ရေလှူသူများကို ဒေသခံအာဏာပိုင်များ မေးမြန်း နှောက်ယှက်

မန္တလေးတိုင်း၊ မုံရွာခရိုင်ကျောင်းသားသမဂ္ဂက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပေါက်အင်းတောင်တောမှာရှိတဲ့ အင်တိုင်းတောကျေးရွာကို ဒီကနေ့ ဒုတိယအကြိမ်မြောက် သောက်ရေသန့် သွားရောက် လှူဒါန်းရာမှာ ဒေသခံအာဏာပိုင်တွေက လာရောက်မေးမြန်း
နှောက်ယှက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်၊

အင်တိုင်းတောကျေးရွာကို မန္တလေးနဲ့မုံရွာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက
ဦးစီးပြီးလူမှုရေး အသင်းအဖွဲ့တွေက ပြီးခဲ့တဲ့မေလ (၁၃) ရက်နေ့က တခါ ရေဂါလံ (၃၆၀၀) ကျော်ကို သွားရောက်လှူဒါန်းခဲ့ပါတယ်၊ ဒါပေမယ့် ဒီရေဟာလည်း ရွာသားဦးရေ (၁၀၀၀) ခန့်အတွက် တပတ်လောက်သာ ခံမှာဖြစ်တဲ့အတွက် ဒီကနေ့ထပ်မံပြီး သွားရောက်လှူဒါန်း တာပါလို့ မုံရွာကျောင်းသားသမဂ္ဂက ကိုသိန်းသန်းဦးက ပြောပါတယ်။

အခုလို ရေသွားလှူတာနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ရဲထောက်လှမ်းရေး SB တွေက လာရောက်မေးမြန်း တာဖြစ်ပါတယ်။

“ကျနော်တို့ကိုသူ နေရပ်လိပ်စာကော ဘာလုပ်တာလဲ မေးတယ်ဗျ၊
နောက်ပြီးတော့ ရေသည်တဲ့ကားကိုမောင်းတဲ့ ဒရိုင်ဘာကိုလည်း နာမည်မေးတယ်၊ ကျနော်တို့၁၃ရက်နေ့က လှူတုန်းက အဲလိုပေါ့။ ကားနံပါတ်တွေကော ဒရိုင်ဘာတွေကော သူတို့မှတ်ယူသွားပြီးတော့
နောက်နေ့ကြ ကျနော်တို့ အဲဒီကားကို ဌားမယ်လုပ်တာ ဌားမရတော့ဘူးဗျ။ ကြောက်သွားတယ် ကားသမားရော စပယ်ယာကောက၊ ရွာသားတွေအခြေအနေ ကျနော်တို့အနေနဲ့ ဆိုးတယ်လို့မြင်တယ်ခင်ဗျ။ ဒီအခုဖြစ်နေတဲ့ လက်ရှိအခြေအနေက ဘယ်လိုဆိုးလဲဆို ရေနည်းနည်း
ပိုတာတွေက ဒီတပတ်လောက်ဆို ကျနော်တို့လှူတဲ့ရေ မရှိလောက်တော့ ဘူးဗျ။ အဲဒီကျ ကျနော်တို့ တခေါက်ပြန်လာရမှာဗျ။ ကြားထဲမှာလည်း
သောက်ရေကန်တွေ မရှိတော့ဘူးဗျ”

အင်တိုင်းတောဒေသမှာရှိတဲ့ ယာမြေဧက (၂) သောင်းကျော်ကို တင်ဝင်းထွန်း ကုမ္ပဏီနဲ့ အတူ အခြားကုမဏီ(၃)ခုတို့က သိမ်းဆည်းခဲ့တာဖြစ်ပြီး၊ ဒီရေကန်တွေကို အဓိက သိမ်းဆည်းခဲ့တဲ့ တင်ဝင်းထွန်းကုမ္ပဏီက သူတို့ကုမ္ပဏီက စိုက်ပျိုးတဲ့ လယ်ယာမြေတွေအတွက် စုပ်ယူပြီး ရေသွင်းတာတွေ လုပ်ခဲ့လို့ မနှစ်က ဆောင်းရာသီမှာကတည်းက သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ မန္တလေး ကျောင်းသားသမဂ္ဂက ကိုစန်းလွင်နောင်က အခုလိုပြောပါတယ်။

