ဒီကနေ့ ကျရောက်တဲ့ နှစ်သစ်ကို အမေရိကန်သမ္မတဘရက်ခ် အိုဘားမားက မျှော်လင့်ချက်ရှိတဲ့ နှစ်သစ်လို့ ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက် တိုးတက်မှုတွေ ပိုပြီးဆောင်ကျဉ်းလာမယ့် နှစ်သစ်၊ အလုပ်အကိုင်တွေ ပိုဖန်တီးလာနိုင်ပြီး စီးပွားရေးလည်းတိုးတက်လာနိုင်မယ့်နှစ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတအိုဘားမားရဲ့ အပတ်စဉ် စနေနေ့မိန့်ခွန်းထဲမှာ မနေ့ကထည့်သွင်းပြောဆိုခဲ့ပါတယ်။
သူဘာကြောင့်နှစ်သစ်ကို မျှော်လင့်ချက်ရှိရသလဲဆိုတော့ အမေရိကန်ဥပဒေပြုလွှတ်တော်အမတ်တွေက သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေအတွက် မှန်ကန်တဲ့လုပ်ရပ်တွေကို ခရစ္စမတ် မတိုင်ခင်ဆောင်ရွက်ခဲ့ကြ တာကြောင့်လို့ဆိုပါတယ်။ အလုပ်လက်မဲ့တွေအတွက်အကျိုးခံစားခွင့်တွေကိုတိုးချဲ့ ပေးရေးနဲ့ လစာငွေထဲကအခွန်လျှော့ကောက်ရေးကိစ္စတွေကို လွှတ်တော်အမတ်တွေက ကြိုတင်ကာကွယ်ပေးခဲ့ကြပါတယ်။
တရုတ်သမ္မတဟူဂျင်းတောင်ကတော့ သူ့ရဲ့ ပြည်သူတွေအတွက် ကမ္ဘာ့အခြေအနေတွေ မရေရာမသေချာ ဖြစ်နေတဲ့ ကာလမှာ ယုံကြည်ချက် ခိုင်ခိုင်မာမာရှိအောင်ကြိုးစားကြဖို့ နှစ်သစ်ကူးအကြိုမိန့်ခွန်းကို မနေ့ကပြောခဲ့ပါတယ်။  ကမ္ဘာ့ စီးပွားရေးပြန်ကောင်းလာဖို့အခြေအနေတွေက မတည်မငြိမ် ဖြစ်နေတုန်းပဲလို့လည်း ဆိုပါတယ်။ ဘုံတိုးတက်မှုတွေကို မြှင့်တင်သွားဖို့နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ် စောင့်ရှောက်သွားဖို့ တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ တရုတ် သမ္မတ ဟူဂျင်းတောင်က အစိုးရပိုင်မီဒီယာကနေတဆင့် မိန့်ခွန်းပြောခဲ့ပါတယ်။
ဥရောပနိုင်ငံတွေမှာတော့ နိုင်ငံခေါင်းဆောင်တွေက သူတို့နိုင်ငံသားတွေကို စိတ်မသက်မသာဖြစ်စေမယ့် သတင်းစကားတွေ နှစ်သစ်ကူးချိန်ခါမှာ ပြောခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အနာဂတ်ဟာ ၂၀၁၂ခုနှစ်မှာတော့ မတိမ်းမစောင်း ဆက်ပြီးရှိနေမှာပါလို့ ပြင်သစ်သမ္မတ နီကိုလာ ဆာကိုဇီ က ပြောသွားပါတယ်။ လူတော်တော်များများဟာ သူတို့သားသမီးတွေရဲ့ နောင်ရေးကို တွေးပူရင်းနဲ့ နှစ်သစ်ကို စတင်ရတယ်၊ ငွေကြေး အကြပ်အတည်းက ရုန်းထွက်ဖို့ ဥရောပတိုက်အတွက်တော့ စိန်ခေါ်မှုကြီးတရပ် ဖြစ်နေဦးမယ်လို့ သူက ဝန်ခံသွားပါတယ်။
ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် ကလည်း ကုန်လွန်ခဲ့တဲ့နှစ်မှာ ဥရောပဟာ ငွေကြေး အကြပ်အတည်းနဲ့ ရင်ဆိုင် နေခဲ့ရပါတယ်၊ ဒါပေမယ် သူတို့ဒေသမှာ သမိုင်းဝင်အမွေအနှစ်အနေနဲ့ အေးအေးချမ်းချမ်းဆက်ရှိနေခဲ့တယ်လို့ ပြောသွားပါတယ်။ အတိတ်က သင်ခန်းစာကနေ အနာဂတ်အတွက် ပြင်ဆင်လို့ရပါတယ်လို့ ပြောသွားပါတယ်။
ဂရိဝန်ကြီးချုပ် လုကပ်စ် ပါပါဒီမိုစ် ကတော့ လာမယ်နှစ်သစ်ဟာ ခက်ခဲတဲ့ နှစ်တနှစ်ဖြစ်ပါလိမ့်မယ်၊ ပြည်သူတွေ အနေနဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကို လက်ခံဖို့ဆိုပြီး တိုက်တွန်းသွားပါတယ်။ ဂရိအစိုးရဟာ နှစ်သစ်ကူးပွဲတော် အတွက် ငွေသုံးစွဲမှုလျှော့ချပြီး လိုအပ်နေသူတွေအတွက်သုံးစွဲပေးခဲ့ပါတယ်လို့ ပြောပါတယ်။ Russia သမ္မတ ဒီမီထရီ မက်ဗဒတ် နှစ်ဟောင်းနောက်ဆုံး မိန့်ခွန်းထဲမှာတော့ အနာဂတ်အတွက် ပိုပြီးအကောင်းဘက်က ရှုမြင်ထားတာကို တွေ့ရပါတယ်။
ပုပ်ရဟန်းမင်းကြီး Benedict ကတော့ ဆုမွန်ခြွေပြီး နှစ်ဟောင်းကို အဆုံးသတ်ခဲ့ပါတယ်။ နှစ်သစ်အတွက် အနာဂတ်က ပိုပြီး လှပလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။
VOA