လစာတိုးရန်ပြောသည့်ကိစ္စသည် ပါတီအတွက် မဲဆွယ်ခြင်း မဟုတ်ကြောင်း သူရဦးရွှေမန်းပြောကြား


ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းများ နယ်ပယ်အသီးသီးမှ ပညာရှင်များ မီဒီယာသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းရှိ လွှတ်တော်အဆောက်အအုံတွင် ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှပညာရှင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းရခြင်းမှာ - နိုင်ငံနှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းသည့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ပြည်သူများထံမှ အခက်အခဲများကို ယခုကော်မ ရှင်မှတဆင့် ကူညီဖြေရှင်းပေးနိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဆွေနှင့် ဦးဋ္ဌေးမြင့် အပါအ၀င်အဖွဲ့ဝင် စုစုပေါင်း (၄၆)ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များအနေဖြင့် ဥပဒေရေးရာ ကိစ္စရပ်များအပါအ၀င် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ အကြံဥာဏ်များပေးလိုပါက ယခုကော်မရှင်မှ တဆင့်လွှတ်တော်သို့ ဝေဖန်အကြံပြုနိုင်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ၌ အဓိကအားဖြင့် ဆွေးနွေးရာတွင် ၀န်ထမ်းများ၏ လစာစရိတ်များတိုးမြှင့်ပေးပါက ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု ငွေကြေး၏ဖောင်းပွမှုများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးများကို ဖော်ဆောင်ရာတွင် ဥပဒေပြုရေးမဏ္ဍိုင်မှ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ပွင့်လင်းမြင်သာစွာဖြင့် ပကတိအရှိတရားအတိုင်း ပါဝင်ဆွေးနွေးနိုင်ပြီး အချိန်ကန့်သတ်ချက်ရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကော်မရှင်သို့ စာဖြင့်ဆွေးနွေးအကြံပြုနိုင်ကြောင်း ၊အပြုသဘောဆွေးနွေးခြင်း မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
လွှတ်တော်တွင် ၄င်းပြောကြားခဲ့သော စကားများနှင့်ပတ်သက်၍ သတင်းစာများတွင် ဖော်ပြရာ၌ ပြည့် ပြည့်စုံစုံမဟုတ်ဘဲ ဖြတ်တောက်ထားသည်ကို တွေ့ရပါကြောင်း၊ မိမိပြောကြားချက်များအား အပြည့်အစုံဖော်ပြပါက မိမိအားထိခိုက်နိုင်သည်ဟု ယူဆပြီး ဖြတ်တောက်ထားခြင်းမျိုးဆိုသည်လား မသိကြောင်း၊  ၀န်ထမ်းများ လစာတိုးရန်ပြောသည့် ကိစ္စတွင် မိမိအားအကောင်းဘက်မှ ပြောကြားသူများရှိသကဲ့သို့ ဝေဖန်သည့်ဘက်မှ ပြောကြားသူများလည်းရှိကြောင်း၊ ယခုအချိန်၌ ဒီမိုကရေစီစနစ်ကို သွားနေပြီဖြစ်၍ ဆွေးနွေးအကြံပေးရာတွင်လည်း ယခင်ကကဲ့သို့ အကြောက်တရားမရှိဘဲ သတ္တိရှိရှိ ပါဝင်ဆွေးနွေးနိုင်ကြောင်း၊ ၀န်ထမ်းများ လစာတိုးသည့်ကိစ္စနှင့်ပတ် သက်၍လည်း မိမိအနေဖြင့် အလျော့ပေးသွားမည်မဟုတ်ပဲ ၀န်ထမ်းများ လစာတိုးမြှင့်ရရှိသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လစာတိုးမြှင့်လိုက်ပါက ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ကိုလည်း ဖြေရှင်းရန် စဉ်းစားသွားရမည်ဖြစ်ကြောင်း  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ၀န်ထမ်းများလစာတိုးရန်နှင့်ပတ်သက်၍ လွှတ်တော်တွင်ဆွေးနွေး ပြောကြားခဲ့ခြင်းအပေါ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား မဲဆွယ်စည်းရုံးခြင်း မျိုးလားဟု ပြည်သူများအကြား၌ ပြောကြားမှုအချို့ ရှိနေခြင်းအပေါ် ဥက္ကဋ္ဌကြီး၏ အမြင်အားသိရှိလိုပါကြောင်း သတင်းသမားတစ်ဦးကမေးမြန်းခဲ့ရာ ''၀န်ထမ်းတွေ လစာတိုးပေးဖို့ ပြောကြားခဲ့တာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးတာ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