“’ဒီနွေရာသီမရောက်ခင် အတိုင်းအတာမှာ တင်ဝင်းထွန်း ကုမ္ပဏီက သူနဲ့ပူးပေါင်းတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက နေပြီးတော့ ရွာမှာ လှောင်ထားတဲ့ ရေကန် (၄-၅) ကန်ရှိတယ်ဗျ။ အလျားပေ(၁၀၀) အနံပေ(၇၀)ရှိတဲ့ ရေကန်(၄)ကန်လောက် ကျနော်ခုနက တွေ့ခဲ့တယ်။ အဲဒီရေကန်ထဲက ရေတွေကို သူတို့အနေနဲ့ ရေစုပ်စက်တွေနဲ့ စုပ်ထုတ်တယ်။ ပြီးရင် ကားတွေပေါ်တင်တယ်။ ပြီးရင်အခု သူတို့ရဲ့ အခုလယ်ကွက်ထဲမှာဗျာ။ သူတို့ကိုစိုက်ခွင့် ပေးထားတာက သရက်ပင်တွေစိုက်တယ်။ အဲဒီသရက်ပင်တွေကို သူတို့ရေလောင်းတယ်။ ရေလောင်းတဲ့အခါမှာ ရွာသားတွေ သူသုံးရေသောက်ရေအတွက် လှောင်ထားတဲ့ ရေကန်ထဲကရေတွေ အကုန်လုံးကို သူတို့စုပ်ထုတ်ပြီးတော့မှ ယူပြီးတော့မှ အဲဒီအပင်တွေကို လိုက်ပြီးတော့မှ ရေလောင်းတယ်ဗျ။ အဲဒီရေအခက်အခဲကြောင့် အခုရွာမှာဆိုရင် ဌက်ဖျားရောဂါ တွေနဲ့ သေနေတဲ့ အရွယ်မတိုင်ခင် သေတဲ့သူတွေကို အများကြီးပဲ ကြုံတွေ့နေရတယ်ဗျ။”

တင်ဝင်းထွန်းကုမ္ပဏီက ဒေသခံတွေရဲ့ လယ်ယာမြေတွေ သိမ်းဆည်းခဲ့ပြီးတဲ့နောက် သီးနှံနဲ့ ယာမြေ လျှော်ကြေးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒေသခံတွေက လက်မခံခဲ့ဘူးလို့ သိရပါတယ်။
RFA-Burmese
ရေလှူသူများကို ဒေသခံအာဏာပိုင်များ မေးမြန်း နှောက်ယှက် ရေလှူသူများကို ဒေသခံအာဏာပိုင်များ မေးမြန်း နှောက်ယှက် Reviewed by သစ်ထူးလွင် on 02:55 Rating: 5

16 comments:

မန်းလေးသား said...

ငရဲကိုသွားဖို့ ဗီစာတင်နေသူများ ရဲထောက်လှမ်းရေး SB တွေနဲ့ ကနီ့မြို့နယ် ပေါက်အင်းတောင် ကအုပ်ချုပ်သူများပါ........ သူများကလှူတန်းတာကို ဘာကိစ္စမေးမြန်းရတာလဲ... နောက်ပြီး ကားသမားတွေကို အားမလိုအားမရဖြစ်မိပါတယ်.... ကြောက်တယ်ဆိုတော့ နိုင်ငံ့ရဲ့ အခြေနေ ဥပဒေကိုမသိဘူးထင်တယ်... ကိုမှန်တဲ့ကိစ္စကိုကြောက်စရာမလိုဘူးဆိုတာမသိသေးဘူး ထင်တယ်... ဒေသဆိုင်ရာအာဏာပိုင် တွေဆိုပြီး သုံးထားတယ်... အဲဒီအသုံးနှုန်းက စစ်အစိုးရကို ကိုယ်စားပြုတဲ့အသုံး စကားလုံးလေ... အခုဆက်ပြီးသုံးနေတယ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံကစစ်အစိုးရလက်အောက်ကနေ ရုန်းမထွက်နိုင်သေးဘူးလို့ဆိုရာ ရောက်ပါတယ်...

ချစ်ဖူး said...

ဘာတွေလဲကွာ။ သူများအလှူကို ပိတ်ပင်ကြတာ။

သကြားလုံး said...

တော်တော်လေးကို စိုးသွမ်းတဲ့ အစိုးရအာဏာပိုင်တွေပါလား ။ ကိုယ်ကလုပ်ပေးနိုင်တာမဟုတ်ဘဲနဲ့ လုပ်ပေးနိုင်တဲ့သူ က လုပ်ပေးနေတာကို နှောက်ယှက်တာကတော့ မကောင်းပါဘူး ။ ခုလို ဒီမိုကရေစီ စနစ်ကို ပြည်သူတွေအားလုံးက ၀ိုင်းဝန်း ဖော်ဆောင်နေချိန်မှာ ဒီအစိုးရအဖွဲ့ က ဘာကိုများဆန့်ကျင် နေချင်ကြတာလဲ ။ အလှူရှင်များ လဲ မိမိတို့ လုပ်ရမည့် အလုပ်များကို နောက်မဆုတ်တမ်းဆက် လုပ်စေချင်ပါ တယ် ။ သို့မဟုတ်ပါ က ရေဒုက်ခ သယ်တွေ ဒီထက် ပိုပြီး ဒုက်ခရောက်ကုန်ပါလိမ့်မယ် ။ အလှူရှင်များ အားလုံး သာဓု ၊ သာဓု ၊ သာဓု ခေါ်ပါတယ် ။ ပြည်သူလူထု တရပ်လုံး ကျန်းမာချမ်းသာကြပါစေ ။

innyatara said...

