ပထမဆုံး အလုပ်သမားသမဂ္ဂ အဖြစ် တိုင်ရီ စက်ရုံ အလုပ်သမားများ မှတ်ပုံတင်မည်

မတ်၊ ၂၀ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI)

လုပ်ခလစာ မကျေနပ်မှုကြောင့် တစ်လ ကျော်ကြာဆန္ဒပြခဲ့သော လှိုင်သာယာမြို့နယ် တိုင်ရီ ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများ စုဖွဲ့ထားသည့် တိုင်ရီအလုပ်သမားသမဂ္ဂကို လာမည့် ဗုဒ္ဒဟူးနေ့တွင် မှတ်ပုံတင်မည်ဖြစ်ရာ ပထမဆုံး မှတ်ပုံတင်သည့် အလုပ်သမားသမဂ္ဂဖြစ်လာမည်ဖြစ်သည်။

၂၀၁၁ အလုပ်သမားအဖွဲ့အစည်းဥပဒေ အတည်ပြုပြီး ယခင်သီတင်းပတ်က နည်းဥပဒေထပ်မံ ထွက်ရှိလာသည့်နောက်တိုင်ရီ အလုပ်သမား သမဂ္ဂသည် မြန်မာနိုင်ငံ၏ ပထမဆုံး အလုပ်သမားသမဂ္ဂဖြစ်လာမည်ဖြစ်သည်။

တိုင်ရီအလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည့် မမိုးဝေက  သမဂ္ဂဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့်ပတ်သတ်၍ “ တိုင်ရီစက်ရုံက အလုပ်သမားတွေတင်မကဘဲ အလုပ်သမားထုတစ်ရပ်လုံးရဲ့ အခွင့်အရေးကိုတောင်းဆိုနိုင်အောင်လို့ သမဂ္ဂဖွဲ့စည်းတာပါ” ဟုပြောသည်။

လှိုင်သာယာ တိုင်ရီ အလုပ်သမား သမဂ္ဂ အမှုဆောင်အဖွဲ့ (ယာယီ) (၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၇ ရက် )

အလုပ်သမား သမဂ္ဂဖွဲ့စည်း မှတ်ပုံတင်ရေးတွက် ဥပဒေရေးရာ ကူညီလျှက်ရှိသူ ရှေ့နေ ဦးဖိုးဖြူက “ သမဂ္ဂ၀င်မယ့်အင်အားထပ်တိုးလာတဲ့အတွက်မှတ်ပုံတင်မယ့်ရက်ကို ရွှေ့လိုက်တာပါ။ ဗုဒ္ဒဟူးနေ့ ကို မှတ်ပုံတင်ဖြစ်မယ် ” ဟုပြောသည်။

ယခင်က တိုင်ရီအလုပ်သမားသမဂ္ဂကို ၁၄၃၈ ဦးဖြင့်ဖွဲ့စည်းရန် စီစဉ်သော်လည်း ယခုအခါ ၁၄၇၀ ဦးသို့ တိုးမြင့်လာခဲ့သည်။

အလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ဒေါ်အိရွှေစင်က အလုပ်သမားသမဂ္ဂများကို ထူထောင်ရာတွင် သမဂ္ဂလေးများအဖြစ် သီးခြားစီဖွဲ့စည်းမည့်အစား တူရာတူရာ စုပေါင်းပြီး သမဂ္ဂကြီးများအဖြစ် ဖွဲ့စည်းသင့်ကြောင်း YPI သို့ပြောသည်။

ရှေ့နေဦးဖိုးဖြူကမူ “ အလုပ်သမားသမဂ္ဂတွေများလေ ကောင်းလေပဲ။ ဥပဒေအရဆိုရင် မြို့နယ်၊ တိုင်း စတဲ့ သမဂ္ဂတွေဖွဲ့နိုင်ဖို့အတွက် သမဂ္ဂတွေများများရှိဖို့လိုတယ်။ မဟုတ်ရင် အုပ်စုတစ်ခုရဲ့ သြဇာခံ အလုပ်သမား သမဂ္ဂတွေက ကြီးစိုးလာနိုင်တယ်။” ဟုပြောသည်။

၂၀၁၁ အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေအရ အခြေခံအလုပ်သမားအဖွဲ့အစည်းကို အလုပ်သမား အနည်းဆုံးဦးရေ ၃၀ ဦးဖြင့်ဖွဲ့စည်းနိုင်ပြီး မြို့နယ်အလုပ်သမားအဖွဲ့အစည်းကိုမူ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ  အလုပ်သမားအဖွဲ့အစည်းစုစုပေါင်း၏  အနည်းဆုံး ဆယ်ရာခိုင်နှုန်းကထောက်ခံပါက ဖွဲ့စည်းနိုင်သည် ဟုပြဋ္ဌာန်းထားသည်။

အလုပ်သမားအဖွဲ့ချုပ်များကိုလည်း လုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် ဖွဲ့စည်းထားသော တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့စုစုပေါင်း၏ အနည်းဆုံးဆယ်ရာခိုင်နှုန်းက ထောက်ခံပါက ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကိုလည်း လုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့ချုပ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက အနည်းဆုံးသဘောတူလျှင် ဖွဲ့စည်းနိုင်သည်။

၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် နည်းဥပဒေများသည် ယခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် ဥပဒေအဖြစ် စတင် အာဏာတည်ခဲ့သည်။ ယင်းဥပဒေတွင် လိုအပ်ချက်များ ရှိနေသေးကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်ပြောကြားလျှက်ရှိသည်။      ။
ပထမဆုံး အလုပ်သမားသမဂ္ဂ အဖြစ် တိုင်ရီ စက်ရုံ အလုပ်သမားများ မှတ်ပုံတင်မည် ပထမဆုံး အလုပ်သမားသမဂ္ဂ အဖြစ် တိုင်ရီ စက်ရုံ အလုပ်သမားများ မှတ်ပုံတင်မည် Reviewed by သစ်ထူးလွင် on 05:39 Rating: 5

1 comment:

ကျော်ထိုက် said...

ကိုဖိုးဖြူ ပြောတာမှန်ပါတယ်ခင်ဗျာ...အလုပ်သမားသမဂ တွေကို အများကြီး ဖွဲ့တာကောင်းပါတယ်..ဒါမှ တခုမဟုတ် တခု ကို ပြသာနာ တက်လာရင် တိုင်လို့ကောင်းတာပေါ့...ကျွန်တော်တို့ လုပ်နေတဲ့ ကို၇ီးယားမှာ ဆို၇င် အလုပ်သမား အရေးဖြေ၇ှင်း ပေးတဲ့ အဖွဲ့အစည်း တွေအများကြီးပါ.....လုံးဝအားပေးပါတယ်ခင်ဗျာ...

Powered by Blogger.