေါက်တာအေးမောင် ကဆိုသည်။

လက်ရှိအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အနားယူ
ခဲ့ကာ တပ်မတော်ထဲတွင် ၁၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ကြီးနေမျိုးဇင်(ငြိမ်း)ကတော့ ယခုကဲ့သို့ ယုံကြည်မျှော်လင့်သည်။

“လွှတ်တော်ထဲမှာ စနစ်တကျ လုပ်ဆောင်လာနိုင်ပြီဆိုရင် တပ်မတော်ခေါင်းဆောင်တွေက ရိုးသားမယ်ဆိုရင် လူထုချစ်မြတ်နိုးတဲ့ နိုင်ငံ့လုံခြုံရေးကိုပဲ လုပ်ဆောင်သွားမယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်ဗျ”

ထို့ကြောင့်လည်း တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အတွင်းရှိနေခြင်းကို လတ်တလောတွင်တစ်သဘောတည်း လက်ခံနေသူများရှိသလို တပ်မတော်သားများကိုယ်တိုင် နားလည်သ
ဘောပေါက်ပြီး လျှော့ချနုတ်ထွက်သွားရန် ယုံကြည်ဆနရှိနေသူများလည်းရှိသည်။
7Day News Journal
ပြည်သူချစ်သော တပ်မတော်အဖြစ် ပြည်သူချစ်သော တပ်မတော်အဖြစ် Reviewed by သစ်ထူးလွင် on 15:12 Rating: 5

16 comments:

pretty said...

အခုအချိန်မှာ..တပ်မတော်ဖြစ်ဖြစ်၊ ကြံဖွံ့ ဖြစ်ဖြစ် မြန်မာနိုင်ငံအကျိုး အတွက် အကောင်းဆုံး လက်တွဲ သွားနိုင်ရင်တော့.. NLD ပါတီ နဲ့ တန်းတူ စိတ်ထဲ မထားနိုင်တောင်မှ လက်ခံပေးလို့ ရပါတယ်။ အားလုံး စည်းလုံးကြပါစေ...

linn said...

7Day News မှာ အဲလောက်ရေးခွင့်ရတယ်ဆိုတာ တော်တော်လွတ်လပ်လာတယ်လို့ပြောနိုင်ပါတယ်။ တစ်ကယ်က တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုံး လွှတ်တော်ထဲဝင်ထိုင်နေတာဟာ တပ်အကျိုးစီးပွားကို ကာကွယ်ဘို့လို့မြင်နေလို့ပါ။ အဲလိုမဟုတ်ပဲ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ဘို့လို့ပြောင်းမြင်ကြည့်ပါလား။ ပြီးရင် ဟုတ်မဟုတ် ပြည်သူတွေအတွက်တစ်ကယ်အကျိုးရှိမဲ့ ဥပဒေ ပြဌန်းတာမျိုး၊ လုပ်ထုံးလုပ်နည်း Guide ချပေးတာမျိုး( လုပ်ထုံးလုပ်နည်းအသေးစိပ်က ၀န်ကြီးဌာနကလုပ်ရမှာပါ) budget စိစစ်တာမျိုး ကိုစမ်းလုပ်ကြည့်ပါ။ လွှတ်တော်မှာ တင်ပြီးဆွေးနွေးကြည့်ပါ။ မီဒီယာတွေက လွှတ်တော်သတင်းတွေရေးပြီး လွှတ်တော်ထဲမှာ ဘာဆွေးနွေးတယ်၊ ဘယ်ပါတီကဘာအဆိုတင်တယ်၊ ဘယ်သူက ဘယ်လိုဆွေးနွေးတယ်ဆိုတာ သတင်းရေးနိင်ရင် လွှတ်တော်ထဲမှာ အရည်အချင်းမီ discussion and policy debate တွေရှင်သန်လာမှာပါ။ အဲတာဆို လွှတ်တော်အလုပ်ဖြစ်လာမှာပါ။ ဘယ်ပါတီကတင်တဲ့ အဆိုဖြစ်ဖြစ် ပြည်သူအကျိုးရှိမှာမှန်ရင် တပ်က ၂၅ ရာနှံးကထောက်ခံတယ်ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။ အခြေခံဥပဒေပြင်ဘို့ နဲ့ သည် ၂၅ ရာနှုံးလွှတ်တော်ထဲကထွက်သွားဘို့ကတော့ အချိန်တော်တော်ယူရဦးမှာပါ။

ngaba said...

