ဆိုင်ကယ်စီးကျွမ်းကျင်သော ဆိုင်ကယ်နှင့် အပိုပစ္စည်းခိုးသူကို မန်းလူထုကဆိုင်ကယ်များဖြင့် ပိတ်ဆို့ဖမ်းဆီး

ဧပြီ ၂၆၊ ၂၀၁၂ (YPI) - ကျော်သူရမျိုး

မန္တလေးမြို့တွင် အင်တာနက်ဆိုင်များကို အဓိကပစ်မှတ်ထား၍ ဆိုင်ကယ်နှင့်အပိုပစ္စည်းများ၊ ဆိုင်ကယ်စီးဦးထုပ်များကို ဂိုဏ်းဖွဲ့ခိုးယူသူများအနက်မှ တစ်ဦးဟုယူဆရသူကို ယနေ့ နေ့လည် ၁ နာရီခန့်က မြို့ခံများက၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။

၆၉ လမ်းနှင့် ၃၂ လမ်း ထောင့်ရှိ  24 Hour အင်တာနက်ဆိုင်ရှေ့တွင်ရပ်နားထားသည့် ဆိုင်ကယ်တစ်စီးမှ ဦးထုပ်ခိုးယူနေသည်ကို ဆိုင်ပိုင်ရှင်က CCTV မှတွေ့ရှိပြီး ဆိုင်ပြင်ထွက်ဖမ်းဆီးရန်ကြိုးပမ်းစဉ် ခိုးယူသူမှာ ဆိုင်ကယ်ကို တရကြမ်းမောင်းနှင်ထွက်ပြေးသွားခဲ့သည်။

“သူခိုးက ဆိုင်ရှေ့ရောက်လာပြီး (သူ့)ဆိုင်ကယ်စက်နှိုးထားလျက်နဲ့ ဆင်းပြီးတော့ မယောင်မလည်နဲ့ ဦးထုပ်ချိတ်ထားတဲ့ ဆိုင်ကယ်နားကပ်သွားပြီးတော့ ဆိုင်ကယ်ဦးထုပ်ကိုယူပြီး ဆိုင်ကယ်ကိုမောင်းပြီးထွက်ပြေး သွားတယ်”ဟု အင်တာနက်ဆိုင်ပိုင်ရှင် ဦးမြတ်မင်းကပြောသည်။

ဆိုင်ပိုင်ရှင်က ဘေးပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းသောကြောင့် အနီးအနားရှိလူများက ဆိုင်ကယ်များ၊ ကားများဖြင့် လိုက်လံဖမ်းဆီးရာ ခိုးယူသွားသူမှာ အတော်ကြာသည်အထိ မန္တလေးမြို့တွင်းလမ်းများတွင် နိုင်ငံခြားရုပ်ရှင်ဆန်ဆန် ရှောင်တိမ်းမောင်းနှင်နိုင်ခဲ့သော်လည်း မန္တလေးဆေးတက္ကသိုနှင့် လမ်း ၃၀ ထောင့်အရောက်တွင် ဆိုင်ကယ်အစီး ၂၀ ခန့်ဖြင့် ၀ိုင်းဝန်းပိတ်ဆို့ဖမ်းမိခဲ့သည်။

“သူခိုးက မန္တလေးမြို့လမ်းတွေကို ကျွမ်းကျွမ်းကျင်ကျင်ရှိပုံရတယ်။ တာဝန်သိပြည်သူတွေက ၀ိုင်းပြီးပိတ်ဖမ်း လို့သာမိတာ။ နို့မို့ရင်မိဖို့မလွယ်ဘူး” ဟု လိုက်လံဖမ်းဆီးပေးသည့် မြို့ခံတစ်ဦးကပြောသည်။

 
ရဲတပ်ဖွဲ့နယ်ထိန်းများက ခိုးသူအား ဖမ်းဆီးခေါ်ဆောင်သွားစဉ်

ဖမ်းဆီးရမိချိန်တွင် ၎င်း၏ဆိုင်ကယ်ပေါ်တွင် အခြားမှခိုးယူခဲ့သည်ဟု ယူဆရသော အကောင်းစား အဖြူရောင်ဆင်တူ ဆိုင်ကယ်ဦးထုပ်နှစ်လုံးကိုတွေ့ရှိခဲ့သည်။

“ဖမ်းမိတဲ့ သူခိုးစီးလာတဲ့ဆိုင်ကယ်က ပုံဖျက်ထားတာ။ ဆိုင်ကယ်နံပါတ်တွေကိုမှားအောင် အက္ခရာတွေကို တိတ်နဲ့ဖုံးထားတယ်။အဲဒီတော့ ခိုးတဲ့လူရဲ့ ဆိုင်ကယ်ကို နံပါတ်မှတ်မိရင်တောင် ဖမ်းမိဖို့မလွယ်ဘူး။ ပြီးတော့ အခြားနံပါတ်တွေကိုပါ ဖုံးဖို့ တိတ်ကအဆင်သင့် ပါလာတယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ စခန်းမှူးတစ်ဦးကပြောသည်။

