ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် မဟာဗျူဟာ သမ္မတ ညွှန်ကြား

 ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးအတွက် ဒုတိယအဆင့် မဟာဗျူဟာ ရေးဆွဲကာ ပြုပြင်ပြောင်းလဲမှုများ လုပ်သွားရန် သောကြာနေ့နံနက် နိုင်ငံတော် သမ္မတရုံးတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က လမ်းညွှန် မှာကြားသွားသည်ဟု သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

“အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲလုပ်ဆောင်ရာတွင် ရှေးကနှင့်မတူဘဲ စိတ်ဓါတ်အရ၊ လူမှုဆက်ဆံရေးအရ ပြည်သူ့အကျိုး စီးပွားအတွက် ပြည်သူများကို မိမိတို့မိဘသဖွယ် တိုးတက်အောင် ကူညီစောင့်ရှောက်ရေးနှင့် ပြည်သူ မလိုလားသော လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိ လိုက်စားမှုများ၊ ဆက်ဆံရေး မပြေပြစ်မှုများကို ရှောင်ရှားကြရေးအတွက် အဓိက္က ဦးစားပေး ပြောင်းလဲလာအောင် ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း” ဟု ဦးသိန်းစိန်က ညွှန်ကြား သွားသည်။

ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်တို့ကိုလည်း နိုင်ငံ၏ ဘဏ္ဍာငွေ တခုတည်းအပေါ် မှီခိုလုပ်ဆောင်ခဲ့ရာမှ နိုင်ငံတကာအကူအညီများ ရရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်သွားရန် လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသွားသည်။
p
နိုင်ငံတော် သမ္မတရုံးတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Photo: President's office website)

“မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ ပုဂ္ဂလိက လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များက နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ကြိုးပမ်းရမည်” ဟု ညွှန်ကြားထားသည်။

ပြည်ပရောက် မြန်မာ ပညာရှင်များ၊ ဘာသာရပ် ကျွမ်းကျင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များသာမက အလုပ်မျိုးစုံ သွားရောက်လုပ်ကိုင်နေကြသူများ ပြန်လာရေးနှင့် စီးပွားရေး အလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် အခက်အခဲများ တင်ပြလာလျှင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတ က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေး
ဆွေးနွေးသဘောတူပြီးသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအား အရင်းအဖြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်”
ပြောဆိုသွားသည်။

သောကြာနေ့ မနက် အစည်းအဝေးသို့ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ နှုတ်ထွက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးမှာ သောကြာနေ့ အစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိပေ။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အာင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းတို့မှာ မေလ ၅ ရက်နေ့မှစ၍ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာလည်း မေလ ၆ ရက်နေ့မှစ၍ ဥရောပ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး ထွက်လျက်ရှိသည်။
မျိုးသန့် - ချင်းမိုင် (မဇ္ဈိမ)
ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် မဟာဗျူဟာ သမ္မတ ညွှန်ကြား ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် မဟာဗျူဟာ သမ္မတ ညွှန်ကြား Reviewed by သစ်ထူးလွင် on 04:42 Rating: 5

9 comments:

တြိရတနာ said...

သမ္မတ စကား ချိုးလား ပျားရည် ၊ သမ္မတပေး နတ်ဆေးတမည် ။ သမ္မတဘေး လူ့ငချေးက ပျားရည်ခြေဆေး ၊ နတ်ဆေး နင်းချေ ၊ နှပ်နဲ့ထွေလို့ ပြည်သူ့ရှေ့မောက် ဒင်းလုပ်ပေါက်က။ မိုက်စံပြု မိုက်မှု ကမ်းကုန် လှပါတကား။

ကလင်တန် said...

Kyar, ... ကောင်းလိုက်တဲ့စာချိုးလေး၊

ဇာမဏီ said...