ပါတီနိုင်ငံရေးမှာ တပ်မတော် ပါဝင်နေမှုကို တဖြည်းဖြည်းချင်း လျှော့ချသွားပြီး နောက်လာမယ့် ဘယ်နှနှစ်မှာ တပ်မတော်ဟာ လွှတ်တော်နိုင်ငံရေးမှာ အပြီးသတ်မပါဝင်တော့ပါဘူးဆိုတဲ့ ကတိမျိုး လက်ရှိကာချုပ်ကသောလည်းကောင်း၊ အရင်ကာချုပ်ဟောင်း ဦးသန်းရွှေ၊ ဦးမောင်အေးတို့က မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ လက်ရှိကာချုပ်ကို တောင်းဆိုတာမျိုးဆိုရင်သောလည်းကောင်း တီဗွီ၊ သတင်းစာ၊ မီဒီယာတွေမှာ ကမ္ဘာသိအောင် ထုတ်ပြန်ပေးခဲ့ရင် လက်ရှိကာချုပ်ကလည်း လက်ခံတယ်ဆိုရင် တပ်မတော်ဟာ ပြည်သူရဲ့ မေတ္တာကို ပြန်လည်ရယူလာနိုင်မယ် ထင်ပါတယ်။ ဒီကိစ္စကို ဦးသန်းရွှေ မသေခင် ရှင်းသွားနိုင်ရင် သူ့အပေါ်လည်း တိုင်းသူပြည်သားတွေ ၀ိုင်းပြီး ချီးကျူးကြမယ်၊ မြန်မာနဲ့ ကမ္ဘာမှာ အမြင်စောင်းခံနေရတာတွေ အထိုက်အလျှောက် အမြင်ကြည်လင်မှု ရလာမယ်လို့ထင်တယ်။ သူတို့ရဲ့ အနာဂတ်တွေလည်း စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုလုံး လုံခြုံမှု ပိုမိုရရှိလာနိုင်ပါတယ်။
တိုင်းသူပြည်သားတွေလည်း ဒီမိုကရေစီစစ်စစ်ကို မျှော်လင့်ခွင့်ရလာတဲ့အတွက် စစ်တပ်ဆိုတာ အင်မတန်စိတ်ကောင်းရှိတဲ့ အဖွဲ့အစည်းပါလားလို့ မြင်လာပြီး မေတ္တာတွေ ကူးလူးယှက်ဖြာလာလိမ့်မယ်။
တကယ်တမ်းမှာ ဗုဒ်ဓဘာသာရဲ့ အဆုံးအမအောက်မှာ ရှိတဲ့ ပြည်သူတွေဟာ စိတ်ရင်းကောင်းရှိကြပါတယ်။
စိတ်ကူးယဉ်ကြည့်တာတောင် တော်တော် စိတ်ချမ်းသာပါတယ်။ တကယ်ဖြစ်ရင် ဘယ်လောက်ကောင်းမလဲဗျာ..။

kokogyip said...

7DAYမှာဖတ်ပြီးကတည်းတင်ပေးချင်နေတာ။စာရိုကမကျွမ်းလို့အခက်တွေ့
နေခဲ့။ငြိမ်းငြိမ်းနိုင်ကိုကျေးဇူးတင်။

kokogyip said...

sorry
တင်ပေးတဲ့ကိုသစ်ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

Thurein said...

တပ်မတော်သာ ကိုယ့်အလုပ်ပဲကိုယ်လုပ်မယ်ဆိုရင် တချိန်က ပြည်သူချစ်တဲ့ တပ်မတော်ဘ၀ကို ပြန်ရောက်မှာပါ။

www.academicmedicines.blogspot.com

kk said...

ပြည်သူချစ်တဲ့ သတ်မှတော် ဆို တာမှန်ကောင်းမှန်ပါလိမ့်မယ်။ပြည်သူချစ်တဲ့ တပ်မတော်ဆို တာဘယ်လိုနည်းနဲ့ မှ ဖြစ်မလာနိုင်တော့ဘူး။ ခွေးစိတ်ဝင်ကုန်ပြီလေ။ မြို့ကြီးတွေမှာတော့ ပြောင်းလဲ နိုင်ပေမယ့် နယ်ဖက်က ဆို တနေ့တခြား ပိုပြီး ဆိုးရွားလာတာကို တွေ့တယ်။မြန်မာပြည်ကြီးလည်း တနေ့တခြား ပိုပိုပြီးကောင်းလာပါတယ် စိတ်ပျက်ဖို့။ဒီ ၂၀၁၂ အတွင်းမှာဆို
ပြည်ပြေးတွေ ပိုများလာတာကို ရန်ကုန်မြို့ရဲ့ အကြီးဆုံးကားဝင်းနဲ့ နယ်စပ်တွေများသွားကြည့်ရင် တွေပါလိမ့်မည်။

nyimoon said...

