အလုပ်သမား ဆန္ဒပြမှုပြဿနာ ပထမဦးဆုံးအကြိမ် အများရှေ့မှောက်ဖြေရှင်း

ရန်ကုန် ၊ မေ ၁၅၊ ၂၀၁၂ ခုနှစ်
သူရမျိုး (YPI)

လှိုင်သာယာမြို့နယ်စက်မှုဇုံ (၃) ဘုရားလမ်းပေါ်ရှိ ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုအား ညှိနှိုင်းပေးရာတွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန မှ ညွန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းနိုင်တို့က အများပြည်သူရှေ့မှောက်၌ ပထမဦးဆုံးအကြိမ်အဖြစ် ညှိနှိုင်းပေးခဲ့သည်။

ထိုသို့အများပြည်သူရှေ့မှောက်တွင် ညှိနိုင်းရခြင်းမှာ ဆန္ဒပြ အလုပ်သမားများထဲမှ ကိုယ်စားပြု ဖြေရှင်းမည့် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ ထွက်ပေါ်လာခြင်းမရှိသည့်အတွက် ဖြစ်သည်။

မေလ ၁၅ ရက်နေ့ လှိုင်သာယာ စက်မှုဇုန်မှ ပုလဲ အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမားနှင့် အများရှေ့မှောက်တွင် ညှိနိင်းနေကြစဉ် (ဓါတ်ပုံ-သူရမျိုး YPI)

“သမီးတို့ထပြောရင် မနေနိုင်အောင် နည်းအမျိုးမျိုးနဲ့လုပ်တယ် နောက်ဆုံးအဲဒီလူက ကိုယ်သဘောနဲ့ကိုယ် ထွက်ကိုသွားရတာ”ဟု ဆန္ဒပြ အလုပ်သမ တစ်ဦးကပြောသည်။

အလုပ်သမားများဘက်မှ တစ်ထည်ချုပ်ခ ပမာဏ သိရှိရန် ၊ တနင်္ဂနွေ နှင့်အစိုးရရုံးပိတ်ရက်များ ပိတ်ရက်ရရှိရန် ၊နောက်ကျလျှင် လစာမဖြတ်ရန် ၊ခွင့်တိုင်ခွင့်ရရှိရန်၊ ရှားပါးစရိတ် သုံးသောင်းရရှိရန် တို့ပါဝင်သည့်  အချက် ၁၃ ချက် တောင်းဆိုခဲ့သည်။

ဆန္ဒပြအလုပ်သမ မသူက “လခနည်းတာရယ် တနင်္ဂနွေ အလုပ်ဆင်းရ တာရယ်ကို ပြောတာ၊  အထည်ကြေးကို အတိအကျမသိရဘူး၊  နေထိုင်မကောင်းလို့ရှိရင်လည်း လူမှုဖူလုံရေးဆေးခွင့်နဲ့ ယူလို့ရှိရင်လည်း ပိုက်ဆံ ဖြတ်တာပဲ ” ဟုပြောသည်။

ဆန္ဒပြသည့် အလုပ်သမများအား အလုပ်ရှင်က တနင်္ဂနွေပိတ်ပေးရန် ၊ ရက်မှန်ကြေးငါးထောင်တိုးပေးရန်၊ အစိုးရရုံးပိတ်ရက်များ ပိတ်ပေးရန်၊ တစ်နှစ် ၆ ရက် ရရှိစေရန်၊ တစ်ထည်ကြေး ကြေငြာပေးရန် စသည့်တောင်းဆိုထားသည့် ၁၂ ချက် သဘောတူခဲ့သော်လည်း ရှားပါးစရိတ်သုံးသောင်း ပေးရန်ကိုမူ သဘောမတူဘဲ တစ်သောင်းသာတိုးပေးခဲ့သည်။

“ညီမတို့တောင်ဆိုတာအစ်မပေးနိုင်လို့ရှိရင်ပေးပါတယ် ။ တစ်သောင်းပေးမယ်နော်”ဟု ပုလဲအထည်ချုပ်ပိုင်ရှင် ဒေါ်စန္ဒာက ညှိနှိုင်းခဲ့သည်။

တစ်နှစ်လျှင်ကိုးလ အလုပ်ကောင်းချိန် တွင် လစာ ၆သောင်းကျော်ခန့်ရရှိပြီး ကျန်သုံးလ အလုပ်မကောင်းချိန်တွင် လစာ လေးသောင်းခန့်သာ ရရှိ သည့်အတွက် အလုပ်မကောင်းချိန်တွင် အစိုးရ၀န်ထမ်း အနိမ့်ဆုံးလစာ အတိုင်းငါးသောင်းလေးထောင်ခြောက်ရာ ပေးမည်ဟု ၎င်းက ပြောသည်။