သွေးနဲ့ရင်းခဲ့ကြတဲ့ဘ၀တွေ ၊ မျက်ရည်တွေ ချောင်းစီးခဲ့ရတဲ့ ဘ၀တွေ
တို့အမိမြေမှာ များလှချေပြီ ။ ယခုထိတိုင်မတိတ်သေး ၊ မျက်ရည်ချောင်း
များစီးဆင်းဆဲ ၊ သွေးရနံ့တွေ လွင့်ပျံ့ဆဲ ။ အမှောင်ထဲက ဘ၀တွေ ငိုကြွေး
ဆဲ ။ ရွှေရောင်တဖိတ်ဖိတ်လက်နေတဲ့ အဆောက်အဦးကြီးထဲကလူတစ်စု
ဒါတွေကို အရင်ဆုံးဖြေရှင်းနိုင်ကြပါစေ။ မြန်မာတို့ရဲ့ဗီဇအတိုင်း ရေသာခို
ငါလုပ်လဲ မထူးဘူးဆိုတဲ့ စိတ်ဓါတ်တွေမြန်မြန်ဖယ်ရှားကြပါ။

တို့မြန်မာ said...

..မဟာဗျူဟာ ဒုတိယအဆင့်တောင်ရောက်တော့မှာပေါ့......၂. နှစ်ရှိနေပီ...... အချိန်တွေပုပ်တယ် အသံတွေပဲကြားနေရတယ်.......စိတ်မရှည်တော့ဘူးနော်....

Sunmoon said...

Very good "kyar".

a said...

ဘာလို့စကားတွေပဲပြောနေတာလဲ၊မတရားလုပ်တဲ့သူတွေကိုအမြန်အရေးယူလိုက်ပါ၊တစ်ချိန်လုံးမဟုတ်တာလုပ်ခဲ့သူများကမဟုတ်တာမလုပ်ပါနဲ့လို့ပြောနေတာကိုနားထောင်မှာမဟုတ်ပါ၊အောက်ခြေကပြည်သူများ(အမှန်တကယ်)ဘာဖြစ်နေလဲဆိုတာသိအောင်အရင်လုပ်ကြည့်လိုက်ပါ၊သတင်းဌာနတစ်ခုကိုဖွင့်ကြည့်ရုံနဲ့သိနိုင်ပါတယ်စိစစ်အရေးယူလိုက်ရုံပါပဲ၊ဒီထက်ပိုစေတနာပါရင်အောက်ခြေကအသံတွေကိုကြားရဖို့(တကယ်အလုပ်လုပ်မည့်သူများ)ကိုခန့်ထာပြီးမတ၇ားမှုများကိုအရေးယူလိုက်ရုံပါပဲ၊ဘာလို့မလုပ်ပဲနေနိုင်ကြတာလဲ၊အခုပြောင်းလဲနေတယ်ဆိုတာတွေက(အိမ်တစ်အိမ်မှာအိမ်သာတော့မဆောက်ပဲ၊တီဗီတွေလေအေးပေးစက်တွေဝယ်ထည့်နေသလိုဖြစ်နေတယ်)ပြည်သူအခြေအနေမြင့်မှတိုင်းပြည်မြင့်လာမှာလေ၊ပြည်သူကိုစေတနာထားကြည့်လိုက်ပါ။

Anonymous said...

TO U THEIN SEIN ..... စစ်တပ် ၂၅ % ဆိုတာ လက်နက်နဲ့ အာဏာကို အားကိုးပြီး ယူထားတာပါ ။ ကြံ့ ဖွတ်အမတ်ရာချီဆိုတာလည်း ညစ်ပတ်ပြီး မဲခိုးထားလို့ရတာဆိုတာ သမ္မတကြီးလည်း သိပါတယ် ။ အနောက်နိုင်ငံတွေလို လွတ်လွတ်လပ်လပ်မျှမျှတတဆိုရင် ကြံ့ ဖွတ်တွေအဖို့ အမတ်နေရာ ၁% ရဖို့တောင် သံသယဖြစ်စရာပါ ။ .................ဒါကြောင့်မို့ NLD ကိုနေရာပေးတာ ၊ လက်တွဲဆောင်ရွက်တာ ၊ ပြုလုပ်သင်.ပါတယ် ...သမတကြီးခင်ဗျား ...