ခိုးယူသူအများစုမှာ ခိုးယူရန်လွယ်ကူလျှင် ဆိုင်ကယ်များခိုးယူပြီး မလွယ်ကူပါက ဆိုင်ကယ်အပိုပစ္စည်းနှင့် ဦးထုပ်များခိုးယူလေ့ရှိကြောင်း ၎င်းစခန်းမှူးက ရှင်းပြသည်။ ယခုခိုးယူစီးနင်းလာသောဆိုင်ကယ်ကိုလည်း ၎င်းဆိုင်ကယ်ဟုတ်မဟုတ် က.ည.န တွင် စစ်ဆေးသွားမည်ဟုဆိုသည်။

မန္တလေးရှိဆိုင်ကယ်နှင့် အပိုပစ္စည်းများကို ခိုးယူသူများသည် လုံခြုံရေးကင်မရာအားနည်းသည့် အင်တာနက် ဆိုင်များ၊ ဂိမ်းဆိုင်များကို အဓိကပစ်မှတ်ထား၍ ခိုးယူလျှက်ရှိကြောင်းနှင့် ဆိုင်ကယ်နှင့်အပိုပစ္စည်းများပျောက်ဆုံးမှု အများစုသည်  အင်တာနက်ဆိုင်ရှေ့များတွင် ရပ်နားထားရာမှ ပျောက်ဆုံးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိများကပြောသည်။

ယခုလအတွင်း မန္တလေးမြို့ပေါ်ရှိ အင်တာနက်ဆိုင်များရှေ့တွင်ရပ်ထားသော ဆိုက်ကယ်ပျောက်မှု ငါးမှုခန့်တိုင်တန်းထားသော်လည်း ဆိုက်ကယ်အပိုပစ္စည်းနှင့် ဦးထုပ်များမှာ ကျပ်သောင်းဂဏန်းသာရှိသောကြောင့် အများစုကအမှုမဖွင့်ကြပေ။ ထို့ကြောင့် ခိုးယူသူများမှာ ပိုမိုအတင့်ရဲလာပြီး အုပ်စုဖွဲ့ကာ ရဲရဲတင်းတင်းခိုးယူလာခြင်းဖြစ်ကြောင်း ရဲအရာရှိများက မှတ်ချက်ပြုသည်။
 ယခုဖြစ်စဉ်မတိုင်မီလေးရက်ကလည်း ယခုအခင်းဖြစ်ပွားရာ အင်တာနက်ဆိုင်ရှေ့တွင် ရပ်နားထားသော ဆိုင်ကလုန်း အမျိုးအစား ဆိုင်ကယ်တစ်စီးပျောက်ဆုံးခဲ့ခြင်းကြောင့် ဆိုင်ပိုင်ရှင်များအနေဖြင့် ပိုမိုအားကောင်းသော လုံခြုံရေးကင်မရာ CCTV ကို တပ်ဆင်၍ ခိုးယူသူအား ဖမ်းဆီးရန်စောင့်ဆိုင်းချိန်တွင် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဖမ်းဆီးရရှိသော ခိုးသူ၏ အပေါင်းအပါ လုပ်ဖော်ကိုင်ဖက်စသည့် အခြားဆိုင်ကယ်ခိုးမှုများနှင့် ဆက်စပ်သော ကွင်းဆက်များကို ဖော်ထုတ်နိုင်ရန်အတွက် မန္တလေးခရိုင် အမှတ်(၃)ရဲစခန်းတွင် စစ်ဆေးလျှက်ရှိသည်။

ယခင်နှစ်အတွင်း အင်တာနက်ဆိုင်များနှင့် ဂိမ်းဆိုင်များတွင် ဆိုင်ကယ်ပျောက်ရှမှု များပြားခဲ့ခြင်းကြောင့် ယခုနှစ်ဆန်းပိုင်း မှုခင်းကျဆင်းရေးပညာပေးကာလအတွင်း မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့အသီးသီးကအဆိုပါဆိုင်များကို အဓိကထား၍ ပညာပေး လက်ကမ်းစာစောင်ဝေငှခဲ့သည်ဟုဆိုသည်။           ။
  Yangon Press International
ဆိုင်ကယ်စီးကျွမ်းကျင်သော ဆိုင်ကယ်နှင့် အပိုပစ္စည်းခိုးသူကို မန်းလူထုကဆိုင်ကယ်များဖြင့် ပိတ်ဆို့ဖမ်းဆီး ဆိုင်ကယ်စီးကျွမ်းကျင်သော ဆိုင်ကယ်နှင့် အပိုပစ္စည်းခိုးသူကို မန်းလူထုကဆိုင်ကယ်များဖြင့် ပိတ်ဆို့ဖမ်းဆီး Reviewed by သစ်ထူးလွင် on 08:28 Rating: 5

6 comments:

NewGနတ်ရှင်နောင် said...

