အများပိုင်နေရာကို စစ်တိုင်းမှူးဟောင်းဇနီးက ဂရန်ပြုလုပ်သည်ကို ကန့်ကွက်

မေ ၉၊ ၂၀၁၂ (YPI)

သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ အများပြည်သူပိုင် အပန်းဖြေနေရာအား ယခင်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး (ပ.ယ.က ဥက္ကဌ) ဗိုလ်ချုပ်သောင်းအေး၏ ဇနီးက ပုဂ္ဂလိကပိုင်အဖြစ် ဂရန်ပြုလုပ်ရရှိခဲ့သည့်အတွက် သံတွဲဒေသခံများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ယမန်နေ့က ကန့်ကွက်စာ ပေးပို့လိုက်သည်။

ယခင် ပ.ယ.က ဥက္ကဌ ၏ ဇနီး ဒေါ်သင်းမျိုးမျိုးအောင် ဂရန်ပေါက်ရရှိခဲ့သည့် ငပလီကမ်းခြေရှိလင်းသာနှင့် မြပြင်ကျေးရွာအုပ်စုအကြား၊ ကွင်းအမှတ် (VT-၃၉) ရှိ မြေအကျယ် ၄၇၅ ပေကို ၂၀၀၆ ခုနှစ်ကတည်းက ခ.ယ.က ဥက္ကဌ လမ်းညွှန်ချက်ဖြင့် အများပြည်သူပိုင် အပန်းဖြေနေရာအဖြစ် သတ်မှတ်ပေးထားခဲ့သည်။

အဆိုပါမြေနေရာအား ပုဂ္ဂလိကပိုင်အဖြစ် ဂရန်ပြုလုပ်ရန် ၂၀၁၀ ခုနှစ် သြဂုတ်လတွင် မြို့နယ်မြေစာရင်းရုံး၌ လျှောက်ထားခဲ့ရာ ကမ်းခြေကျေးရွာများမှ ဒေသခံများနှင့် သံတွဲမြို့မိမြို့ဖများ စုပေါင်း၍ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြသည်။

ထိုစဉ်က မည်သို့မျှ အကြောင်းပြန်ကြားခြင်းမရှိခဲ့ဘဲ ယခုနှစ် မေ ၂ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက လင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကန့်ကွက်ခဲ့သော ဒေသခံများထဲမှ တစ်ဦးကို ခေါ်ယူ၍ ထိုမြေကွက်အား ဒေါ်သင်းမျိုးမျိုးအောင်အမည်ဖြင့် လန(၃၉) ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ၀င်းခြံခတ်တော့မည်ဖြစ်ကြောင်း ခေါ်ယူအသိပေးခဲ့သည်။

“ အဲဒီနေရာမှာ စားသောက်ဆိုင်လေးတွေ ယာယီဖွင့်ထားတာရှိတယ်။ အဲဒါတွေဖျက်ပေးဖို့ပြောတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောသည်။

ထို့ကြောင့် ယခုထပ်မံ၍ သံတွဲမြို့မိမြို့ဖများနှင့် ဒေသခံများစုပေါင်းလက်မှတ်ရေးထိုးကာ ပြည်နယ် ၀န်ကြီးချုပ်ထံ ကန့်ကွက်စာကို မေ၈ ရက်က ပေးပို့ကြခြင်းဖြစ်သည်။

ငပလီကမ်းခြေတွင် ဟိုတယ်များတိုးချဲ့ဆောက်လုပ်လျှက်ရှိပြီး အများပြည်သူများ လွတ်လပ်စွာအပန်းဖြေနိုင်သည့် နေရာ လွန်စွာနည်းပါးသွားပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ ဒီရာထူးမရရင်လည်း ဘာမှမဖြစ်ဘူး။ ဒီနေရာ(ဂရန်ပေါက်သွားသည့်နေရာ) ကိုတော့ အများအတွက် ပြန်လိုချင်တယ်” ဟု ကန့်ကွက်သူတစ်ဦးဖြစ်သည့် လင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကပြောသည်။

