NLD မဲဆွယ်နေသည့် နေရာကို ကြံ့ဖွံ့က ရှို့မီးနဲ့ ပွဲလန့်

By  ဇာဏီ၊ မတ်လ ၂၁ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊  ရေဦး၊ တန့်ဆည်) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ရှိ နဂါးပေါ်ကျေးရွာသို့  မဲဆွယ်စည်းရုံးရေးဆင်းရာမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံနှောင့်ယှက်ခဲ့သည်ဟု သတင်းရရှိပါသည်။

မတ်လ (၁၉) ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်ခန့်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ  လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် နဂါးပေါ်ကျေးရွာမှ ရွာသူ၊ ရွာသားများအား စည်းရုံးရေး ဟောပြောပွဲ အပြီး ကျေးရွာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင်တယောက်က ဟောပြောပွဲ ပြုလုပ်တဲ့နေအိမ်ရှိ ကောက်ရိုးပုံကို  မီးရှို့လိုက်ပြီး မီးလောင်နေပါတယ်ဟု အော်ကာ ပွဲလှန့်လိုက်သည့်အတွက် ရွာသူရွာသားများ မီးလောင်နေသည့် နေရာသို့ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါသည်။

နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးက အဆိုပါမီးလောင်မှုဟာ  NLD အဖွဲ့ဝင်တွေက ပစ်လိုက်သည့် ဆေးလိပ်မီးကြောင့် အခုလိုလောင်တာဖြစ်ပြီး အိမ်ရှင်ကို မီး ပေါ့ဆမှုနဲ့ ဒဏ်ရိုက်ရမည်ဟုပြောပါသည်။ တကယ် ကောက်ရိုးပုံကို မီးရှို့လိုက်သည့်လူကို ရပ်ရွာလူတွေက ဝိုင်းဖမ်းဆီးသည့်အခါမှာ အဆိုပါပုဂ္ဂိုလ်မှာ ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်လဲဖြစ်  ကြံ့ခိုင်ရေးပါတီဝင် တဦးလည်း  ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဒါဟာ မဲဆွယ်စည်းရုံးမှု ဟောပြောပွဲပျက်အောင် တမင်တကာ ရှို့သည့်မီး ဖြစ်ခြင်းကြောင်း အဆိုပါ ကြံ့ခိုင်ရေးပါတီဝင်ကိုသာ ဖမ်းဆီးရမည် ဖြစ်ကြောင်း တောင်းဆိုသည့်အတွက် အဲဒီပုဂ္ဂိုလ်အား ဖမ်းဆိးလိုက်သော်လည်း  အချိန်အနည်းငယ်အတွင်း အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊  ရေဦး၊ တန့်ဆည်) မှာ မဲပေးခွင့်ရှိသည့် မဲစာရင်းများအတွင်း သေဆုံးပြီး လူနာမည်များ ပါဝင်နေခြင်း၊ အသက်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် လူနာမည်များ  အများအပြား ကျန်ရစ်ခဲ့သည်ဟု NLD စည်းရုံးရေးအဖွဲ့ဝင် တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

NLD စည်းရုံးရေးအဖွဲ့ဝင်တဦးက “ ကြံ့ခိုင်ရေးနှင့် ပြည့်ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းက ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျေးရွာက ပြည်သူတွေက သူတို့ရဲ့ ဟောပြောပွဲတက်ရောက်အောင် လိုက်လံတိုက်တွန်းနှိုးဆော်ခိုင်းတာမျိုး ၊ ဟောပြောပွဲ ကျင်းပမည့် နေရာကို စီစဉ်ခိုင်းတာမျိုး ကျနော်တို့ တွေ့နေရတယ်။ နောက်ပြီးတော့ ကျေးရွာတိုင်းမှာ ကြံ့ခိုင်ရေးက သတင်းပေး ဆိုတဲ့ ကတ်ပြားတွေ ထုတ်ပေးထားတာကို တွေ့ရတယ်။ သတင်းပေးတွေကပဲ ကျနော်တို့ စည်းရုံးရေး ဆင်းတဲ့အခါမှာ လိုက်လံ နှောက်ယှက်တာတွေ ကြုံတွေ့နေရတယ် လို့ ပြောကြားခဲ့ပါသည်။

(ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) အမျိုးသားလွှတ်တော် အမှတ်(၃)မဲဆန္ဒနယ် နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတင်မောင်ဝင်း နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးတိုးမြင့်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။
ဘားမားဗီဂျေ

NLD မဲဆွယ်နေသည့် နေရာကို ကြံ့ဖွံ့က ရှို့မီးနဲ့ ပွဲလန့် NLD မဲဆွယ်နေသည့် နေရာကို ကြံ့ဖွံ့က ရှို့မီးနဲ့ ပွဲလန့် Reviewed by သစ်ထူးလွင် on 14:29 Rating: 5

14 comments:

Aung Soe Oo said...

ကျွန်တော်တို့တိုင်းပြည်မှအခုအချိန်ထိသန်းခေါင်စာရင်းကိုမှန်ကန်အောင်ကောက်ယူနိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးဋ္ဌာန မရှိကြသေးဘဲ လာဒ်စားချင်တဲ့ လ၀က အဖွဲ့အစည်းဘဲရှိနေတာကတော့တကယ့်ကိုရင်လေးစရာကောင်းတဲ့တိုင်းပြည်ဖြစ်နေပြီ နိုင်ငံတော်သမ္မတကြီးခင်ဗျား......

ကြယ်ပြာ said...

ရွေးကောက်ပွဲကလဲ နီးလာပြီး ... ဒီ အလိမ်၊ အခိုး မသမာတာတွေကလဲ ရီပို့သာလုပ်တယ် ဘာမှလဲ အရေးယူမခံရဘူး ... သူတို့ကလဲ ဆက်လုပ်နေတာပဲ ... တနေ့လည်းမဟုတ် နှစ်နေ့လည်းမဟုတ်၊ တနေရာလည်းမဟုတ် နှစ်နေရာလည်းမဟုတ်။ ဒီလိုလူယုတ်မာနည်းတွေနဲ့ဆို NLD နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ ပြီးသွားမှ မဲခိုးလို့ မနိုင်တာပါဆိုရင်တော့ ဘာမှလုပ်မရတော့ဘူး။ သမ္မတကြီးရေ .. တိကျတဲ့ညွှန်ကြားချက်မပေးနိုင်တာလား ... သမ္မတကြီးပြောတာကို ဖွတ်တွေက အတိအကျမလိုက်နာကြတာလား .... Someone above the law ကို မထိန်းနိုင်တော့ဘူးလားရှင်။

amtkhunlay said...

နောက်ဆုံးမို့ ပြောရအုံးမယ် ဘယ်သူ့အတွက် ရှို့တာလဲ။
ကောက်ရိုးမီးပုံရယ်။

thethnin said...

ကြံ့ဖွတ် သတင်းကောင်းလေး သေရင်တောင် ဖတ်ရမယ် မထင်ဘူး
လူယုတ်မာ အဖွဲ့အစည်းကို ဖြစ်နေပါရောလား

ဘုတလင်သားလေး said...

အော် သူငယ်ချင်းတို့ရေ သမတကြီးကတော့ လွှတ်တော်စင်မြင့်ပေါ်ကနေ လိပ်ခေါင်းထွက်အောင်အော်အော်နေတာပဲ clean gov...နောက်ပြီး ဦးတင်အေးလဲ ရွေးကောက်ပွဲ တရားမျှတရပါ့မယ်လို့အော်အော်နေတာ ခုတော့ လိပ်ခေါင်းထွက်လို့မအော်နိုင်တော့ဘူးလေ ဘယ်အော်ရဲ့ပါ့တော့မလဲ သူ့ပါတီတစ်ခုတည်းသာ မကောင်းတာမှန်သမျှအကုန်လုပ်နေတာကိုး ....သမတကြီးလဲ သနားပါတယ် ပါဝါသာရှိပြီး အာဏာမရှိရှာဘူး သူ့ပါတီကို နိုင်အောင်မထိမ်းနိုင်ဘူး...ရင်လေးတယ် ငါတို့တိုင်းသူပြည်သားတွေရဲ့ဘ၀တွေ...အမေစု > ကြံ့ဖွတ်တစ်ပါတီလုံး

တို့ခေတ် said...

