ပဏာမငြိမ်းချမ်းရေးကာလ တိုက်ပွဲများကြောင့် အစိုးရမရိုးသား ဟု ကေအန်ယူ ပြော

Google Images
အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမသဘောတူညီမှု ရပြီးသော်လည်း ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းသည် မြန်မာအစိုးရ၏ မရိုးသားခြင်းကို ဖော်ပြနေကြောင်း ကရင် အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ပြောကြားလိုက်သည်။

“အခုဟာ လက်မှတ်ရေးထိုးတုန်းက အားလုံးအဆင်ပြေခဲ့ပေမယ့် ခုလို အောက်က လူတွေ လုပ်ချင်ရာ လုပ်နေတာတော့ မကောင်းဘူး။ မရိုးသားတဲ့ သဘောတွေ တွေ့ နေရတော့ ဘယ်အပိုင်း မရိုးသားတာလည်းဆိုတာကို ကျွန်တော်တို့ လေ့လာ နေပါ တယ်။”ဟု ဒုဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကပေါ် က YPI သို့ပြောသည်။

မြန်မာအစိုးရနှင့် ကေအန်ယူတို့သည် ယခုလ ၁၂ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး ပဏာမသဘောတူညီမှု အတွက် ဘားအံမြို့၌ လက်မှတ်ရေးထိုးခဲ့သည်။

ယင်းနောက် ရက်ပိုင်းအတွင်းမှာပင် ကရင်ပြည်နယ် တောင်ငူ နှင့် ညောင် လေးပင် အရှေ့ ဘက် တောင်ပေါ် ကရင်ရွာများတွင် အစိုးရတပ်နှင့် ကေအန်ယူ တို့ တိုက် ပွဲငယ်  ၅ကြိမ် ထက် မနည်း ဖြစ်ပွားခဲ့သည် ။

ထို့အပြင် ကရင်ပြည်နယ်ရှိ ၄င်းတို့ ၏ နယ်မြေများသို့ အစိုးရ စစ်တပ်များ ထပ်မံစေလွှတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် စစ်ရေးလမ်းကြောင်း များ ထပ်မံဖောက်လုပ်ခြင်း မပြုသင့်တော့ကြောင်းလည်း ဦးစောဒေးဗစ်သာကပေါ် က ပြောသည်။
အစိုးရတပ်များ ရိက္ခာပို့သည်ကို ကေအန်ယူမှ မတိုက်ပါဟု ပြောခဲ့သော်လည်း အစိုးရဘက်မှ လက်နက်ကြီးနှင့် ပစ်ခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ “သေနတ်နဲ့ခေါင်းကို တည်ပြီး အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးတာ မျိုးတော့ မဖြစ်စေချင်”ကြောင်း ဆက်ပြောသည်။

ထိုကြောင့် ပဏာမသဘောတူညီမှုအပြီး ၄၅ရက်အတွင်း ပြုလုပ်မည်ဟု ကတိက၀တ် ရှိထားသည့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပစ်အခတ်လုံးဝ ရပ်စဲ ရေးကိုသာ ဆက်လက် ဆွေးနွေးသွားမည်ဟု ၄င်းကဆိုသည်။

“ စာချုပ်ချုပ်ပြီးနောက်ပိုင်းမှာကို တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ အစိုးရနဲ့ယုံကြည်မှုကို ထိခိုက်တာတော့ အမှန်ပဲ။ အပစ်အခတ်ရပ်စဲရေးဆိုတာ ခိုင်မာဖို့လိုတဲ့အတွက် အဲဒါ ကိုပဲ ဆွေးနွေးရေးတွေ ဆက်လုပ်သွားမှာပါ  ”ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များသည် အချိန်မရွေး ပြန်လည် ရုပ်သိမ်းနိုင်သည့် အတွက် အစိုးရ၏ သဘောတူညီချက်အပေါ် များစွားစဉ်းစားရမည် ဟု လည်းဆိုသည်။

ယခင် စစ်အစိုးရလက်ထက်က ကရင်နီ(ကယား)လက်နက်ကိုင်တပ်များနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီပြီး  တစ်လအတွင်း ပျက်ပြယ်သွားခဲ့သလို ကချင်လက်နက်ကိုင်တပ် များ နှင့် ၁၇နှစ်တိုင်အောင် တည်တံ့ခဲ့သော အပစ်အခတ်ရပ်စဲရေးမှာ မကြာခင်က ပျက်ပြားခဲ့ရသည် ဥပမာများလည်း ရှိခဲ့သည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း၌ တိုက်ပွဲငယ်များအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများအဖြစ် အစိုးရတပ်များမှ အဓမ္မ စေခိုင်းမှုများလည်း ရှိနေသည်ဟု ၄င်းက စွပ်စွဲပြောကြားသည်။

ကေအန်ယူသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန် ၁၉၄၉မှစ၍ မြန်မာအစိုးရ အဆက်ဆက်ကို နိုင်ငံရေးအရတော်လှန်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ဇန်န၀ါရီ ၃၀၊ ၂၀၁၂ (YPI)
ပဏာမငြိမ်းချမ်းရေးကာလ တိုက်ပွဲများကြောင့် အစိုးရမရိုးသား ဟု ကေအန်ယူ ပြော ပဏာမငြိမ်းချမ်းရေးကာလ တိုက်ပွဲများကြောင့် အစိုးရမရိုးသား ဟု ကေအန်ယူ ပြော Reviewed by သစ်ထူးလွင် on 06:02 Rating: 5

1 comment:

seazinyaw said...

We want peace and live together.

Powered by Blogger.