ထို့ပြင်အဆိုပါမြေနေရာဝန်းကျင်၌ ဗိုလ်မှူးချုပ် မြင့်အောင်၊ ဗိုလ်မှူးကြီး မောင်ကို၊ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့သူ ဗိုလ်ချုပ် အောင်ထွေး၊ ယခင်သံတွဲ ခ.၀.တ အတွင်းရေးမှူး ဗိုလ်မှူး ၀င်းဟန် တို့မှ ၁၉၉၆ ခုနှစ်တွင် လန(၃၉) ရရှိခဲ့ကြောင်း သံတွဲ မ.ယ.က မှ သံတွဲမြို့နယ် မြေစာရင်း ဦးစီးအရာရှိထံသို့ ၂၀၀၆ ခုနှစ် မတ် ၁၇ ရက်က ပေးပို့ခဲ့သောစာ၌ ဖော်ပြထားသည်။      ။
Yangon Press International
အများပိုင်နေရာကို စစ်တိုင်းမှူးဟောင်းဇနီးက ဂရန်ပြုလုပ်သည်ကို ကန့်ကွက် အများပိုင်နေရာကို စစ်တိုင်းမှူးဟောင်းဇနီးက ဂရန်ပြုလုပ်သည်ကို ကန့်ကွက် Reviewed by သစ်ထူးလွင် on 16:30 Rating: 5

10 comments:

Aung Soe Oo said...

တိုင်းပြည်မှာလူတွေကနေရာတခုရရင်၊ရာထူးကြီးကြီးရရင်ဘယ်နေရာဘယ်လိုဂွင်ရမလဲဆိုတာဘဲချောင်းနေကြတာက သဘာဝ တခုလိုဖြစ်နေပြီဗျာ..တော်တော်ကိုမိုက်ရိုင်းတဲ့ကောင်တွေ ဒီကောင်တွေသေရင် အဒီနေရာတွေမှာမြုပ်လိုက်ကြကွာ ပြည်သူ့ချဉ်ဖတ်တွေသေရင်တောင်မြေသြဇာဖြစ်မယ့်ကောင်တွေမဟုတ်ဘူး..

kotunaung164@gmail.com said...

လူလောဘအသောမသတ်နိုင်ပါလားကိုသစ်ထူးလွင်ရေ။ပေးလိုက်ပါသူတို့ကမွဲနေတာကို

u kyawkyaw said...

တပ်မတော်ကပြည်သူလူထု၏ယုံကြည်မှုကိုတည်ဆောက်ရ
တော့မည့်အချိန်အခါဖြစ်ပါတယ်၊အာဏာရှင်တွေကြောင့်ပြည်သူလူထုကတပ်မတော်ကိုလက်နက်ကိုင်ပြီးအနိုင်ကျင့်သူများဟုအမြင်လွဲမှားခံခဲ့ရပါတယ်၊ကိုယ်ကအသက်စွန့်သင့်ကစွန့့် မည်ဟုခံယူထားသောလူ့အဖွဲ့အစည်းကယခုကဲ့သို့အထင်မှားခံရခြင်းမှာအလွန်နာကြည်းခံပြင်းဘို့ကောင်းပါတယ်၊ဒါကြော င့်ပြည်သူတွေထပ်မံအထင်မမှားအောင်ပြူပြင်သင့်ပါတယ်၊ တပ်မတော်ခေါင်းဆောင်ပိုင်းမှစပြီးပြန်တမ်းဝင်အရာရှိအားလုံးမိမိပိုင်ဆိုင်သော(မိန်းမ၊ကလေး၊ဆွေမျိုးဝမ်းကွဲတို့အမည်ဖြင့်
ရှိသော)propertiesများကိုတပ်မတော်တွင်မှတ်တမ်းယူထားသင့်ပါတယ်၊တာဝန်ထမ်းဆောင်ကာလအတွင်းမှာဘာဝယ်
ဝယ်၊ဘာလုပ်လုပ်ခွင့်ပြုချက်ယူ၊မှတ်တမ်းယူရပါမယ်၊ဒီလို
ထိန်းကွပ်ပေးမှပြည်သူ၏ယုံကြည်မှုကိုရယူရပါမယ်၊တပ်မ
တော်သားများသက်သာချောင်ချိရေးအတွက်တပ်မတော်၏
စီးပွားရေးလုပ်ငန်းဖြစ်သောပြည်ထောင်စုဦးပိုင်၊MEC တို့၏ အစုရှယ်ယာအမြတ်များကိုအချိုးကျခွဲဝေပေးသင့်ပါတယ်၊
ဗိုလ်ချုပ်ဖြစ်လို့အစု၁၀၀၀၊တပ်သားဖြစ်လို့တစ်စုတော့မဖြစ်သင့်ပါ၊ပိုယူတဲ့လူ-ငရဲ-မှာပိုကြာပါလိမ့်မယ်။

ဆုလာဘ် said...