တပ်မတော်ဆိုတာ ပြည်သူလူထုကိုကာကွစောင့်ရှောက်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပါ.ပြည်သူကိုပြန်တိုက်ဖို့မဟုတ်ပါဘူး မြန်မာနိုင်ငံမှာ တပ်မတော်ရှိတာတော့ကောင်းပါတယ်.အာဏာရှိပြီဆိုပြီး ကိုယ့်ကောင်းစားဖို့ဘဲ လုပ်နေကြတာတော့ လူလူချင်းသတ်နေတာနဲ့အတူတူဘဲ.လွှတ်တော်ထဲကို တပ်မတော်သားတွေဝင်လာပြီဆိုတော့ အဲ့လူတွေထဲမှာကောင်းတဲ့သူတွေပါသလို ယခင်လမ်းကိုနောက်ပြန်ဆွဲမဲ့ လူတွေရောပါနေသလားလို့ထင်မှတ်မိတယ်.ဒါကလည်း ကိုယ့်စိတ်နဲ့နှိုင်းရင် မရိုင်းပါဘူး.အမှောင်ထဲကိုပြန်ဝင်ဖို့အတွက် ပြည်သူတွေရဲ့ခြေလှမ်းတွေက ချိနေပြီ.ရှေ့ဆက်လျှောက်မဲ့ ဒီမိုကရေစီကိုသာမျှော်လင့်တောင်းတနေကြတာပါ.ဒါကို သမ္မတကြီးနှင့် လွှတ်တော်ဥက္ကဌ လည်းအတိအလင်းဝန်ခံခဲ့ပြီးပါပြီ.ရှေ့ဆက်လျှောက်ဖို့အတွက် အားလုံးလက်တွေခိုင်မြဲဖို့ဘဲလိုတာပါ.ညီညွှတ်မယ်ဆိုရင်ပေါ့ မလိုက်နိုင်တဲ့သူတွေကိုထားရစ်ခဲ့ဖို့ဝန်လေးမနေပါနဲ့.ဒီလိုအချိန်အခါမျိုးမှာ အခွင့်ကောင်းယူချင်ကြတဲ့သူတွေလည်းချောင်းမြောင်းနေပါတယ်.ကြံဖွတ်လိုလို.NLD လိုလို ဟိုမရောင်ဒီမရာင်နဲ့ အခွင့်အရေးရယူချင်တဲ့သူတွေက ဘေးမှာ ကပ်လိုက်နေပါတယ်.စစ်မှ န်တဲ့ဒီမိုကရေစီကိုလျှောက်လှမ်းနိုင်ဖို့အတွက် ဒီမိုကရေစီကို မြတ်နိုးပြီး ပြည်သူချစ်တဲ့ တပ်မတော်သားတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်

kyaw said...

လက်နက်ကိုင်တွေဟာ တကယ့်ပြဿနာပဲ။ သူတို့တွေကိုပဲ ချော့ပေါင်းနေရတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ
တပ်မတော်က အဓိကကြတယ်ဆိုတာ တကယ်တော့ တပ်မတော်က အဓိကပြဿနာပဲလို့ဆိုလိုရင်းပဲဖြစ်တယ်။ ဒီလက်နက်ကိုင်
လူမိုက်တစ်ချို့ကြောင့် အပြောင်းအလဲတွေ မကြာသင့်ဘဲကြာနေရတာပဲ။ ဒီလက်နက်ကိုင်တွေကြောင့်ပဲ ဖြစ်သင့်တာတွေမဖြစ်ဘဲ နှောင့်နှေးနေရတာပဲ။
အင်းးးးးဒီလက်နက်ကိုင်တွေကို ဘယ်လိုလုပ်ရပါ့။

honey said...

တပ်မတော်ကပြည်သူတွေချစ်တာခံချင်ရင်
ကိုယ့်နေရာကိုယ်နေသင့်တယ်။
အုပ်ချုပ်ေ၇းကိုမထိန်းချုပ်ထားသင့်

COBRA said...