တကယ်တော့ ဒေသဆိုင်ရာအာဏာပိုင်တွေ ရဲတွေမှာ အထက်မှာ အုပ်စိုးထားတာ အသွင်ပြောင်းစစ်သားတွေအုပ်စိုးထားတာဖြစ်ပါတယ်။ အဲဒီ အုပ်ချုပ်သူတွေက ပြည်သူလူထုရဲ့အကျိုးကိုလုံးဝကြည့်ရှုခြင်းမရှိပါဘူး။ အောက်ခြေက ၀န်ထမ်းတွေကို ပြည်သူလူထုနဲ့ရန်တိုက်ပေးတယ်။ ပြီးရင် သူတို့မလုပ်ပါဘူးလို့ငြင်းတယ်။ နေရာတကာမှာ ဗြောင်ငြင်းတယ်။ ရေကိစ္စမှာ အဓိကတာဝန်ရှိတာက အစိုးရမှာ အဓိကတာဝန်ရှိပါတယ်။ အခုတော့ ငပိသည်က အိပ်နေ ဆားသည်က ခွေးမောင်းဆိုသလို တကယ် တာဝန်ရှိတဲ့သူက မလုပ်ဘူး မသိချင်ယောင်ဆောင်နေတယ်။ မနေနိုင်တဲ့သူ တွေက လိုက်လုပ်တော့ လည်း ခွေးဟောင်သလိုဝိုင်းဟောင်ကြတယ်။ ပြောတော့ ပြည်သူလူထုအကျိုးလုပ်မယ်ဆိုပြီး နိုင်ငံတကာနဲ့တွေ့တိုင်းပြော နေတာ လက်တွေ့ကြတော့ တစ်ခုမှ မလုပ်ဘူး မြန်မာပြည်အစိုးရ ရဲ့မူက စစ်သားဆိုရင် ယုံတယ် ကျန်တဲ့သူဆိုရင် နိုင်ငံေ၇းသမားဆိုပြီး မယုံဘူး။ ကုမ္ပဏီတွေ လယ်သိမ်းတာ မရပ်သေးဘူးလား။ ဒီအစိုးရရှိနေသရွေ့(စစ်သားများ)ဘယ်တော့မှ မရပ်ဘူး။ သူများပစ္စည်းအချောင်လိုချင်တယ်။ အံ့သြေစရာချည်းပဲ ကုမ္ပဏီတွေအာဏာရှိချက်ကတော့ ရဲတောင်သူတို့လောက် အာဏာမရှိဘူး။ ရဲတွေတောင် လယ်မသိမ်းရဲဘူး။ ကုမ္ပဏီတွေက သိမ်းတယ်။ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးလောက်ကို လုံးဝဂရုမစိုက်ဘူး၊ အနီးစပ်ဆုံး ဇေကမ္ဘာကုမ္ပဏီပေါ့။

001komgmg222@gmail.com said...

စစ်အာဏရှင်နဲပေါင်းပြီလုပ်ခဲ့တဲ့ခရိုနီတွေကိုသေသေချာချာစီစစ်ပြီ၊ပြည်သူများအတွက်ပြည်သူပိုင်သိမ်းပြီးပြည်သူအကျိုးပြုလုပ်ငန်းတွေမှာပြန်လည်အသုံးချသင့်ပါတယ်ခင်ဗျာ။

tapaungthi said...

အော် ကိုယ်လည်းမလှူ သူများလှူတော့လည်း လိုက်ပိတ်ပင်..
အိမ်ကတူမလေးပြောသလို ငရဲကို ဒုံးပျံနဲ့သွားမယ်သူတွေပါလား..။
ငရဲအိုးထဲမှာ ကြော်လှော်ခံနေရမှာ မြင်ယောင်မိပါသေးရဲ့ .။

mamamay said...

အလျှုလုပ်တာဘဲ...
ကန်.ကွက်စရာလား....

sainyi said...