''ကျွန်တော် ပြည်သူ့ခေတ်ဂျာနယ်က အယ်ဒီတာဖေမြင့်ပါ ခင်ဗျာ့  ကျွန်တော်တို့နားထောင်နေရင်းနဲ့ ဥက္ကဋ္ဌကြီးပြောတဲ့အထဲမှာ ပါလာတဲ့ အချက်တစ်ခုကြောင့် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဥက္ကဋ္ဌကြီးပြောသွားတဲ့မိန့်ခွန်းကို ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ မီဒီယာတွေအားလုံးကနေပြီးတော့ ဖြတ်တောက်မှုရှိတယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်ဟာ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေ အတွက်ဆိုရင် အင်မတန်မှ ထူးခြားတဲ့အချက် ဖြစ်ပါတယ်။ အဲဒီဖြတ်တောက်ခြင်းသည် ဥပဒေပြုမဏ္ဍိုင်က ပုဂ္ဂိုလ်တစ်ယောက်ကို အုပ်ချုပ်ရေးမဏ္ဍိုင်ကနေပြီး ပြန်ပြီးအပြန်အလှန် ထိန်းကျောင်းတဲ့ လုပ်ငန်းရဲ့ဘောင်ထဲမှာ ၀င်သလား မ၀င်ဘူးလားဆိုတာကို သိချင်ပါတယ်။ တဆက်တည်းမှာပဲ အဲသလို လွတ်လပ်စွာပြောဆိုခွင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတစ်ယောက်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ တဆက်တည်း ကျွန်တော်တို့လို စာနယ်ဇင်း သမားတွေရဲ့ လွတ်လပ်စွာရေးသားခွင့်တွေကို စိစစ်ဖြတ်တောက်တယ်ဆိုတာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြည်သူ့ရပိုင်ခွင့်တွေထဲက လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာ ရေးသားခွင့် ဆိုတဲ့ဟာကို ကန့်သတ်ရာရောက်ပါသလား။  တနည်းပြောလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုရှိသလား မရှိဘူးလား ဆိုတဲ့အချက်ကလေးကို ကျွန်တော်သိချင်ပါတယ်''ဟု ဦးဖေမြင့်၏ မေးမြန်းချက်အပေါ် ဥက္ကဋ္ဌ သူရဦးရွှေမန်းက '' ဒီအဖြေကို အတွေ့အကြုံရှိတဲ့ ဥာဏ်ပညာအမြော်အမြင်ရှိတဲ့ ကျွန်တော်တို့ မီဒီယာတွေက ရင်ထဲမှာ အဖြေရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်နှုတ်ကတော့ သီးခြားဖြေစရာ မလိုဘူးလို့ဘဲ ထင်ပါတယ်ခင်ဗျာ'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များကဆွေးနွေးခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ်ဆွေးနွေးတင်ပြခဲ့ပြီး မီဒီယာများမှ သိလိုသည်များ မေးမြန်းခြင်းနှင့် ဖြေကြား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
EMG
လစာတိုးရန်ပြောသည့်ကိစ္စသည် ပါတီအတွက် မဲဆွယ်ခြင်း မဟုတ်ကြောင်း သူရဦးရွှေမန်းပြောကြား လစာတိုးရန်ပြောသည့်ကိစ္စသည် ပါတီအတွက် မဲဆွယ်ခြင်း မဟုတ်ကြောင်း သူရဦးရွှေမန်းပြောကြား Reviewed by သစ်ထူးလွင် on 19:06 Rating: 5

8 comments:

Bino said...

Don't be afraid to ask him some questions which you want.
BINO

thanhtayaung said...

အင်းလေ..ဘာပဲပြောပြော ဦးသူရရွှေမန်း လိုလူဟာအရမ်းထက်မြတ်တဲ့သူတစ်ယောက်ပါ...သူဘာကောင်းတာတွေမကောင်းးတာတွေလုပ်ခဲ့တယ်ဆိုတာမသိပေမယ့်...သူသာမြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသားတွေအပေါ်ကို စေတနာအပြည့်အ၀ထားမယ်ဆိုရင်တော့ သူ့လိုလူမျိုးကိုအဆုံးရှုံးမခံသင့်တာတော့အမှန်ပဲ

Fighting Peacock said...

- We respect your sincere concern for the public.
- We need such a brave, honest & righteous person in the process of transforming to the democracy.
- We hope you would not stick to the specific party and cooperate with others whenever come to public benefit.
- We expect you to become one of our true heroes who dedicate themselves for the public.
- We welcome strong cooperation of The Lady Daw Su, the president U Thein Sein and Thura U Shwe Man to overcome all difficulties during transforming to the democracy.

မောင် said...

ကျွန်တော်တို့ရဲ့ ရွှေမန်းတလေးက တရုတ်မြို့လိုဖြစ်လာလို့..
ထို့ကြောင့် ရွှေမန်း=ချင့်ယုံ

မောင်မောင် Comment said...

မေရယ်... အထင်တော့မလွဲလိုက်နဲ့ကွယ်

ရာရာ said...

မဲဆွယ်တာမဟုတ်ဘူးဆို ဘာဖြစ်လို့ရွေးကောက်ပွဲနီးမှ ထလုပ်တာပါလိမ့်..
မေးကြည့်တာပါ...'' ဒီအဖြေကို အတွေ့အကြုံရှိတဲ့ ဥာဏ်ပညာအမြော်အမြင်ရှိတဲ့ ကျွန်တော်တို့ မီဒီယာတွေက ရင်ထဲမှာ အဖြေရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်နှုတ်ကတော့ သီးခြားဖြေစရာ မလိုဘူးလို့ဘဲ ထင်ပါတယ်ခင်ဗျာ'' ဆိုပြီးများဖြေဦးမလားမသိဘူး....

martali said...