ဘယ်လိုဖြေရှင်းကြမလဲဒီလိုယူချင်တိုင်းယူနေကြတော့မှာလားနိုင်တော်အာဏာကိုသုးံပြီးနိုင်ငံတော်မြေကိုအလွဲသုးံစားယူနေကြတော့မှာလားဈေးကောင်းရင်တရုပ်ကိုရောင်းစားမယ်ထင်တယ် မရှိတဲ့ဆင်းရဲသားတွေတခါမှဂရန်မပေးဘူလား

ဆုလာဘ် said...

ကျောက်ဖြူမှာမြေယူထားသူတပ်မတော်အရာရှိကြီးများ ဗိုလ်ချုပ်မောင်ဦး ဗိုလ်မူချုပ်မော်သိန်းဗိုလ်ချူပ်ကြီးဝင်းမြင့် ဗိုလ်မူချုပ်သူရမောင်နီ ထောက်လှမ်းရေးတပ်မူးဟောင်းဗို်မူးဝင်းမောင်မောင် ဒုဗိုလ်မူကြီးလှမောင် ဒုဗိုလ်မူကြီးလှတင့် ဒုဗိုလ်မူကြီးအုန်းမြင့် ဒုဗိုလ်မူကြီးဝင်းမြင့် ဗိုလ်မူးစန်းတင့် ဗိုလ်မူးဝင်းထိန် ခယကဥက္ကဌဦးညဏ်လင်း စာရင်းအသေးစိတ်ရှိပါတယ်ကျောက်ဖြူမြေစာရင်းမှာသွားရောက်ကြည့်နိုင်ပါတယ် အများပြည်သူသိအောင်တင်ပြခြင်းပါ ဒီလိုမျိုးမြန်မာနိုင်ငံအရပ်ရပ်မှာအများကြီးရှိပါတယ် စုံစမ်းနိုင်ပါတယ်မြေစာရင်းဦးဌါနတွေမှာ ဘယ်လိုဖြေရှင်မကြလဲ ပြည်ူအပေါင်းတို့သ

me: me: said...