ပြည်သူချစ်တဲ.တပ်မတော်ဖြစ်ဖို. (၁) လွှတ်တော်မှာ တပ် ရှယ်ယာ ၂၅ % အား တပ်မတော် အကြီးအကဲများမှ ရုတ်သိမ်း၇န် ၊ (၂) အနာဂါတ် တွင် ဒီမိုကေ၇စီ စနစ်ကိုဆန်.ကျင်ပြီး အာဏာယူရန်အလို.ငှာ ပြည်သူနှင်.ပြည်သူ.ကိုယ်စားလှယ် များ အား လက်နက်ဖြင်.နှိမ်နှင်းရန် ညွှန်ကြားသူမှန်သမျှ ပြင်းထန်စွာအေ၇းယူေ၇း ဥပဒေ ပြဌာန်း၇န် ၊ (၃) တိုင်း၇င်းသားပေါင်းစုံ ပါဝင်သော ပြည်ထောင်စုတပ်မတော်အဖြစ်ဖွဲ.စည်း၇န် ၊ (၄) တပ်မတော် သည်ပြည်သူ.လွှတ်တော် ၏ အမိန်.အာဏာကို နာခံဆောင်ရွက်ရန် ၊

MI 35 said...

"ဒီပါဝင်မှုက လိုအပ်သေးတယ်"
တပ်မတော်ရဲ့အဓိကအလုပ်က နိုင်ငံတော်ကာကွယ်ရန် ဖြစ်တယ်ဆိုတာငြင်း စရာမလိုပါဘူး။ အခုခေတ်မှာ စစ်အင်အားဖြင့် ကျူးကျော်လာသူကို စစ်အင်အားဖြင့် ပြန်လည်တိုက်ခိုက်မှသာ နိုင်ငံတော်ကာကွယ်တယ်ဆိုတဲ့ အယူအဆဟာ ခေတ်မမှီတော့ဘူးလို့ ထင်မြင်မိပါတယ်။ ခေတ်သစ် ကိုလိုနီပြုလုပ်တယ်ဆိုတာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို စစ်အင်အားတစ်ခုတည်းနဲ့ အသုံးပြုရယူတာမဟုတ်ပဲ၊ ဘက်စုံစစ်ပွဲအသွင် (Multi-Dimensional Warfare) နဲ့ တိုက်ခိုက်ရယူနေ ကြတာကို မြင်အောင်ကြည့်တတ်ဖို့ လိုပါမယ်-
- နိုင်ငံရေးနည်း (Political Means)
- စီးပွားရေးနည်း (Economic Means)
- လူမူရေးနည်း (Social Means)
- စစ်ရေးနည်း (Military Means)
- သဘောတရားရေးနည်း (Ideological Means)
- ၀ါဒဖြန့်ချီရေးနည်း (Propaganda Means)
- သံတမန်ရေးရာနည်း (Diplomatic Means)
မြန်မာနိုင့်ငံကိုဘက်စုံစစ်ပွဲအသွင်နဲ့ တိုက်ခိုက်လာမှုများကို တပ်မတော်မှ ကာကွယ်နိုင်ရန် "ဒီပါဝင်မှုက လိုအပ်အုံးမှာဖြစ်ပါတယ်"။ အင်ဒိုနီးရှားနိုင်ငံလွှတ်တော်မှာဆိုရင်လဲ ကိုယ်စားလှယ် ၅၀၀ အနက် ၃၈ ဦးက တပ်မတော်သားတွေဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ မြန်မာနိုင်ငံထက်နည်းပါတယ်.."ဒီပါဝင်မှု မလိုအပ်တော့ဘူး (သို့) ရာခိုင်နှုန်းများနေတယ်" ဆိုရင်စုပေါင်းညှိနှိုင်းပြီး အခြေခံဥပဒေကိုရအောင်ပြင်ရမှာဖြစ်ကြောင်း.... ဖတ်ရှုလေ့လာထားသလောက် မိမိထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ကော်မန့်ရေးသားလိုက်ရပါတယ်။

linn said...