ဟားဟား ယုတ်မာ ပတ်စက် တဲ့ လူတွေနဲ့ ဖွဲ့စည်းထားတာပဲ ဒါလောက် တော့ ရှိမှာပေါ့ ။ အော် ဖွတ်တွေ ဖွတ်တွေ။

ilovetruth said...

ပုသိမ်ဘက်မှာလည်း တစ်ချို့ရွာတွေမှာ ကြိုတင်မဲကောက်ယူတာတွေရှိတယ် အဲ့ဒီအဖွဲ့ မှာက အုပ်ချုပ်ရေးမှူး၊ မီးသတ်၊ကြက်ခြေနီ၊ရဲတို့တွေပါဝင်ပြီးကြိုတင်မဲကောက်တော့ ပြည်ခိုင်ဖြိုးကိုမထည့်ရင် ခင်ဗျားကောင်းကောင်းနေရမှာမဟုတ်ဘူးလို့ ပြောတယ်။ ရွာနာမည်ကိုတော့ မပြောတော့ပါဘူး။ အဲ့ဒီရွာကိုရောက်လို့ ရွာမှာနေမကောင်းဘဲ အပြင်မထွက်နိုင်တဲ့လူကိုမေးတော့ ကြောက်ကြောက်နဲ့ပြောပြနေတာ။ ဒါတွေကမဖြစ်သင့်တော့ဘူးထင်တယ်

myolwin said...

အော်ဖွတ်ဆိုမှတော့..လူမှမဟုတ်တာပဲဗျာ..

ဖိုးတုတ် said...

မင်းတို့ကတော့ အကျင့်ကို မပျောက်သေးဘူး သောက်ချိုး ဘယ်တော့ပြင်မလဲမသိဘူး

တန့်ဆည်သား said...

တင်မောင်ဝင်းတို့ကတော့လုပ်လိုက်ပြန်ပီနော်။ဒီလူ ဘယ်ကများသင်ထားတာလဲမသိဘူး...သူတို့ပါတီကများသင်တန်းများပေးထားတာလား။အင်း ..ဒီလူများ အမတ်ဖြစ်လို့ကတော့မတွေးဝံ့အောင်ပဲနော်

nwenwe said...

သတိတော့ ထားရမယ်နော်..........တော်ကြာ မဲနိုင်သွားခဲ့ရင်တရွာလုံးကို မီး မရှို့ ပါဘူးလို့ မပြောနိုင်ဘူး .သွားသတိ စားသတိ လာသတိ နေသတိနဲ့ နေကြပါလို့  ...............

phyu hninhtwe said...

အဲလိုလုပ်တာတော.မကောင်းဘူးပေါ. ။ ဘာပဲဖြစ်ဖြစ် ဒီကြားဖြတ်ရွေးကောက်ပွဲက စစ်မှန်တဲ.ရွေးကောက်ပွဲဖြစ်လာပါ.မလားစိုးရိမ်ပါတယ် ။

shwe ku said...

အရမ်းလည်းဝေဖန်မနေကျနဲ့အုံးနော် စစ်ခွေးတွေက မသမှာလိမ်ညာမှု့တွေ ဧပြီ(1) ရက်နေ့မှာ မဲနိုင်ခဲ့ရင်တော့ မင်းတို့ငါတို့ရဲ့နိုင်ငံကြီးက ဖာနိုင်ငံဖြစ်ပြီလို့သာမှတ်ပေတော့

အတာ said...

မီးသတ်က မီးမသတ်ဘဲ မီးရှို့တာ ငါတို့ တစ်နိုင်ငံပဲ ရှိမယ် ထင်တယ်... ဒါတို့ပြည် ဒါတို့မြေ ဒို့မပိုင်တဲ့မြေ

Powered by Blogger.