တပြည်လုံးမှာ အခုလို တန်ဘိုးရှိတဲ့နေရာတွေဆိုရင် သူတို့အပေါင်းအပါတွေဘဲ ခြံစည်းရိုးခတ်နေတာပါ။ အခုလို အခွင့်ထူးခံ အခွင့်အရေးတွေရနေလို့ အာဏာကို တအားမက်မောနေတာပေါ့။ အဲဒါကြောင့်ပဲ ဒီထိုင်ခုံက ဆင်းမပေးချင်တာ။ ပြည်သူကို လုံးဝထည့်မတွက်ဘဲ ငါ ဆိုတဲ့ အတ္တကိုပဲ ကြည့်နေကြတာ။ ဒီလိုလုပ်ရပ်တွေကို အရင်တုန်းက သိပေမယ့် ပြန်မပြောရဲတော့ ခံနေရတာပေါ့။ ကန့်ကွက်တဲ့ ရွာသူရွာသားတွေကို လေးစားပါတယ်။ အုပ်ချုပ်ရေးမှူးကြီးလဲ ဆက်ပြီးတိုက်ပါ။ မီဒီယာများက ၀ိုင်းဝန်းကူညီပေးကြပါ။
မကွေးမြို့က အလားတူဖြစ်ရပ်တစ်ခုကို ဖောက်သည်ချချင်ပါတယ်။ မကွေးမြို့ မြို့တော်ခန်းမနောက်ကျောမှာ တန်ဘိုးနည်းအိမ်ရာဆိုတာရှိပါတယ်။ ပြည်တော်သာအိမ်ရာတွေနဲ့အပြိုင်
ဆောက်လုပ်ခဲ့တာပါ။ အဲဒီရပ်ကွက်ထဲမှာ အများပြည်သူဆိုင်ရာ အတွက် ရည်ရွယ်ပြီး ပညာရှိများ ချန်ထားရစ်တဲ့ မြေလွတ်ကို ယခုခေတ်(န၀တ၊ နအဖ ခေတ်ကို ပြောတာပါ၊ ဆိုရှယ်လစ်ခေတ်ကလူတွေတောင် အခုလူတွေ
လောက် လောဘမကြီးဘူး)အာဏာပိုင်တွေနဲ့ပေါင်း၊ ခြံစည်းရိုး ခတ်ပြီး မြေကွက်(၃) ကွက်ဖော်ထုတ်လိုက်ပါတယ်။ တိုင်းမြေစာရင်းမှူးက တစ်ကွက်ယူပါတယ်။ မယကဥက္ကဌက တစ်ကွက်ယူပါတယ်။ ကျန်တစ်ကွက် ကိုတော့ ရပ်ကွက်နေလူထုက ဓမ္မာရုံဆောက်ဖို့ ချန်ပေးပါလို့ အသနားခံလို့ ကျန်ရစ်ပါတယ်။ ဒါတောင် ဓမ္မာရုံကို ချက်ချင်းဆောက်ခိုင်းလို့ ရပ်ကွက်က ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး အားချင်း ဆောက်နေရပါတယ်။ အခုမှ တိုင်ထောင် အမိုးမိုးပြီးရုံပဲ ရှိပါသေးတယ်။ အဲဒီအိမ်ရာမှာ နေတဲ့ စံပြမူကြိုဖွင့်ထားတဲ့ အငြိမ်းစားမြို့နယ်ပညာရေးမှူး ဆရာကြီးက ဦးစီးပြီး ဆောက်နေတာပါ။
ဒါကြောင့်မို့ အခုလို အများပြည်သူဆိုင်ရာနေရာတွေကို ကိုယ်ပိုင်လုပ်တဲ့ လုပ်ရပ်မျိုးကို တတ်နိုင်သလောက် ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြပါ။

minsoeaung said...

အ မ လေး နော် ။ ကွာလိုက်တာ။
ဒီနေ့သတင်းစာကိုကြည့်စမ်းပါ။တွေ့လား။
ဒို့သမ္မတကြီကတော်ပုံ မြင်တယ်နော်။
သိမ်မွေ့တယ်။ ကျက်သရေရှိလိုက်တာ ဒေါ်ခင်ခင်ဝင်း
ဆိုတာပေါ့။ ဒို့ဆီကအရာရှိကြီးငယ်တွေရဲ့ ဇနီးတွေ
ဘယ်လောက်အတုယူသင့်လဲ။စဉ်းစာကြဟေ့။
တိုင်းဝန်ကြီးချုပ်ကတော်တွေလည်းအတုခိုးကြပါ။
လူသည်အတ္တရှိမှာပါ။မ များနဲ့ပေါ့။ နင့် ကြောင့်လို့သာ

ချစ်ဖူး said...

ပြည်သူတွေပိုင်တဲ့မြေကို အချောင်လိုချင်ကြတဲ့ အောက်တန်းကျသူများလို့ပဲ ပြောရတော့မယ်။

honey said...

စစ်အာဏာရှင်တွေအကျင့်ဆိုးသူခိုးတွေ
မြေတွေမတရားယူချမ်းသာနေကြတယ်။

sean said...

မတရားလုပ်တာကို မခံပါနဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးကြီး ခင်ဗျားကိုထောက်ခံတဲ့သူတွေတပုံကြီး အများကြီးရှိတယ်..ဒေသအတွက်တိုက်ပွဲဝင်သွားတယ်လို့ ကဗ္မည်းမော်ကွန်းထိုးတယ်လို့.. မှတ်ယူပါ..
တမြို့လုံးပါဝင်ကြပါ...
ဒို့ဘိုးဘွား အမွေအနှစ် မို့ ဒို့ ကာကွယ်မလေ ဆိုတာ ဒီနေရာမှာ ဒေသသားတို့ အများပိုင်မြေ အတွက် သတ္တိရှိကြပါ....

Powered by Blogger.