ဗိဿနိုး၊ သရေခေတ္တရာအပါအ၀င် ရှေးဟောင်းမြို့တော်များအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးဆောင်ရွက်နေ



ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်
မြန်မာနိုင်ငံ၌ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာရှိသော်လည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း မရှိသေးကြောင်း၊ ယင်းကြောင့် ဗိဿနိုး၊ သရေခေတ္တရာအပါအ၀င် ရှေးဟောင်းမြို့တော်များအား ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် မှတ်တမ်းတင်ခံရရေး ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရှိရသည်။
''မြန်မာနိုင်ငံမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ အများကြီးရှိတယ်။ ပုဂံ၊ ပင်းယ၊ အင်းဝ စသဖြင့်ပေါ့ ရှေးဟောင်းနယ်မြေတွေ ရှိတယ်။ ရှေးဟောင်းအဆောက်အအုံတွေ အရင်တုန်းကတည်းက သဘာဝအလျောက်ရှိနေခဲ့တဲ့ အမွေအနှစ်တွေ ဖြစ်တဲ့ အင်းလေးကန်လိုမျိုး ဒေသတွေ ရှိတယ်။ ဒါပေမဲ့ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်သတ်မှတ်ခံရတာ တစ်ခုမှမရှိသေးဘူး။ အဲဒီအတွက် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်နေတာဖြစ်ပါတယ်'' ဟုလည်း ရှေး ဟောင်းသုတေသနအမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အလားတူ အာဆီယံဒေသတွင်းနိုင်ငံများ၌မူ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်အဖြစ် ထိန်းသိမ်းထားရှိခြင်းကိုလည်း''အာဆီယံဒေသတွင်း နိုင်ငံတွေမှာကြည့်ရင် နိုင်ငံတိုင်းလိုလိုမှာ ကမ္ဘာ့စာရင်းဝင်အမွေအနှစ်တွေ ရှိတယ်ဆိုပြီး သတ်မှတ်ကြတယ်။ မြန်မာနိုင်ငံတစ်ခုပဲ မရှိသေးတာ။ တကယ်ဆိုရင် မြန်မာနိုင်ငံမှာ ရှေးဟောင်းအမွေအနှစ်တွေ အများကြီးပဲလေ။ ဒါကြောင့် ဗိဿနိုး၊ သရေ ခေတ္တရာစတဲ့ မြို့ဟောင်းတွေနဲ့ အင်းလေးကန်ဒေသတွေကို ကမ္ဘာ့စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ ဆောင်ရွက် နေပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ပါ သည်။

ကမ္ဘာ့စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးအတွက် နိုင်ငံတစ်နိုင်ငံလျှင် တစ်နှစ်အတွင်း နှစ်ခုသတ်မှတ်ခံရနိုင်ကြောင်းလည်း သိရှိရသည်။

''ကမ္ဘာ့စာရင်းဝင်အဖြစ်သတ် မှတ်ခံရဖို့အတွက် တစ်နိုင်ငံက တစ် နှစ်အတွင်း နှစ်ခုသတ်မှတ်ခံရနိုင် တယ်။ တစ်ခုက ရှေးဟောင်း အဆောက်အအုံဖြစ်ရမယ်။ နောက်တစ်ခုက သဘာဝအလျောက်ရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်တွေဖြစ်တယ်။ ဥပမာ-အင်းလေးကန်လိုမျိုးပေါ့။ နောက်ပြီး ရှေးဟောင်းဝတ္ထုပစ္စည်းမဟုတ်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၊ ဘိုးဘွားတွေရဲ့နည်းပညာ၊ အတွေးအခေါ်တွေ၊ ရိုးရာဓလေ့တွေ၊ ပုံပြင်၊ ပါးစပ်ရာဇ၀င်၊ ရုပ်ဝတ္ထုပစ္စည်းတွေ မဟုတ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေလည်း လျောက်ထားလို့ ရပါတယ်။ ကျွန်တော်တို့ဆီမှာ အမွေအနှစ်တွေသာ များနေတယ်။ သတ်မှတ်ခံရတာမရှိသေးဘူးဆိုတာ မဖြစ်သင့်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်'' ဟုလည်း ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။            

EMG
ဗိဿနိုး၊ သရေခေတ္တရာအပါအ၀င် ရှေးဟောင်းမြို့တော်များအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးဆောင်ရွက်နေ ဗိဿနိုး၊ သရေခေတ္တရာအပါအ၀င် ရှေးဟောင်းမြို့တော်များအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးဆောင်ရွက်နေ Reviewed by သစ်ထူးလွင် on 06:32 Rating: 5

1 comment:

Lumite said...

ဒါဆိုရင် ပုဂံက ရှေးဟောင်းယဉ်ကျေးမှု ကမ္ဘာ့စာရင်းဝင် ဖြစ်နိုင်ပါ့ဦးမလား။

Powered by Blogger.