မြစ်ရေတိုက်စားမှုကြောင့် ပုသိမ်မြို့၊ လောကနန္ဒာဘုရား ရင်ပြင်တော်ပြိုကျမည်ကိုစိုးရိမ်နေရ

ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာ၊ င၀န်မြစ်ကမ်းနံဘေးရှိ လောကနန္ဒာစေတီတော်၊ မြစ်ရေတိုက်စားမှုကြောင့် ဘုရားရင်ပြင်တော်ကမ်းပါးပြိုကျခဲ့သည်မှာ နှစ်လခန့်ကြာပြီဖြစ်သော်လည်း ပြုပြင်ခြင်းမရှိသေးသဖြင့် အခြေအနေ ပိုမိုဆိုးရွားလာလျှက်ရှိသည်။

ပြီးခဲ့သည့်နှစ် နိုဝင်လဘာလ ၂၈ ရက်ညပိုင်းက င၀န်မြစ်ရေတိုက်စားမှုကြောင့် ရင်ပြင်တော်နှစ်ဆင့်ရှိသော လောကနန္ဒာဘုရား၏ အောက်ဘက်ရင်ပြင်တော် အကျယ်ပေ ၂၅၀ ခန့်နှင့် အရှည်ပေ ၄၀ ခန့် ပြိုကျခဲ့သည်။

“စပြိုတုန်းကတော့ (ဘုရားရင်ပြင်တော်) ကွန်ကရစ်တွေ အတုံးလိုက်ကြီးပြိုကျသွားတာ။ အခုနောက်ပိုင်း အဲဒီနေရာက ရေတိုးတော့ အောက်ခြေပါလှိုက်စားပြီး အခေါင်းပေါက်ဖြစ်နေပြီ။ မိုးတွင်းဆိုရင် ဘုရားကိုပါထိခိုက်သွားနိုင်တယ်” ဟု လောကနန္ဒာဘုရားအနီးရှိ ကမ်းနီ နှီးဘုရား ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးတေဇ၀ံသက ကမ်းပါးပြိုသည့်အခြေအနေကိုရှင်းပြသည်။

လောကနန္ဒာစေတီတော်သည် င၀န်မြစ်ကွေ့၊ ရေစီးကြောင်းထိပ်တိုက်တွင်တည်ရှိနေခြင်းကြောင့် ယခင်က ဘုရားကမ်းပါးပြိုမှု ခုနစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။ ၎င်းအချိန်က ပုသိမ်ကြိုးတံတားပြုပြင်ရေး၊ မြစ်ကမ်းပါး ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ပြုပြင်မှုများလုပ်ဆောင်ပေးခဲ့သဖြင့် ပြန်လည်ကောင်းမွန်ခဲ့သည်။ ယခုပြိုကျမှုမှာ ယခင်အကြိမ်များထက် ပျက်စီးမှု ပိုမိုကြီးမားသည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။ 

လောကနန္ဒာစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက “ (၂၀၁၁) ဒီဇင်ဘာ ၁၆ရက် တုန်းကတော့ (ဧရာဝတီတိုင်းဒေသကြီး) ၀န်ကြီးချုပ် လာကြည့်ပြီး အမြန်ဆုံးပြုပြင်ဖို့မှာသွားတယ်။ နောက်ပိုင်းတော့ ဘယ်သူမှ ထပ်လာတာမရှိသလို ပြုပြင်မှုတွေလုပ်တာလည်း မရှိသေးဘူး။ ဘုရားဖူးတွေကိုတော့ အောက်ဘက်ရင်ပြင်ကို မသွားဖို့ ဆိုင်းဘုတ်တွေနဲ့ သတိပေးထားပြီး ကမ်းပြိုတဲ့နေရာကို ၀ါးလုံးတွေနဲ့ ကာထားတယ်” ဟု ပြောသည်။

မြစ်ကမ်းပါးပြိုမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့် ပုသိမ်မြို့ လောကနန္ဒာစေတီ

ကမ်းပါးပြုပြင်မှုများတွက် ကုန်ကျစရိတ်နှင့် အဖြစ်အပျက်များကို နေပြည်တော်သို့တင်ပြရပြီး အထက်အဆင့်မှ အသုံးစရိတ်ချပေးမှသာ ပြုပြင်သင့်သည်များကို ပြုပြင်ရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ တိုးတက်ဖွံ့ဖြိုးရေးဦးစီးဋ္ဌာနမှ အရာရှိတစ်ဦးက ရှင်းပြသည်။

လောကနန္ဒာစေတီတော်သည် ယခင်က ကမ်းနီကျေးရွာ၏ ရွာဦးစေတီအဖြစ် ဘုရားပြို၊ ဘုရားပျက်အနေနှင့်သာတည်ရှိခဲ့ပြီး ပုသိမ်မြို့နှင့် င၀န်မြစ်ကမ်း အနောက်ဘက်ခြမ်းရှိမြို့နယ်မျာသို့ ဆက်သွယ်ရန် ၂၀၀၄ ခုနှစ်က ပုသိမ်ကြိုးတံတားစတင်ဖွင့်လှစ်ခဲ့သည့်နောက်ပိုင်း ဘုရားရင်ပြင်တော်တိုးချဲ့ခြင်း၊ ဘုရားပရ၀ုဏ်အတွင်း စေတီတော်အများအပြားတည်ထားခဲ့ခြင်း၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်ကို ကမ်းနီကျေးရွာတွင်ဖွင့်လှစ်ခဲ့ခြင်းတို့ကြောင့် ပုသိမ်မြို့တွင် ကမ်းနီနှီးဘုရားဟု အထင်ကရ ဘုရားတစ်ဆူဖြစ်လာခဲ့သည်။

ပုသိမ်မြို့တွင် ရွှေမုဋ္ဌောဘုရားပြီးလျှင် ဘုရားဖူး အများဆုံးလာရောက်သော ဘုရားတစ်ဆူလည်းဖြစ်သည်။       ။
ဇန်န၀ါရီ ၃၀၊ ၂၀၁၂ (YPI)
မြစ်ရေတိုက်စားမှုကြောင့် ပုသိမ်မြို့၊ လောကနန္ဒာဘုရား ရင်ပြင်တော်ပြိုကျမည်ကိုစိုးရိမ်နေရ မြစ်ရေတိုက်စားမှုကြောင့် ပုသိမ်မြို့၊ လောကနန္ဒာဘုရား ရင်ပြင်တော်ပြိုကျမည်ကိုစိုးရိမ်နေရ Reviewed by သစ်ထူးလွင် on 05:57 Rating: 5

No comments:

Powered by Blogger.