သို့သော် ဆန္ဒပြအလုပ်သမများ ရှားပါးစရိတ် သုံးသောင်းမပေးသည့်အပေါ်ကြေနပ်မှုမရှိကြ အတွက် ဆက်လက်တိုင်ကြားသွားမည်ဟု ဆန္ဒပြအလုပ်သမများက ပြောသည်။

အလုပ်သမား ရေးရာပြဿနာများညှိနှိုင်းမှုနှင့်ပတ်သက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းနိုင်က “အလုပ်သမားရေးရာမူဝါဒနဲ့ တည်ဆဲ ဥပဒေတွေအရ လုပ်ပေးနေတယ်။ အလုပ်ရှင်နဲ့အလုပ်သမားမျှတသော ပြေလည်မှု ရရှိအောင် အလုပ်သမား ဥပဒေတွေအတိုင်း လုပ်ပေးနေတယ် ”ဟု ပြောသည်။

လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြမှုအပြီး အလုပ်သမားဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိရာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အလုပ်ရှင်အလုပ်သမား ပြဿနာ ၇ ခုခန့်ဖြေရှင်းပြီးခဲ့ပြီဖြစ်သည်။ 

အစိုးရက ယခုနှစ်ဆန်းတွင် အလုပ်သမား အသင်းအဖွဲ့ဖွဲ့စည်းရေး ဥပဒေကို ပြဋ္ဌာန်းအတည်ပြုပြီးနောက် အလုပ်သမား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်ရရှိလာကာ အလုပ်သမား ခံစားခွင့်ဥပဒေကိုလည်း မကြာသေးမီက အတည်ပြုပြဋ္ဌာန်းခဲ့သည်။        ။
Yangon Press International
အလုပ်သမား ဆန္ဒပြမှုပြဿနာ ပထမဦးဆုံးအကြိမ် အများရှေ့မှောက်ဖြေရှင်း အလုပ်သမား ဆန္ဒပြမှုပြဿနာ ပထမဦးဆုံးအကြိမ် အများရှေ့မှောက်ဖြေရှင်း Reviewed by သစ်ထူးလွင် on 05:18 Rating: 5

11 comments:

သူရ said...

အဲလိုဆန္ဒပြနေတာက ဘာကိုဖေါ်ပြနေလဲဆိုတော့ အလုပ်သမားဝန်းကြီးဌာနမှာ တိကျတဲ ဥပဒေ မရှိလို့ဘဲ။ ဌာနဆိုင်ရာ အရာရှိတွေ တရက်တရက် ဘာထိုင်လုပ်နေတာလဲ။ တိကျတဲဥပဒေ တွေရေးဆွဲပြဌာန်းပါလား။ (တနှစ်ကို ဘယ်နေတွေကတော့ ပိတ်ရက်၊ ပိတ်ရက်ကို အလုပ်ဆင်းခိုင်ရင် လစာ ၂ဆ၊ အချိန်ပိုဆင်းရရင် ၁.၅ ဆ၊ တနှစ်ကို MC က ဘယ်နှစ်ရက်)

သူရ said...

အဲလိုဆန္ဒပြနေတာက ဘာကိုဖေါ်ပြနေလဲဆိုတော့ အလုပ်သမားဝန်းကြီးဌာနမှာ တိကျတဲ ဥပဒေ မရှိလို့ဘဲ။ ဌာနဆိုင်ရာ အရာရှိတွေ တရက်တရက် ဘာထိုင်လုပ်နေတာလဲ။ တိကျတဲဥပဒေ တွေရေးဆွဲပြဌာန်းပါလား။ (တနှစ်ကို ဘယ်နေတွေကတော့ ပိတ်ရက်၊ ပိတ်ရက်ကို အလုပ်ဆင်းခိုင်ရင် လစာ ၂ဆ၊ အချိန်ပိုဆင်းရရင် ၁.၅ ဆ၊ တနှစ်ကို MC က ဘယ်နှစ်ရက်)

aung naing said...

မြန်မာပြည်ကအလုပ်သမားတွေကတော့အစိုးရနဲ့စီးပွားရေးသမားတွေရဲ့ခေါင်းပုံဖြတ်တာကိုခံနေရမှာဘဲ၊အလုပ်သမားသမဂ္ဂမှဖွဲ့ခွင့်မပေးတာ၊အလုပ်သမားသပိတ်ကြီးလုပ်သင့်နေပါပြီ။

win said...

အဲဒီ စာရွက်ထဲက ဥပဒေက သေတော့မယ့် လူနာကို စောင့်နေတဲ့ လူကို စိတ်မပူပါနဲ့ သက်သာသွားမှာပါ လို့ ပြောနေ နှစ်သိမ့်နေ တယ်ဆိုတာ .
အခု ဘယ်သူမှာတာဝန်ရှိလည်း ဘယ်သူ တာဝန်ယူနေသလည်း
ယူမှာလည်း
ပြေလည်အောင် ဆိုတဲ့ စကားကို တာဝန်ယူပေးပါ

ကောင်းကောင်း said...