Unknown said...

အနှစ်နှစ်ဆယ်ကျော်တောင် ကြာအောင်ခံခဲ့ပြီးပြီဘဲ တစ်နှစ် နှစ်နှစ် အချိန်ကိုတော့ စောင့်ကြည့်ပါကွာ စိတ်ရှည် သည်းခံ မောင်းရန် ပြည်သူ့အားပါကွာ ဦးသိန်းစိန်ကတော့ အကောင်းမြင်ဝါဒရှိမယ်ထင်တယ် မျိုးချစ်ပါကွာ သူလုပနေတာ စေတနာပါ ပါတယ် အဖြေကို မြန်မာလူမျိုးတစ်ယောက်အနေနဲ့ စိတ်ရှည်ရှည်စောင့်ကြည့်ပါ အပြောနဲ့ အလုပ် ညီမညီပေါ့ အနှစ်နှစ်ဆယ်ကျော်ကျော်လိမ်ခံရတော့လည်း မယုံတာမစမ်းပါဘူး ဒီတစ်ခါတော့ အဲဒိလောက်လိမ်လို့မရပါဘူး သက်သေ တွေ အထောက်ထားတွေရှိပါတယ်။

nandar said...

သမတကြီးရယ် ပြန်လာချင်တာပေါ့။ ပြန်လာပြီးလုပ်စရာအလုပ်မရှိဘဲဘာနဲ့ ထမင်းစားရမှာလဲ။ မိသားစုကိုဘယ်လို ထောက်ပံ့ရမှာလဲ။ အငတ်ထားရမှာလား။ နိုင်ငံခြားမှာengineering တစ်ယောက် ၁၂သိန်းအနည်းဆုံးရတယ်။ သမတကြီးကပေးမှာလား။ နိုင်ငံကိုပုန်ကန်တာမဟုတ်ပါ။ ပြည်တွင်းမှာလုပ်ရင် ၂သိန်းရတယ်ထား။ မိသားစုကိုဘယ်လိုထောက်ပံ့ရမှာလည်း။ ခိုးမှမိဘကိုကျွေးရမယ်ဆို မကျွေးချင်ဘူး။ ဒါကြောင့် ဘွဲ့ရကတည်းကအစိုးရအလုပ်မရှောက်ဘူး။ လဘ်လည်းမထိုးနိုင်ဘူး။ အဒီတော့အလုပ်မရဘူး။ ဒါကြောင့်သူများတိုင်းပြည်မှာကျွန်လုပ်နေရတယ်။ ကျွန်ဘ၀ရောက်အောင်ဘယ်သူတွေလုပ်ခဲ့တာလဲ။ ကျမတို့ ခေတ်လူငယ်တွေရဲ့ ဘ၀တွေဘယ်သူတွေ အသေသတ်ခဲ့တာလဲ။ အနှိမ်ခံဘ၀ရောက်အောင်ဘယ်သူတွေမြန်မာ့ပညာရေးကိုဖျတ်ဆီးခဲ့တာလဲ။ သမတကြီးစေတနာရှိရင် ပြည်တွင်းမှာရှိတဲ့ ဘွဲ့ရတွေအတွက် အလုပ်အကိုင်ရအောင်လုပ်ပေးလိုက်ပါ။ ကျမတို့ကကျွန်ဘ၀မှာနေသားကျနေပါပြီ။ ၂၀၁၅ ကျပြန်လာမှာ။မပူနဲ့။ ရထားတဲ့ခွက်လေးတော့ မလုပ်လိုက်ပါနဲ့။ မိဘတွေ အတွက်မို့ပါ။ သမတတို့အသိုင်းအ၀ိုင်းလိုငွေမပေါပါ။ လေးစားစွာဖြင့်......

Powered by Blogger.