ဆိုပါစို့ ၀န်ထမ်း (၂)သန်းရဲ့ လစာ အကြမ်းဖျင်း ကျပ် (၂၀၀၀ ) ဘီလီယံ ရှိတဲ့အချိန်မှာ ဘတ်ဂျက်လိုငွေက ဂျီဒီပီရဲ့ ၄.၉% ၇ှိတယ်။ ဂျီဒီပီတန်ဖိုး ၅၁ ထရီလီယံ ရှိချိန်မှာ နိုင်ငံအတွင်းအစိုးရများရဲ့ သုံးငွေဟာ ရငွေ အောက် (-)၂၅၁၇ ဘီလီယံ လျော့နေတယ်။ လစာပေါင်း (၁၀)ဆတိုးလို့ ၂၀၀၀၀ ဘီဘီယံသုံးရမယ်ဆိုရင် (-) ၄၃၁၇ ဘီလီယံလျော့မှာဖြစ်တယ်။ ဘတ်ဂျက်လိုငွေက ဂျီဒီပီရဲ့ ၉% နီးပါးဖြစ်သွားမယ်။ ငွေဖောင်းပွနှုန်း အခု ၄% မှ ၆% လောက်ကနေ ၁၀% ၀န်းကျင်ဖြစ်သွားရင် အရင် ၂၅၀ ကျပ်ပေးရတဲ့ လက်ဘက်ရည်တစ်ခွက်ကို ၅၀၀ ကျပ်လောက်ပေးရသွားမယ်။ ဆန်ညံ့တစ်ပြည်(၂၀၀၀)ကျပ်ဖြစ်သွားမယ်။ဝန်ထမ်းတွေကလစာတိုးတယ်ထားပါ။ သူ့အမျိုးအပါအ၀င် (၈)သန်းလောက်ဘာမှမဖြစ်သေးဘူးပဲထားပါ။ ကျန်တဲ့ လူ သန်း(၅၀) အတွက် ဘယ်လိုရှင်းကြမလဲ ပညာရှင်ကြီးများပြောကြပါ။ ပရော့ဂျက်ဆိုတာ ရင်းနှီးမြှုပ်နှံတာ နောက်ပြီး အလုပ်အကိုင်တွေ ဖော်ပေးတာ အားလုံးသိကြပြီးသားပါ။ မလုပ်သင့်တာဆိုလည်း တင်ကတည်းက ၀ိုင်းကန့်ကွက်လို့ရပါတယ်။ တိုးမယ်ဆိုလည်း တွက်ချက်ပြီးမှ တိုးပေါ့။မတိုးပဲ ၀န်ထမ်းများ အခုအခက်အခဲတွေ့နေရတဲ့ မီးဘိုး ရေဘိုး ကားခ တီဗီဘိုး ကျန်းမာရေးဘိုး အဲဒါတွေ ဖရီးပေးလိုက်ပါလား။ နေ့လည်စာကျွေးလိုက်ပါလား။ တကယ်တိုးသင့်တဲ့အောက်ခြေ၀န်ထမ်းကိုပဲ (ဥပမာ မူလတန်းဆရာမ ၈၀၀၀၀ ကျပ်) တိုးပေးပါလား။ အဲဒီလို ရေရှည်စဉ်းစားလုပ်ရမှာကို အခုလို ချက်ခြင်းလုပ်ပါပြောသူနဲ့ ဟုတ်ပါတယ် မှန်ပါတယ် ပြောကြသူများ ဘာသဘောထားတွေလဲဗျာ။
အရင်ကတည်းက လစာ အဆက်ဆက်တိုးလာတာ ဒီ ဘီ အန် စီ ကြီး က ပျောက်သွားလို့လား။ အမှန်လုပ်ရမှာ လွတ်လပ်တဲ့အဖွဲ့နဲ့ ဘက်မလိုက်တဲ့ မီဒီယာများက ၀ိုင်းထိန်းရမှာပါ။ သူများတွေလုပ်နေကြတာလည်း အတုယူစရာအများကြီးပါ။ကြည့်လုပ်ကြပါဦးဗျာ။
http://en.wikipedia.org/wiki/Malaysian_Anti-Corruption_Commission
http://en.wikipedia.org/wiki/Sierra_Leone_Anti-corruption_Commission

tharzaw said...

စစ်ဝတ်စုံချွတ်ပြီး အရပ်ဝတ်စုံဝတ်လာကြတဲ့
သမ္မတကြီးအစ ဦးစီးအရာရှိအဆုံး စစ်ပင်စင်ရော၊
လက်ရှိလစာပါ စားနေကြတဲ့ နှစ်သီးစားတွေကို
တစ်သီးပဲစားခိုင်းလိုက်လျင်ကို
လစာတိုးပေးရေးကိစ္စ အတော်အထောက်အကူဖြစ်မှာပဲ။

Powered by Blogger.