တောင်းဆိုသင့်ပါတယ်....
တောင်းဆိုမှရမှာလေ... ပြောမှသိ... ထိမှာနာ..
သေမှခင်.. တဲ့ လူတွေအတွက်ပေါ့....

zawgyii said...

ခုလိုမျိုး အလုပ်သမား ပြည်သူတွေ ဆန္ဒပြခွင့်ရတာ ကိုယ်အခွင့်အရေးကိုယ် တောင်းခွင့်ရလာတာ အင်မတန် ၀မ်းသာစရာပါ။ နှစ်ပေါင်းများစွာ အလုပ်ရှင်ပေးသမျှယူ ခိုင်းသမျှလုပ် ခဲ့ရတာ ဒီမိုကရေစီခေတ်ထဲ စခြေချခါစမှာ ပြန်ပီး တွန်းလှန်နိုင်လာပြီပေါ့။ ညှိုနှိုင်းလို့ အောင်မြင်တာ မအောင်မြင်တာက တစ်ပိုင်းပေါ့လေ။

A Dr. of MOST said...

၁၂ ချက်တောင်လိုက်လျောပြီးပြီပဲ သုံးသောင်းအစား တစ်သောင်းလဲပေးတာပဲ အတိုင်းအတာရှိတယ်နော်
ခုအခြေအနေမှာ တိုင်ကြားလိုသူဘယ်နှယောက်ကျန်လဲ အဲဒီလူတွေ သပ်သပ် ဖယ်လိုက်ရင် လူသန့်သွားလိမ့်မယ် တစ်ချို့ကျတော့လဲ သနားဖို့မကောင်းဘူး ဇွတ်တောင်းနေတယ် အလုပ်မကောင်းတဲ့အချိန်ဆို သူတို့လဲ အားနေရမှာပဲ အလကားရတဲ့ပိုက်ဆံ တန်ရုံပဲရမှာပေါ့ ဥပဒေရှိလာရင်တော့ ကောင်းမှာပါ

Topsidon21 said...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်-
အခြေခံဝန်ထမ်း လစာ
တရားဝင်ရုံးပိတ်ရက်
သတ်မှတ်ပညာအရည်အချင်း
ခွင့်နှင့်ခံစားခွင့်များ
ရာထူး၊လုပ်သက်နှင့်ခံစားခွင့်များ
ကိုတပြေးညီ ညှိနှီုင်းဆုံးဖြတ်ပေးသင့်ပါပြီ။

Thurein said...

အများရှေ့မှာ ညှိနှိုင်းပေးတယ်ဆိုတော့ နည်းနည်းတော့ ထင်သာမြင်သာရှိတာပေါ့လေ။

www.academicmedicines.blogspot.com

The Young Blogger said...

ဒီမိုကရေစီကို သွားနေတဲ့ လမ်းကြောင်းမှာ အစိုးရက ပြည်သူတွေ၊ အချေခံလူတန်းစား တွေရဲ့ သဘောထားကို လေးစားလိုက်နာရမှာပါ၊ ပြည်သူကို ကာကွယ်ပေးမည့် ဒီအလုပ်သမားဥပဒေပေါ်ပေါက်လာတာကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်၊ အလုပ်သမားထုကလည်း ထိုနည်းတူစွာ ဥပဒေကို လိုက်နာရမှာပါ၊ ဆန္ဒပြမှူတွေဟာ အလုပ်သမားထုအတွက် ဖက်ရှင်တစ်ခုမဖြစ်ပဲ ပထမ ဦးဆုံး အလုပ်ရှင် နဲ့ အလုပ်သမား ဥပဒေအရ ပြေပြေလည်လည် တိုးတိုးတိတ်တိတ် ဖြေရှင်းနိုင်ရင် ဖြေရှင်းပါ၊၊ ညှိနှိုင်းလို့မရမှ ဆန္ဒပြခွင့်ရှိတာပါ၊ နှစ်ဦးနှစ်ဘက်စလုံးက ဥပဒေအတွင်းက ဆောင်ရွက်သွားရင် အကောင်းဆုံးပါ။

သူရအောင် said...

အခုလက်ရှိလစာ အခြေခံလစာကလည်း စားဖို့အတွက်တောင် မလောက်သေးပါ. ၀တ်ရေးနဲ့ နေရေးမပါသေးပါ
အလုပ်မလုပ်နိုင်တဲ့အချိန်ဘာနဲ့သွားစားရမလဲ
လုပ်ခ လစာများထပ်တိုးသင့်ပါတယ်

Powered by Blogger.