တင်ဝင်းထွန်းကုမ်ပဏီဆိုတာ စစ်အစိုးလက်ထက်ကနှင့်အနောက်မြောက်တိုင်း
မှူးမှန်သမျှကို ခါးပိုက်ထဲတည့်ပြီးအခွင့်အေ၇းအားလုံးကို၇ယူခဲ့တဲ့သူပဲဖြစ်ပါတယ်
စစ်ကိုင်းတိုင်းအတွင်းက သစ်ရွှေ မြေ အားလုံးလုပ်ပိုင်ခွင့်တွေ၇ယူခဲ့သူပါ
လက်ရှိဝန်ကြီးချုပ်ဆိုတာကလဲ တစ်ချိန်က အနောက်မြောက်တိုင်းမှူးဖြစ်ခဲ့ဘူး
တယ် အဲချိန်တုန်းကလဲ သာအေးဟာ တင်ဝင်း၇ဲ့ ခါးပိုက်ထဲကိုေ၇ာက်ဖူးခဲ့ တယ်
သာအေးတိုင်းမှူးဘ၀မှာ အလောင်းတော်ကဿပတောကို ကြက်ဆူပင်စိုက်ပျိုး
ေ၇းကိုအကြောင်းပြပြီး တင်ဝင်းဟာရွှာသားတွေရဲ့ မြေတွေကို ဧက၇ာနှင့်ချီပြီး
သိမ်းယူထားခဲ့ တာပါ အထက်ကပြောသလိုစစ်တပ်နဲ့ ပေါင်းပြီး နိင်ငံပိုင်သယံဇာ
တတွေကို မတ၇ား၇ယူခဲ့တဲ့ ခရိုနီတွေကို ပြည်သူပိုင်သိမ်းသင့်တယ်

mad dog said...

ေ၇နစ်သေ၊ေ၇ယုန်ပေါက် ။ေ၇၀ဲစား ၊

a said...

သိန်းစိန်ရဲ့အပြောင်းအလဲကိုယုံကြည်သူများဒါတွေကိုဘယ်လိုလုပ်မလဲ။

Thit Ywet said...

သွားလှူတဲ့ အဖွဲ့ထဲမှာ ကျနော့်သူငယ်ချင်းတွေရောပါပါတယ် .. ကျနော်တောင် အခြေနေတစ်ခုကြောင့် လိုက်မသွားဖြစ်တာပါ .. လမ်းမှာ မေးတယ်မြန်းတယ်ဆိုတာကတော့ ဟုတ်ပါတယ် .. ခင်ဗျားတို့ ပြောသလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ .. သတင်းတော့ သတင်းပေါ့ ဒါပေမယ့် အပြုသဘောထက် အပျက်သဘောတွေ ဆောင်လာရင်တော့ မကောင်းဘူးထင်တယ် ..

koaungmtun said...

ကျေးဇူးပြုပြီးမဆိုင်တာတွေမပြာဘဲနဲ. လက်ရှိဘယ်လိုအဆင်ပြေမလဲဆိုတာ ကြိုးစားကြည်.ကြပါလား။အဲဒီရွာမှာ ရေစက်(အ၀ီစိတွင်း)တွေပျက်နေတာတွေရှိပါတယ်။တတ်နိုင်/လုပ်နိုင် တဲ.နည်းလမ်းတွေနဲ.ကြိုးစားကြပါလားဗျာ။

KN said...

တော်တော်ဆိုးတဲ့ကုမ္ပဏီပါလား။ လူတွေအရေးထက် သူတို့စီးပွားရေးကိုပဲ ကြည့်တယ်ပေါ့။ မင်းတို့ စီးပွားရေးဘယ်လောက်တည်မြဲမလဲကွာ..... အကုသိုလ် ကိုသာ စောင့်နေဟေ့ မဖိတ်ခေါ်ဘဲရလိမ့်မယ်...

ဖိုးဖိုးကြီး said...

ရေလှူတဲ့အကျိုး(၁၀)ပါးပြည့်တယ်။ ကုသိုလ်ဆိုတာ ယူနေသူတွေအတွက်
အင်မတန် မွန်မြတ်တဲ့ ရေအလှူပါ။ နိုင်ငံတော်အာဏာပိုင် လူကြီးမင်းတွေ
လည်း ရေ၀ိုင်းလှူပြီး-ရေကုသိုလ်ကို ၀ိုင်းဝန်းကူညီပေးကြပါ။

kiddykid said...

အကျင့်တွေကတော့...အရင်အတိုင်းပါပဲ...ဘယ်သောအခါမှလည်း
ပြောင်းလဲအုံးမှာမဟုတ်ဘူး။ ပြောစရာစကားမရှိတော့ပါဘူး။ သူတို့တွေက တသက်လုံးဒီလိုပဲ..အမြဲနေကြရမယ်ထင်နေပုံရတယ်..မမြဲချင်းဆိုတာကို..
မေ့ထားကြတယ်...ရွံဖို့ကောင်းလိုက်တာ......နောင်ဘ၀ကူးကြပါဘူး...

followerလေး said...

မလုပ်သင့်ပါဘူး။ကိုယ်ချင်းစာရင် ဒါမှမဟုတ် ငရဲကြောက်ရင်ပေါ့။

Powered by Blogger.