ကိုယ်ထူကိုယ်ထ ဖမ်းတာသေချာတာပေါ့။ နောက်လဲ အဲ့လိုပဲ လုပ်ရမှာပဲ။ ရဲတွေ ဘာတွေလုပ်နေလည်း မသိဘူး။ ပြည်သူတွေ သူတို့ကို လခပေးထားတာ အလကားပဲ။

htay said...

ကျွန်တော်တို့မူဆယ်မှာတော့ ဦးထုပ် မခိုးဘူးဗျ၊ ဆိုင်ကယ်ကတော့ နေ့တိုင်းမပျောက်တဲ့နေ့မရှိသလောက်ပါပဲ၊ ပျောက်သွားတဲ့ဆိုင်ကယ်ဆိုရင် ပြန်ရတယ်ဆိုတာ မရှိသလောက်ပါ။၊ ဆိုင်ကယ်ပျောက်လို့ရဲစခန်းသွားတိုင်လဲ အပိုပါပဲ၊ ရဲစခန်းသွားပြီးအမှုဖွင့်ရင် ပိုက်ဆံပေးရတယ်လေ၊ အဲ့ဒါကြောင့်ဘယ်သူမှလဲမတိုင်ကြပါဘူး၊ တိုင်လဲ တခါမှပြန်မရပါဘူး။

မောင်ဆင်ကြီး said...

အင်တာနက်ဆိုင်မှ မဟုတ်ပါဘူးဗျာ လက်ဖက်ရည်ဆိုင်တို့မှာ လဲ ဖြစ်လေ့ဖြစ်ထ ရှိကြပါတယ် .... စာရွက် ကြီး နဲ့"သတိ ဆိုင်ကယ်သူခိုး ရှိသည်" လို့ ရေးရေးထားတာတွေ့ရတယ် ခင်ဗျ .... ဒါက ဘယ်သူ့မှာ တာဝန် ရှိလဲ .............. တကယ်ရုျ ပျောက်သွားတဲ့ ဆိုင်ကယ် ကို ရဲစခန်းမှာ အမှုဖွင့် ရင်လဲ တစ်ခါမှ ပြန်ရတယ် ဆိုတာ မျိုး မကြားဖူးသေးပါ.....ရဲစခန်း ကတော့ ညီလေး တို့က ကံဆိုးတာကိုး .....နောင် သတိနဲ့နေကြ လို့ ပြောပြောလွှတ်လိုက်တာချည်း ပဲကြုံ ကြုံနေ ရပါတယ် .......ဒါမျိုးတွေ ကော ဘယ်တော့ ပပျောက် မှာလဲ .......တ၇ား ဥပဒေ စိုးမိုးရေး ဆိုတာ ဘာလဲ လို့မေးခွန်း ထုတ်ရမလိုဖြစ်ပြီ...........

Unknown said...

လောင်းကစား ၀ိုင်းတွေပိုများလာသာကြောင့်လဲလည်း ဖြစ်နိုင် တယ် အချို့ မြို့များတွင် အကြွေးစေ့ဖြင့် ကစားရသော ဆိုင်များပေါ်ပေါက် လာခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ် ...နောက် ပြီး လူ ငယ်များ မှာအကြွေးစေ့ ဖိုးမရှိရင် အိမ်က ခိုးမယ်....နောက်ပြီးပတ်ဝန်းကျင် တွင်အကျင့်ပျက်လာပြီး ရတာကို ခိုးယူ မည်ဖြစ်။အကြွေး စေ့ဝိုင်း တွေက နေရာတကာမှာ တရားဝင် လုပ်ပိုင်ခွင့်ပေးသလိုလုပ်ဆောင်လျက်ရှိပါသည်။

မျိုးချစ်ဗမာ said...

အောင်မလေး သခိုးမမိပဲ ရဲစခန်းသွားမတိုင်လေနဲ့ ဆီကုန် လူပန်းတာပဲအဖတ်တင်မယ် အေးမိလို့များ သွားမရိုက်လေနဲ့ သခိုးဘက်ကနေ မင်းတို့ကိုတောင်ပြန်တရားစွဲအုံးမှာ သိတယ်မို့လား သူတို့က

Topsidon21 said...

အမြိြို့မု့အနယ်နယ်က သူခိုးဆိုတာ ပုလိပ်နယ်ထိန်းတွေရဲ့လက်ပါးစေတပည့်သားမွေးများသာဖြစ်ပါတယ်။
ဝေစားမျှစားနေကြတာပါ..

Powered by Blogger.