MI 35 ဟာတပ်မတော်သားတစ်ဦးဖြစ်မယ်လို့ ထင်ပါတယ်။ စစ်ရေးအမြင် လုံခြုံရေးအမြင်ရှိနေလို့ပါ။ ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်တယ်၊ စဉ်းစားနိင်တယ်လို့ လည်းတွေ့ရပါတယ်။ တစ်ကယ်တော့ တပ်ဟာ မြန်မာပြည်ရဲ့တစ်ခုထဲသော အရည်အချင်းစံမီတဲ့ institution ပါ။ မြန်မာပြည်ပြန်လည်တည်ဆောက်ရေးမှာ တပ်က အရည်အချင်းရှိတဲ့ လူတွေရဲ့ အကူအညီလိုပါတယ်။ တစ်ဘက်ကလည်း တပ်ကလူတွေဟာ အရာရာကို လုံခြုံရေးအမြင်နဲ့ ကြည့်တာ၊ အပိုင်ချည်ပြီးတုပ်ပြီးလုပ်တာ တွေ လျော့ဘို့လိုမယ်ထင်ပါတယ်။ သံသယကြီးတတ်တာ တပ်အတွက် သဘာဝပေမဲ့ နိုင်ငံတည်ဆောက်ရေးက ယုံကြည်မှုနဲ့ တည်ဆောက် ရတာပါ။ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ တပ်နဲ့ နိင်ငံရေးသမားတွေကြား ယုံကြည်မှုတည်ဆောက်နိုင်ရေးအပေါ် များစွာမူတည်နေပါတယ်။ မြန်မာ့ဒီမိုကရေစီ ခရီးမှာ care taker role မျိုးယူနိုင်ဘို့မျှော်လင့်ပါတယ်။ လုံခြုံရေးအမြင်နဲနဲလျော့ပြီး Enganement ပိုင်းပြောင်းသင့်တယ်ထင်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးသလိုပေါ့။ (ဒီမိုကရေစီရဲ့ ပန်းတိုင်ကိုပြောရရင် လက်နက်ကိုင်တပ်များသည် ပြည်သူ့ရွေးကောက်ခံ ကိုယ်စားလှယ်များရဲ့ ထိမ်းချုပ်မှုအောက်မှာ ရှိရမည်။ အမေရိကန်မှာ ဆိုရင် တပ်ချုပ်ဟာ သမ္မတပါ။ ဗိုလ်ချုပ်ကြီးတွေက သမ္မတ ရဲ့အမိန့်ကို နာခံရပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ လက္ခဏာဖြစ်တဲ့ institution and bureaucracy အားကောင်းလာရင် ဘယ်အစိုးရတက်တက် တပ်အပါအ၀င် ၀န်ထမ်းတွေက တိုင်းပြည်သစ္စာခံပြီး ကိုယ့်အလုပ်ကိုယ် ကိုယ်လုပ်ကြတဲ့အခြေအနေပါ။ မြန်မာပြည်အနေနဲ့ အဲသည်အခြေအနေရောက်အောင် အဝေးကြီး လှမ်းရဦးမှာပါ။ မြန်မာ့တပ်မတော်ဟာ အဲလိုလုပ်လို့ တစ်ချိန်က ငနုအိမ်စောင့်ခွေးလို့ အဆဲခံရဘူးပါတယ်။ ပြီးတော့ အဲသည်အချိန်က တပ်ဟာ ပြည်သူ့ မေတ္တာအရခဲ့ဆုံး အချိန်ပေါ့။

linn said...

ပြီးတော့ ဗကပ နဲ့အသေအကြေတိုက်နေရတဲ့အချိန်၊ မြန်မာ့သမိုင်းရဲ့ casualty အများဆုံး (ကွမ်လုံ ရက် ၄၀ တိုက်ပွဲ) တိုက်ပွဲမျိုးတွေ တိုက်နေရတဲ့အချိန် သေနိုင်တာသိလျက်၊ ဆင်းရဲမှာ သိလျက်၊ လစာလည်း အခုလိုမဟုတ်ပဲ၊ သူများဝန်ထမ်းတွေနဲ့ တန်းတူသာရပါလျက်၊ တခြားခံစားခွင့်တွေလဲမရှိတာသိလျက်နဲ့ တပ်ထဲဝင်ခဲ့ကြတဲ့သူတွေ၊ မသေလို့ တပ်ထဲမှာ ရာထူးကြီးနဲ့ တာဝန်ယူနေတဲ့သူတွေရှိပါတယ်။ ကျွန်တော်တို့ငယ်ငယ်က စစ်ဗိုလ်လုပ်မယ်လို့ မပြောပဲ စစ်သားကြီးလုပ်မယ်လို့ပဲပြောခဲ့တာပါ။ (တပ်ထဲမ၀င်ဖြစ်တာကတော့ ကံတရားပေါ့ဗျာ။)အရင်ကလို တပ်ကို ပြန်ချစ်ချင်ပါတယ်။ တပ်ဘက်ကလည်းပြင်စရာလေးတွေ လိုပါတယ်။ ဖြည်းဖြည်းချင်း ပြင်စေချင်ပါတယ်။

နတ်ဆိုး said...

ဖြစ်နိုင်မယ်ထင်ရင်တော့ ကြိုးစားကြည်ပေါ့ ဖြစ်နိုင်ပါတယ်

နတ်ဆိုး said...

ဖြစ်နိုင်မယ်ထင်ရင်တော့ ကြိုးစားကြည်ပေါ့ ဖြစ်နိုင်ပါတယ်

Powered by Blogger.